All News Local News Peace

မြို့နယ် ၄ ခုတွင် AA နှင့်တပ်မတော်တိုက်ပွဲပြင်းထန်၊ ဂျက်လေယာဉ်၊ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်ဟုဆို

မြို့နယ် ၄ ခုတွင် AA နှင့်တပ်မတော်တိုက်ပွဲပြင်းထန်၊ ဂျက်လေယာဉ်၊ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

ကျောက်တော်၊ ပလက်ဝ၊ မင်းပြားနှင့် ဘူးသီးတောင်မြို့နယ်များတွင် ရခိုင်တပ်မတော် AA နှင့် တပ်မတော်တို့အကြား တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားလျက်ရှိပြီး တပ်မတော်က ရဟတ်ယာဉ် ၄ စီး၊ တိုက်လေယာဉ် ၂ စီးဖြင့် တိုက်ခိုက်ကြောင်း AA က သတင်းထုတ်ပြန်သည်။

ပလက်ဝမြို့နယ်၊ မီးချောင်းတံတားအနီး မြန်မာ့တပ်မတော်၏လက်နက်ကြီးပစ်ကူပေးနေသောအမြောက်စခန်း(ဗျူဟာကုန်း) တစ်ခုအနီး၌ ဖေဖော်ဝါရီလ(၅) ရက်မှ စတင်၍တိုက်ပွဲဖြစ်ပွားနေခဲ့သည်မှာ ယနေ့ဖေဖော်ဝါရီလ(၁၀) ရက်နေ့ဆိုလျှင် ရက်ဆက်တိုက်ပွဲ” ငါးရက်မြောက်နေ့” သို့ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း၊ တပြိုင်နက်တည်းတွင် နှစ်ဖက်အပြန်အလှန်ထိုးစစ်များနှင့်အတူ တိုက်ပွဲအရှိန်မှာလည်းဆက်လက်မြင့်တက်နေခဲ့ ကြောင်း သိရှိရသည်။

ပလက်ဝတွင် တပ်မတော်က ဗျူဟာကုန်းပတ်ဝန်းကျင်အား ဂျက်တိုက်လေယာဉ်(၂) စီး၊ရဟတ်ယာဉ်(၄) စီးဖြင့် ရှေ့ဆင့်နောက်ဆင့်(တပြိုင်နက်တည်း)လာရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ဂျက်တိုက်လေယာဉ်(၂) စီးဖြင့် ဖေဖော်ဝါရီလ(၁၀) ရက်၊ နေ့လယ်(၂) နာရီမှစတင်ပြီး တစ်စီးလျှင်(၂၅) မိနစ်ခန့်စီ စုစုပေါင်း(၂) နာရီကျော်ကြာလာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့အတူရဟတ်ယာဉ်(၄) စီးဖြင့်လည်း တပြိုင်နက်တည်းလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၊ပလက်ဝမြို့နယ်၊ နှုံးဘူးရွာ(အောက်) အနောက်ဖက်တောင်ကြောရှိ ခမရ(၂၁၄) နှင့် ခမရ(၂၁၈) ပူးပေါင်းစစ်ကြောင်းနှင့် မိမိတို့သည်မိနစ်(၂၀) ခန့်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း AA၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘူးသီးတောင်မြို့နယ်၊ နွားရုံတောင်ရွာ နှင့် ကွမ်းတောင်ကျေးရွာအကြားရှိ မိမိတို့တပ်ဖွဲ့ဝင်များအား လက်နက်ကြီးပစ်ကူ၊ ရဟတ်ယာဉ်ပစ်ကူများအပါအဝင်တပ်မ(၂၂) က ယမန်နေ့ နံနက်(၉) နာရီ(၅၀) မိနစ်ခန့်မှစတင်ပြီးထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် တိုက်ပွဲများပြင်းထန်ခဲ့ကြောင်း နေ့လည်(၁) နာရီခန့်တွင် ရန်သူသည်ရဟတ်ယာဉ်(၂) စီးဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း AA က ဆိုသည်။

တပ်မတော်၏ သတင်းထုတ်ပြန်မှု တစ်ရပ်တွင်မူ ဘူးသီးတောင်သိန်းတန်ကျေးရွာ အရှေ့ဘက် မီတာ ၅၀၀၀ခန့်အကွာရှိ စိုင်ဒင်ချောင်း၏ အရှေ့ဘက် ကွမ်းတောင်ကျေးရွာနှင့် စပါးထားကျေးရွာကြားတွင် AA အဖွဲ့ နှင့် တပ်မတာ်တို့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ နေရာ ၃ နေရာ၌ ထိတွေ့မှုများ ဖြစ်ပွားခဲ့ကြောင်း၊ ထိတွေ့မှု ဖြစ်စဉ်များတွင် AAက အင်အားများ သောကြောင့် တပ်မတော်စစ်ကြောင်းများက လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် စနစ်တကျ ဟန်ချက်ညီ တိုက်ခိုက်ချေမှုန်းခဲ့ရာ AA တပ်ဖွဲ့များ အထိနာကာ ၎င်းတို့ထံမှ အလောင်း၊ လက်နက်အချို့ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ် တွင် AA ခေါင်းဆောင်အချို့ ပါဝင်သည်ဟု ယူဆရသော အဖွဲ့များသည် စိုင်ဒင်ချောင်းကို လှေဖြင့် ဖြတ်ကူးထွက်ပြေးသည်ကို တွေ့မြင်ရသဖြင့် ပစ်ခတ်ချေမှုန်းခဲ့ရာ ၎င်းလှေ ပျက်စီးနစ်မြုပ်သွားခဲ့ကြောင်း၊ သိမ်းဆည်းရမိသော AA အလောင်းများအား စနစ်တကျကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့ကြောင်းနှင့် သိမ်းပိုက်ရရှိသည့် နေရာများအား ဆက်လက်၍ အသေးစိတ်စိစစ်ဆောင်ရွက် လျက်ရှိကြောင်း ဖော်ပြထားသည်။

