Local News Peace political news

ရခိုင်တိုက်ပွဲတွင် တပ်မတော်မှ ဗိုလ်တစ်ဦးကျဆုံး၊ လက်နက်နှင့်စစ်အသုံးအဆောင်ပစ္စည်းများ ဖမ်းမိဟု AA ထုတ်ပြန်ထား

ရခိုင်တိုက်ပွဲတွင် တပ်မတော်မှ ဗိုလ်တစ်ဦးကျဆုံး၊ လက်နက်နှင့်စစ်အသုံးအဆောင်ပစ္စည်းများ ဖမ်းမိဟု AA ထုတ်ပြန်ထား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားလျက်ရှိသော တပ်မတော်မှ ဗိုလ်ဟန်ဇော်လင်းကျဆုံးခဲ့ကြောင်း မိသားစုဝင်များနှင့် မိတ်ဆွေများ၏ လူမှုကွန်ရက်တွင် တင်ထားသော ဝမ်းနည်းကြောင်း ပို့စ်များအရ သိရှိရသည်။

ရခိုင်တိုက်ပွဲများတွင် တပ်မတော်မှ ဗိုလ်ဟန်ဇော်လင်း ကျဆုံးသွားကြောင်း မိသားစုဝင်များ၊ ခင်မင်သော မိတ်ဆွေများက ယမန်နေ့မှစတင်ပြီး လူမှုကွန်ရက်စာမျက်နှာများတွင် ဝမ်းနည်းကြောင်း စာသားများ တင်ထားကြသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာန၏ သီးခြား စုံစမ်းချက်များအရ စစ်တက္ကသိုလ် အပတ်စဉ် ၅၉ ကျောင်းဆင်း ဗိုလ်ဟန်ဇော်လင်းသည် တပ်မ ၅၅ မှ ဖြစ်ပြီး ရခိုင်တွင် တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။ တပ်မတော်ဘက်ကမူ အဆိုပါ သတင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာ အတည်ပြုခြင်း၊ မှတ်ချက် ပေးခြင်းမရှိသည့်အတွက် အတည်ပြုနိုင်ခြင်းမရှိပါ။

မင်းပြားမြို့နယ် ဖားပြိုကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က AA နှင့် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားသော တပ်မတော် တပ်ရင်းမှာ တပ်မ ၅၅၊ ခမရ ၅၀၈ တပ်ရင်း ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ တိုက်ပွဲတွင် AA ဘက်ကလည်း ၂ ဦးကျဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရခိုင်တပ်တော် ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုထားသည်။

ခိုင်သုခက ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မင်းပြားတိုက်ပွဲတွင် တပ်မတော်မှ ခြင်းတောင်း ၃၆ ခြင်း သိမ်းဆည်းရမိပြီး ယင်းတို့ထဲတွင် စစ်အသုံးအဆောင်နှင့် စစ်လက်နက်ပစ္စည်းများ၊ ယူနီဖောင်းများ ပါဝင်ကြောင်း ပြောဆိုပြီး သိမ်းဆည်းရမိသည့် စစ်အသုံးအဆောင်များကို ဓာတ်ပုံများနှင့်တကွ AA က ထုတ်ပြန်သည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးတို့ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဗိုလ်ဟန်ဇော်လင်းကျဆုံးသည့် ကိစ္စ၊ မင်းပြားတိုက်ပွဲတွင် AA က စစ်အသုံးအဆောင်များ ဖမ်းမိသည်ဟုဆိုကာ ဓာတ်ပုံများ ထုတ်ပြန်ထားသည့်ကိစ္စကို မေးမြန်းရန် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ ၂၆ မိနစ်တွင် ဖုန်းဆက်သွယ်၍ မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမပြုဘဲ ဖုန်းချသွားခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts