All News Health Local News

လှိုင်သာယာနဝဒေးအိမ်ရာတွင် နေထိုင်သော တရုတ်နိုင်ငံသားတစ်ဦးကို ဝူဟန်ဗိုင်းရပ်စသံသယလူနာအဖြစ် သတ်မှတ်၍ ဝေဘာဂီပို့ဆောင်

လှိုင်သာယာနဝဒေးအိမ်ရာတွင် နေထိုင်သော တရုတ်နိုင်ငံသားတစ်ဦးကို ဝူဟန်ဗိုင်းရပ်စသံသယလူနာအဖြစ် သတ်မှတ်၍ ဝေဘာဂီပို့ဆောင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ နဝဒေးအိမ်ရာတွင် နေထိုင်သော တရုတ်နိုင်ငံသားတစ်ဦးကို ဝူဟန်ဗိုင်းရပ်စ်သံသယလူနာ အဖြစ် သတ်မှတ်ပြီး ဆက်လက်စောင့်ကြည့်ရန်အတွက် ဝေဘာဂီဆေးရုံသို့ ပို့ဆောင်သွားမည်ဟု လှိုင်သာယာမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူကပြောဆိုသည်။

“ဟုတ်တယ်။ သံသယရှိတဲ့ လူနာတွေ့ပြီ။ အခု သူတို့ဝေဘာဂီကို လွှဲဖို့လုပ်နေတယ်။ အသက်အရွယ်တွေဘာတွေတော့ ကျွန်တော်တို့လည်း မသိဘူး” ဟု ဦးမြတ်မင်းသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

လှိုင်သာယာမြို့နယ် ဆေးရုံမှ ဆေးရုံအုပ် ဒေါ်သန်းသန်းတင့်ကမူ အဆိုပါ လူနာနှင့် ပတ်သက်၍ မဖြေဆိုလိုကြောင်း ပြောဆိုပြီး ဖုန်းချသွားခဲ့သည်။

တရုတ်နိုင်ငံ၊ ကွမ်ကျိုး(Guaungzhuo)မှ ရန်ကုန်သို့ ဇန်နဝါရီ(၃၁) ရက်နေ့က ဆိုက်ရောက်လာသည့် China Southern လေကြောင်းပေါ်တွင် လိုက်ပါလာသည့် ကိုရိုနာရောဂါပိုး သံသယလူနာ တရုတ်နိုင်ငံသားတွင် ဝူဟန်ဗိုင်းရပ်စ်ပိုး မရှိ၍ ယနေ့ ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

၎င်းနှင့်အတူ စောင့်ကြည့်စစ်ဆေးရန် ခေါ်ဆောင်ထားသော မြန်မာနိုင်ငံသား ၂ဦးကို ယနေ့ ဖေဖော်ဝါရီလ ၃ရက်နေ့တွင် ဆေးရုံက ဆင်းခွင့်ပေးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

“ တရုတ်ပြည်သူ့သမ္မနိုင်ငံသား အမျိုးသားအား သီးခြားခန်းတွင် ဆက်လက်လက်ကုသရန် မလိုအပ်တော့သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီး ၎င်းနှင့် အတူ လေယာဉ်တစ်စီးတည်း အတူလိုက်ပါလာသော မြန်မာနိုင်ငံသား အမျိုးသား ခရီးသည် (၂) ဦးသည်လည်း ကျန်းမာရေးအခြေအနေကောင်းမွန်နေပြီး ရောဂါကူးစက်မှု ရှိ၊ မရှိ စောင့်ကြပ်ကြည့်ရှုမှု (quarantine) ဆက်လက်စောင့်ကြည့်ရန် မလိုအပ်တော့သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်သည်” ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထိုသို့ သံသယ လူနာနှင့် မြန်မာနိုင်ငံသားနှစ်ဦးကို ဆေးရုံမှ ဆင်းခွင့်ပေးလိုက်ခြင်းသည် နှာခေါင်းတို့ဖတ်နမူနာ (Nasopharyngeal Swab) များ ရယူပြီး ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ 2019 Novel Coronavirus ဗိုင်းရပ်(စ်) ရောဂါပိုး မရှိကြောင်း (မရှိကြောင်း) ကို စစ်ဆေးတွေ့ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါ တရုတ်နိုင်ငံသားသည် ကိုယ်ပူချိန်အနည်းငယ်မြင့်မားခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများစစ်ဆေးတွေ့ရှိရသဖြင့် အဆိုပါ ခရီးသည်ကို ဝေဘာဂီအထူးကုဆေးရုံရှိ သီးခြားခန်း (isolation room) သို့ပို့ဆောင်ကာ သံသယလူနာဖြင့် စောင့်ကြည့်ခဲ့ခြင်းဖြစ်သည်။

ထိုလေယာဉ်တွင် လိုက်ပါလာသော ခရီးသည် ၇၀ ကျော်ကို လေယာဉ်ပေါ်မှ ဆင်းလိုမည်ဆိုပါက ဆေးရုံတွင် ၁၄ရက်ကြာ စောင့်ကြည့်ပြီးမှ ပြည်ဝင်ခွင့်ပေးမည်ဟု အစိုးရကပြောဆိုခဲ့ပြီး လေယာဉ်တွင် လိုက်ပါသော ခရီးသည်များ၏ ဆန္ဒအရ တရုတ်နိုင်ငံသို့ ပြန်သွားခဲ့ကြကြောင်း သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင် ညွှန်ချုပ် ဦးဇော်ဌေးကပြောဆိုထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts