All News Local News Peace

ရခိုင်နှင့် ပလက်ဝတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ စောင့်ကြည့် တားမြစ်ပေးရန် AAက ကြေညာချက်ထုတ်

ရခိုင်နှင့် ပလက်ဝတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ စောင့်ကြည့် တားမြစ်ပေးရန် AAက ကြေညာချက်ထုတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

ရခိုင်ပြည်နယ်နှင့် ပလက်ဝဒေသအတွင်း စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ထပ်မံကျူးလွန် နေသည့် အတွက် အမှန်တရားကိုမြတ်နိုးတန်းဖိုးထားသော လူပုဂ္ဂိုလ်များ အဖွဲ့အစည်းများက တပ်မတော်၏ လုပ်ရပ်ကို စောင့်ကြည့်ပေးပြီး တားမြစ်အရေးယူပေးရန် ခေါင်းစဉ်ဖြင့် ရခိုင့်တပ်မတော်(AA)က ယနေ့ ဖေဖော်ဝါရီလ ၁၄ရက်နေ့တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

အဆိုပါကြေညာချက်တွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိသော ရခိုင်နှင့် ပလက်ဝ မြို့နယ် ၅ခုတွင် ဆက်သွယ်ရေးအင်တာနက်လိုင်းများကို NLD အစိုးရက ဒုတိယအကြိမ် ဖြတ်တောက်လိုက်သည့် ၂ဝ၂ဝခုနှစ် ဖေဖော်ဝါရီ ၃ရက်နေ့နောက်ပိုင်းတွင် တပ်မတော်သည် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်မှုများ ပိုမိုလုပ်ဆောင်လာသည်ကို တွေ့ရသည်ဟု AA၏ ကြေညာချက်တွင် ဖော်ပြထားသည်။

“ တပ်မတော်က ရပ်ရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခြင်း၊ ကျေးရွာအချို့နှင့် ကျေးရွာပတ်ဝန်းကျင်ရှိ စပါးပုံများအား မီးရှို့ဖျက်ဆီးခြင်း၊ ရွာသားများပိုင်ဆိုင်သော ကျွဲ၊ နွား၊ တိရိစ္ဆာန်များအား ခိုးယူခြင်း၊ သတ်ဖြတ်ခြင်း၊ ရွာသူရွာသားများမရှိသည့် ကျေးရွာများအတွင်းသို့ ဝင်ရောက်ကာ တန်းဖိုးရှိပစ္စည်းများ ခိုးယူခြင်း၊ ရောင်းချခြင်း၊ ခရီးသွားဒေသခံ ပြည်သူလူထုများအား အကြောင်းပြချက်အမျိုးမျိုးဖြင့် ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း သတ်ဖြတ်ခြင်းတို့ကို ဗြောင်ကျကျ လက်ရဲဇက်ရဲ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ မြန်မာ့တပ်မတော်၏ ရမ်းသန်းပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိထားသူများကိုလည်း ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ကုသရန် သွားလာခွင့် ပိတ်ပင်ထားခြင်းများကြောင့် အချို့လူနာများမှာ သွေးထွက်လွန်၍ အသက်သေဆုံးသွားသည့် ဖြစ်ရပ်များအထိရှိခဲ့သည်” ဟု AA၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထိုသို့ တပ်မတော် ကျူးလွန်သော စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို NLD ဦးဆောင်သည့်အစိုးရအနေဖြင့် နှုတ်ဆိတ်နေကာ အင်တာနက်လိုင်းများ ထပ်မံဖြတ်တောက်ပေးခြင်းကို ရပ်တန့်ရန်နှင့် ထိုသို့ အင်တာနက်လိုင်းများ ဖြတ်တောက်ထားခြင်းသည် စစ်ရာဇဝတ်မှုကျူးလွန်နေမှုများကို အားပေးရာရောက်ပြီး ကြံရာပါဖြစ်နေသည်ဟု ထုတ်ပြန်ချက်တွင်ဆက်လက်ဖော်ပြထားသည်။

ထို့ပြင် တိုက်ပွဲဖြစ်ရာဒေသများအတွင်းသို့ သတင်းမီဒီယာသမားများအား ဝင်ခွင့်မပြုခြင်း၊ Facebook ဆိုရှယ်မီဒီယာကို လက်ဝါးကြီးအုပ် စိုးမိုးခြယ်လှယ်ထားပြီး သတင်းအမှောင်ချပေးနေခြင်း၊ ဆိုရှယ်မီဒီယာပေါ်က သက်သေများနှင့် အမှန်တရားများကို ဖျောက်ဖျက်ပေးနေခြင်း၊ ဖုံးဖိပေးခြင်းများမှာ အစိုးရနှင့် တပ်မတော် ပူးပေါင်းဆောင်ရွက်နေသည်ဟု ယူဆမိကြောင်း ဖော်ပြထားသည်။

တပ်မတော်သည် မြေပြင်စစ်ပွဲများတွင် အထိနားတိုင်း ထိုသို့လုပ်ရပ်များကို တိုင်းရင်းသားဒေသများ၌ လှည့်ပတ်ကျူးလွန်နေသော လုပ်ရိုးလုပ်စဉ်ဖြစ်ရပ်များသာဖြစ်သောကြောင့် မထူးဆန်းသော်လည်း စစ်ရာဇဝတ်မှုရှိခြင်းမရှိခြင်းကို နိုင်ငံတကာတရားရုံးတွင် စစ်ဆေးနေဆဲကာလတွင်ပင် ယခုကဲ့သို့ ထပ်မံကျူးလွန်ခြင်းသည် အံ့သြ ရွံရှာစက်ဆုပ်မိသည်ဟု ထုန်ပြန်ချက်တွင် ဖော်ပြထားသည်။

AA ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနက တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးတို့ကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းကိုင်ဖြေဆိုခြင်းမရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com