အထိနာနေသော AA အဖွဲ့များကို အကူပေးနိုင်ရန်အတွက် ထိတွေ့မှုများဖြစ်ပွားရာ ကွမ်းတောင်ရွာ၏မြောက်ဘက် ဥယျာဉ်တာကျေးရွာအနီး တောင်ကုန်းများသို့ AA အဖွဲ့ဝင်များ ထပ်မံရောက်ရှိလာသဖြင့် ဟန့်တားထိန်းချုပ်ကာ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် ထိရောက်စွာ ဟန်ချက်ညီ ပစ်ခတ်ချေမှုန်းလျက် ရှိကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျောက်တော်မြို့နယ်၊ တင်းမရွာအနီးရှိမိမိတို့တပ်ဖွဲ့ဝင်များရှိရာတောင်ကုန်းကို တပ်မတော်က ရဟတ်ယာဉ်(၂) စီးဖြင့် ညနေ(၃)နာရီ(၂၅) တွင် ရော့ကတ်များ၊စက်သေနတ်များဖြင့် (၁၅) မိနစ်ခန့်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ပလက်ဝမြို့နယ်အတွင်းရှိ ခမရ(၂၈၉) တပ်ရင်းဌာနချုပ်နှင့် ကျောက်တော်၊စကခ(၉) ဌာနချုပ်တို့အား ရက္ခိုင့်တပ်တော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာ နေရာ(၇) နေရာတွင် တပ်မတော်ဘက်မှ အထိအခိုက်အကျအဆုံးများရှိခဲ့သကဲ့သို့ AA ဘက်မှလည်း အထိအခိုက်အကျအဆုံးများ ရှိကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရသ့တောင်မြို့နယ်တွင် ဖေဖော်ဝါရီ ၉ ရက်နေ့ ရက်ခုံတိုင်ကျေးရွာ(ဒေသအခေါ် တံခွန်တိုင်)တွင် လူနေထိုင်ခြင်းမရှိသည့် နေအိမ် ၈၀ လုံးအနက်မှ မီးရှို့ခံ ထားရသည့် နေအိမ် ၁၀ လုံးအား တွေ့ရှိရပြီး ကျေးရွာအုပ်ချုပ်ရေးမှူး၏ နေအိမ်ကို ဝင်ရောက်စစ်ဆေးရာ Baigish တံဆိပ်ပါ မှန်ပြောင်း ၁ ခု၊ ၅ ဒသမ ၅၆ ကျည် ၁၀ တောင့်၊ ၇ ဒသမ ၆၂ ကျည် ၁၂ တောင့်၊ ဂေါ်ပြား ၁၂ ချောင်း၊ AA ဘက်တံဆိပ် ၁ စုံနှင့် ၁ ပေ ပတ်လည် AA အလံ ၁ ထည်တို့အား သိမ်းဆည်း ရမိခဲ့ကြောင်း၊ ဆက်စပ်သတင်းဖော်ထုတ်ချက်များအရ ဖေဖော်ဝါရီ ၈ ရက်တွင် AA အဖွဲ့ဝင် အင်အား ၂၅၀ ဦးခန့်သည် တပ်မတော်စစ်ကြောင်းများနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး အကျအရှုံးများ စွာဖြင့် ပြန်လည်ဆုတ်ခွာလာစဉ် ရက်ခုံတိုင်ကျေးရွာသို့ အရောက်၌ ကျေးရွာအတွင်းရှိ နေအိမ်များ အား မီးရှို့ဖျက်ဆီးကာ ဒဏ်ရာရလူနာများအား သယ်ဆောင်၍ ၎င်းကျေးရွာ၏ မြောက်ဘက်သို့ ထွက်ပြေးသွားကြောင်း ၊ အားကစားဝတ်စုံ ဝတ်ဆင်ပြီး ဦးခေါင်းလက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာဖြင့် သေဆုံး နေသော AA အလောင်း ၁ လောင်းအား စစ်ဆေးတွေ့ရှိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

Photo Credit – တပ်မတော်- လေ

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts