All News Election Local News

ရက်ပေါင်း ၉ဝဟု နေထိုင်ရုံဖြင့် ရောက်ရှိရာနယ်မြေတွင် မဲပေးခွင့်ရှိဟု ပြောင်းလဲမှု တိုင်းရင်းသားပါတီများ နစ်နာဟု ၁၄ ပါတီ စုပေါင်း ကြေညာ

ရက်ပေါင်း ၉ဝဟု နေထိုင်ရုံဖြင့် ရောက်ရှိရာနယ်မြေတွင် မဲပေးခွင့်ရှိဟု ပြောင်းလဲမှု တိုင်းရင်းသားပါတီများ နစ်နာဟု ၁၄ ပါတီ စုပေါင်း ကြေညာ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ပြည်ထောင်စု ရွေးကောက်ပွဲ နည်းဥပဒေ ၁ဝ တွင်ပါရှိသော ရွှေ့ပြောင်းနေထိုင်သူများ မဲပေးခွင့်ရှိသည့်ကိစ္စနှင့် ပတ်သက်ပြီး အနည်းဆုံးရက်ပေါင်း ၁၈ဝထက်မနည်း ဆိုသည့်စကားရပ်ကို အနည်းဆုံး ရက်ပေါင်း ၉ဝထက်နည်းဆိုသည့် စကားရပ်ဖြင့် အစားထိုးပြင်ဆင်လိုက်ခြင်းသည် တိုင်းရင်းသားပါတီများအတွက် နစ်နာနိုင်ကာ မဲစာရင်းအငြင်းပွားမှုနှင့် ဘက်လိုက်မှုများရှိလာနိုင်ကြောင်း ပါတီ ၁၄ဖွဲ့က ဖေဖော်ဝါရီလ၂၄ရက်တွင် ကြေညာချက်ထုတ်ပြန်လိုက်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရက်ပေါင်း ၉ဝ အဖြစ်ပြောင်းလဲသတ်မှတ်ရန် ပြင်ဆင်ချက်နှင့် ပတ်သက်ပြီး လက်ရှိချိန်တွင် ပြည်သူ့လွှတ်တော်တွင် မဲခွဲအတည်ပြုထားပြီးဖြစ်ပြီး ပြင်ဆင်ချက် အတည်ဖြစ်လာပြီဖြစ်သည်။

“ ရွှေ့ပြောင်းနေထိုင်သူများ/ ပြောင်းရွှေ့လုပ်သားများသည် တိုင်းဒေသကြီးများမှ ပြည်နယ်များသို့ ပြောင်းရွှေ့အလုပ်လုပ်ကိုင်နေသူများ အများစုဖြစ်ကြောင်း တွေ့ရှိရပါသည်။ မဲဆန္ဒနယ်ရှင်အမည် စာရင်းကောက်ယူပြုစုရာတွင် အိမ်ထောင်စုစာရင်း အပေါ်အခြေခံကောက်ယူကြောင်း သိရှိရသည်။ မဲဆန္ဒနယ်၌ အိမ်ထောင်စုစာရင်းမရှိသူများအား မဲစာရင်းတွင်ထည့်သွင်းရန် အဆိုပါ ဒေသတွင်ရက်ပေါင်း ၉ဝကျော် နေထိုင်ကြောင်းကို မည်သည့်အချက်ဖြင့် အခိုင်အမာအတည်ပြုမည် ဆိုသည့် အချက်သည်အလွန်တရာ အငြင်းပွားဖွယ်ဖြစ်လာမည်ဖြစ်ပါသည်” ဟု ကြေညာချက်တွင်ဖော်ပြထားသည်။

ထို့ပြင် နေရာဒေသတစ်ခုတွင် ရက်ပေါင်း ၉ဝ ကျော်နေထိုင်သည်ဆိုရုံမျှဖြင့် အဆိုပါဒေသ၏ ကိုယ်စားလှယ်အား ရွေးချယ်မဲပေးခွင့် ရရှိခြင်းသည် မူရင်းဒေသခံများ၏ ဆန္ဒသဘောထားများအပေါ်များစွာ ထိခိုက်စေမည်ဖြစ်ပြီး အထူးသဖြင့် မူလဒေသခံများ၏ ဆန္ဒကို ဝင်ရောက်စွက်ဖက်နိုင်ခွင့် ပေးလိုက်သကဲ့သို့ ဖြစ်စေကာ မဲစာရင်းပြုစုရာတွင်လည်း အငြင်းပွားဖွယ်ရာများ ဖြစ်လာနိုင်ပြီး လုပ်ပိုင်ခွင့် ရှိသူများအနေဖြင့် ဘက်လိုက်မှုများရှိလာနိုင်သည့်အတွက် ဒေသခံတိုင်းရင်းသားများအတွက် များစွာနစ်နာနိုင်ကြောင်း ထင်ရှားပြီးနည်းဥပဒေများကို ပြင်ဆင်ရာတွင် အများပြည်သူအတွက် ပိုမိုရှင်းလင်းလွယ်ကူစေရန်နှင့်လွတ်လပ်ပြီး တရားမျှတစေရန်သာ ဦးစားပေးပြင်ဆင်သင့်ပြီး တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့ အတွက်အသာစီး ရစေမည့် ပြင်ဆင်ချက်များ မဖြစ်သင့်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

“ မဲဆန္ဒပြင်ပရောက် အခြားမဲဆန္ဒရှင်များအား ရောက်ရှိဒေသတွင် ရက်ပေါင်း၉ဝ ကျော်နေထိုင်ရုံမျှဖြင့် မဲပေးခွင့်ပြုခြင်းသည် လာမည့်် ၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် တရားမျှတမှုအတွက် ပြင်းထန်သောအငြင်းပွားမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ပူပန်ပါသည်။ ပြည်နယ်အချို့ရှိ မြို့နယ်များအတွက် ဒေသခံပြည်သူများ၏ လွတ်လပ်သော သဘောဆန္ဒများအပေါ် ဝင်ရောက်စွက်ဖက်မှုများ ရှိလာနိုင်ခြင်းအတွက် သံသယများဖြစ်ပေါ်စေပါသည်။ တစ်ဖက်တွင် တိုင်းရင်းသားစည်းလုံးရေးကို ကြွေးကြော်နေသကဲ့သို့ လက်တွေ့နယ်ပယ်များတွင်လည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်စေသောကိစ္စများအား သတိထားရှောင်ရှားသင့်ပါကြောင်း ထုတ်ပြန်အပ်ပါသည်” ဟု ဆက်လက်ဖော်ပြထားသည်။

အဆိုပါထုတ်ပြန်ချက်ကို ကချင်အမျိုးသားကွန်ဂရက်ပါတီ၊ ကရင်အမျိုးသားပါတီ၊ ကယန်းအမျိုးသားပါတီ၊ ခူမီးအမျိုးသားပါတီ၊ ဇိုမီးအမျိုးသားပါတီ၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၊ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ၊ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရှမ်းနီသွေးစည်းညီညွတ်ရေးပါတီ၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ မြိုအမျိုးသားဒီမိုကရေစီပါတီတို့က ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Photo Credit – Reuters

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts