China Watch Local News political news

လက်ပံတောင်းကြေးနီစီမံကိန်းတွင် တရုတ်မှ ပြန်လာသည့် တရုတ်နိုင်ငံသား ဒုမန်နေဂျာကို ကျန်းမာရေးမစစ်ဆေးဘဲ လက်ခံ၍ မြန်မာအလုပ်သမား ၁၀၀၀ ကျော် အလုပ်မဆင်းတော့

လက်ပံတောင်းကြေးနီစီမံကိန်းတွင် တရုတ်မှ ပြန်လာသည့် တရုတ်နိုင်ငံသား ဒုမန်နေဂျာကို ကျန်းမာရေးမစစ်ဆေးဘဲ လက်ခံ၍ မြန်မာအလုပ်သမား ၁၀၀၀ ကျော် အလုပ်မဆင်းတော့

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ဝမ်ပေါင်ကုမ္ပဏီက လုပ်ကိုင်လျက်ရှိသော လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင် တရုတ်ပြည်မှ ယမန်နေ့က ပြန်ဝင်လာသည့် တရုတ်နိုင်ငံသား ဒုမန်နေဂျာကို လုပ်ငန်းခွင်ထဲသို့ အဝင်ခံပြီး လက်ခံလိုက်သဖြင့် မြန်မာအလုပ်သမား ၁၀၀၀ ကျော် အလုပ်မဆင်းတော့ကြောင်း အလုပ်သမားများထံ ဆက်သွယ်မေးမြန်းချက်အရ သိရှိရသည်။

တရုတ်နိုင်ငံတွင် ဝူဟန်ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှုကြောင့် လူပေါင်း ၂၅၉ ဦးသေဆုံးပြီး ၁၂၀၀၀ နီးပါး ရောဂါကူးစက်ခံနေရချိန်တွင် တရုတ်ပြည်မှ ယမန်နေ့မှ ဝင်လာသည့် တရုတ်နိုင်ငံသား ဒုမန်နေဂျာကို ကုမ္ပဏီဘက်က လက်ခံလိုက်၍ မြန်မာအလုပ်သမားများက ပိုးကူးစက်ခံရမည်ကို စိုးရိမ်ကြ ကြောင်း ၊ ကုမ္ပဏီဘက်သို့ ပြန်လည်ဝင်ရောက် လာသည့် တရုတ်နိုင်ငံသားကို လက်မခံရန် ပြောဆိုသော်လည်း လက်ခံခဲ့၍ အလုပ်သမား ၁၀၀၀ ကျော် က အလုပ်မဆင်းတော့ဘဲ နေကြခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအနေဖြင့် စီမံကိန်းများသို့ တရုတ်ဘက်မှ ပြန်ဝင်လာနေသည့် တရုတ်နိုင်ငံသားများနှင့်ပတ်သက်၍ သေချာစွာ ကျန်းမာရေး စစ်ဆေးခြင်း၊ စောင့်ကြည့်ခြင်းများ မရှိကြောင်း အလုပ်သမားများက ဆိုကြသည်။

“ကျမသိတာက မနေ့က ဝမ်ပေါင် စီနိုဝမ်း ဆိုက်က တရုတ်နိုင်ငံသား ဒုမန်နေဂျာ ပြန်လာတယ်။ တရုတ်ကနေ။ ဒီလောက် ရောဂါတွေ အရမ်းဖြစ်နေတဲ့အချိန်မှာ တရုတ်နိုင်ငံသားတွေ အဝင်မခံသင့်တော့ဘူးလို့ နယ်/လုံဝန်ကြီးကို ကျမ ဖုန်းဆက်တယ်။ နယ်/လုံဝန်ကြီးက လက်မခံလို့တော့မရဘူး။ ကျနေ်ာတို့ စောင့်ကြည့်လို့ပဲရမယ်လို့ပြောတယ်။ အဲဒါနဲ့ အဲဒီတရုတ်နိုင်ငံသားကို မုံရွာဆေးရုံကြီး တစ်ခါတည်းခေါ်သွားတယ်။ သူက ဆေးစစ်ဖို့ မလိုက်ဘူးလုပ်တယ်။ ဆေးရုံရောက်တော့လည်း စကားပြန်မရှိတော့ အဆင်မပြေဘူး။ အဲဒါနဲ့ အဲဒီ တရုတ်နိုင်ငံသား မန္တလေးဘက် ဆင်းမယ်ဆိုပြီး ပြန်သွားပြီးတော့ ညဘက်ပိုင်းမှာ သူ့လုပ်ငန်းခွင် စီနိုဝမ်းထဲ ပြန်ဝင်သွားတယ်။ နောက်ပိုင်း ဆက်ဖြစ်တာတွေတော့ ကျမ သေချာမသိတော့ဘူး။ အလုပ်သမားတွေက ကျမကို ဖုန်းဆက်ကြတော့ ကျမနယ်/လုံဝန်ကြီးကို ထပ်ဆက်တယ်။ သူက ကျမတို့က လွန်လွန်းတယ်ဆိုတာမျိုးပြောတယ်။ ကျမတို့ ကို အပြစ်တင်သလိုဖြစ်နေတာ။ ကျမမဲဆန္ဒနယ်က သူတွေက စိုးရိမ်ကြတာလေ။ တကယ်တော့ လူထုကို စိုးရိမ်အောင်လုပ်တာ တရုတ်ကုမ္မဏီနဲ့ သူတို့လူတွေလေ။ ရောဂါဖြစ်နေတဲ့အချိန်မှာ ခဏလေး ငြိမ်ပေးထားရင် ဒီလိုဖြစ်စရာမရှိဘူး။ ကျမမဲဆန္ဒနယ်က လူတွေက စိုးရိမ်ကြတာ။ အဲဒါနဲ့ ကျမ မနေ့က ဝန်ကြီးချုပ်ဆီကို ဝန်ထမ်းတွေကို အလုပ်ခဏ နားပေးဖို့ ညှိနှိုင်းပေးဖို့ စာတင်ထားခဲ့တယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီက ပြောသည်။

ဝမ်ပေါင်ကုမ္ပဏီ စီနိုဝမ်း ဆိုက်မှ အလုပ်သမားတစ်ဦးကမူ ယမန်နေ့က တရုတ်ပြန်ဝင်လာသည့် တရုတ်နိုင်ငံသား ဒုမန်နေဂျာထံတွင် ဝူဟန်ဗိုင်းရပ်စ်ပိုး ပါလာမည်ကို အလုပ်သမားများက စိုးရိမ်နေကြကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအနေဖြင့် တရုတ်ပြည်မှ ပြန်ဝင်လာသည့် တရုတ်နိုင်ငံသားများကို ကျန်းမာရေးစစ်ဆေးခြင်း၊ သီးခြားခွဲခြား၍ စောင့်ကြည့်ခြင်းများ လုပ်ဆောင်မှု မရှိ၍ စိုးရိမ်မိသည်ဟု ဆိုသည်။

“ကျနေ်ာတို့ စိုးရိမ်တာက ဒီတရုတ်နိုင်ငံသားတွေကို အဝင်မခံပါနဲ့။ ဒီလောက်ကြီး အုတ်အော်သောင်းနင်းဖြစ်နေတာကို လက်မခံပါနဲ့တော့။ လက်ခံမယ်ဆိုရင်သေချာ ဆေးစစ်၊ သီးခြားခွဲထား၊ စောင့်ကြည့်၊ စိတ်ချရမှ လုပ်ငန်းခွင်ဝင်ခိုင်း။ ဒီလိုဖြစ်စေချင်တာ။ အခုက အကုန်လက်ခံနေတော့ ရောဂါဖြစ်လာရင် ဘယ်သူက တာဝန်ယူမှာလဲ။ အကုန်သေကုန်မှာ။ အခုက အလုပ်သမားတွေက အလုပ်မဆင်းကြတော့ဘူး။ ဘယ်တော့ အလုပ်ပြန်တက်မလဲဆိုတာလည်း မသိဘူး။ ရောဂါဖြစ်မှာတော့ အားလုံးက စိုးရိမ်ကြတယ်။ မနေ့ညကတည်းက အလုပ်သမားတွေ အကုန် အလုပ်က နားပြီး ပြန်ကုန်ကြတာ။ ဒီမနက်လည်း မဆင်းကြဘူး။ ၁၀၀၀ ကျော်ရှိပါတယ်” ဟု အလုပ်သမားတစ်ဦးက ဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရနှင့် ဝမ်ပေါင်ကုမ္ပဏီထံ အဆိုပါ အခြေအနေများနှင့်ပတ်သက်၍ မေးမြန်းရန် ဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိပေ။

Photo Credit – Nay La

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com