Local News political news

လျှပ်စစ်/စွမ်းအင်ဝန်ကြီးဌာနက အကြွေး ကန်ဒေါ်လာ ၃ ဘီလီယံရှိ၊ ငွေဆုံးရှုံးအောင်လုပ်နေသော ဌာနတာဝန်ရှိသူများကို အရေးယူရန် လိုအပ်နေ

လျှပ်စစ်/စွမ်းအင်ဝန်ကြီးဌာနက အကြွေး ကန်ဒေါ်လာ ၃ ဘီလီယံရှိ၊ ငွေဆုံးရှုံးအောင်လုပ်နေသော ဌာနတာဝန်ရှိသူများကို အရေးယူရန် လိုအပ်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ပြည်ပမှ အကြွေးယူထားသည့် ငွေကြေးသည် အမေရိကန်ဒေါ်လာ ၃ ဘီလီယံရှိနေပြီး ယင်းဝန်ကြီးဌာနတွင် ပြည်သူပိုင်ငွေများ ဆုံးရှုံးအောင် လုပ်ဆောင်မှုများရှိနေ၍ ဌာနတာဝန်ရှိသူများကို ထိရောက်စွာ အရေးယူရန် မိုင်းရှုးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းအေးက ပြောဆိုသည်။

ယမန်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက တင်သွင်းသော စာရင်းစစ်ချုပ် အစီရင်ခံစာ အပေါ် သုံးသပ်ချက် အစီရင်ခံစာနှင့်ပတ်သက်၍ ဆွေးနွေးစဉ် ၎င်းက အထက်ပါအတိုင်းပြောဆိုသွားခြင်းဖြစ်သည်။

“လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနဟာ ပြည်ပချေးငွေကို အများဆုံးထုတ် အသုံးပြုတဲ့ ဝန်ကြီးဌာနတစ်ခု ဖြစ်ကြောင်း တွေ့ရပါတယ်။ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ စာရင်းအရ ဝန်ကြီးဌာနအနေနဲ့ ပေးဆပ်ရန် ကျန်ငွေ အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ဖြစ်ကြောင်း ဖော်ပြထားတာ တွေ့ရှိရပါတယ်” ဟု စိုင်းထွန်းအေးက ပြောဆိုသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတော်ပိုင် ငွေများ ဆုံးရှုံးစေရန် လုပ်ဆောင်မှုများရှိနေကြောင်း ၎င်းက ထောက်ပြသည်။

“ထားဝယ်ခရိုင်အတွင်းရှိ သဘာဝဓာတ်ငွေနဲ့ စွန့်ပစ် အပူသုံး ၁၂ မဂ္ဂါဝပ် ကန်ပေါက် ဓာတ်အားပေးစက်ရုံအကြောင်းဖြစ်ပါတယ်။ စက်ရုံက အသုံးပြုတဲ့ ဓာတ်ငွေ့ဖိုးတွေကို လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး(EPGE) က တင်ဒါအောင်မြင်ခဲ့တဲ့ Global Grand Services ကုမ္ပဏီကိုယ်စား ကြိုတင်စိုက်ထုတ်ပေးချတာကို တွေ့ရပါတယ်” ဟု ၎င်းက ဆိုသည်။

ထိုသို့ ဓာတ်ငွေ့ဖိုးများ EPGE က စိုက်ထုတ်ပေးထားမှုကို ကုမ္ပဏီက ပြန်လည်ပေးဆပ်ချိန်တွင် ငွေကြေး လဲလှယ်နှုန်းထားကြောင့် နိုင်ငံ့ဘဏ္ဍာ ငွေ ဆုံးရှုံးမှု များရှိကြောင်း၊ ကုမ္ပဏီထံမှ EPGE က ပြန်လည်ရရှိငွေ ရရှိချိန်တွင် အမေရိကန်ဒေါ်လာ ၅ သိန်း ၁ သောင်း၊ မြန်မာကျပ်ငွေ သိန်းပေါင်း ၇၅၀၀ လျှော့နည်း သွားကြောင်း၊ ထိုသို့ နိုင်ငံ့ဘဏ္ဍာ ဆုံးရှုံးနစ်နာရမှုများအတွက် ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ ခွင့်ပြုချက် မယူသော ဌာနဆိုင်ရာ ဝန်ထမ်းများကို ထိရောက်စွာ အရေးယူရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

တာပိန် ၁ နှင့် ချီဖွေငယ် ရေအားလျှပ်စစ်စီမံကိန်းတို့မှ နိုင်ငံတော်က ရရှိမည့် Free Share ၁၅ ရာခိုင်နှုန်း အမြတ်ဝေစု ခွဲေ၀ မရရှိသေးကြောင်း၊ နိုင်ငံတော်အတွက် ဆုံးရှုံးနစ်နာနေကြောင်း ၎င်းက ပြောဆိုသည်။

ဓာတ်ပုံ- နေပြည်တော်တွင် ကျင်းပနေသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အစည်းအဝေး တစ်ခု။ Photo Credit – MOEE

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts