All News Local News Peace

ယနေ့ရခိုင်တိုက်ပွဲများတွင် တပ်မတော်ဘက်မှ အနည်းဆုံး ၁၅ ဦးထက်မနည်း ကျဆုံးဟု ခိုင်သုခပြောဆို၊ ယမန်နေ့က တပ်မတော်ရဟတ်ယာဉ်ကို ပစ်ခတ်ခဲ့ဟုဝန်ခံ

ယနေ့ရခိုင်တိုက်ပွဲများတွင် တပ်မတော်ဘက်မှ အနည်းဆုံး ၁၅ ဦးထက်မနည်း ကျဆုံးဟု ခိုင်သုခပြောဆို၊ ယမန်နေ့က တပ်မတော်ရဟတ်ယာဉ်ကို ပစ်ခတ်ခဲ့ဟုဝန်ခံ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်သို့ သွားရောက်ခဲ့သည့် ရခိုင်ဝန်ကြီးချုပ်ဦးညီပုနှင့် ဝန်ကြီးဒေါက်တာဝင်းမြတ်အေး လိုက်ပါသော စစ်ရဟတ်ယာဉ်ကို AA အဖွဲ့က ပစ်ခတ်ခဲ့ကြောင်း ခိုင်သုခက အတည်ပြုပြောဆိုလိုက်ပြီး ယနေ့ တိုက်ပွဲများတွင် တပ်မတော်ဘက်မှ အနည်းဆုံး ၁၅ ဦးထက်မနည်းကျဆုံးသည်ဟု ၎င်းက ပြောဆိုသည်။

ယမန်နေ့နံနက်ပိုင်းက ဘူးသီးတောင်သို့ သွားသော စစ်ရဟတ်ယာဉ်တစ်စီးကို AA က ပစ်ခတ်ခြင်းဖြစ်ကြောင်း ၊ စစ်ရဟတ်ယာဉ်များ အသုံးပြု၍ သွားလာပါက ပစ်ခတ်မည်ဖြစ်ကြောင်း ခိုင်သုခက ပြောဆိုသည်။

ယနေ့ ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲများတွင် တပ်မတော်ဘက်မှ အနည်းဆုံး ၁၅ ဦးထက်မနည်း ကျဆုံးသည်ဟု ခိုင်သုခက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။

” ဖေဖော်ဝါရီလ ၂ဝရက်နေ့မှာ မနက် ၁နာရီမှာ မင်းပြားမြို့နယ် ခေါင်းလောင်းရွာသစ်နဲ့ ခေါင်းလောင်းရွာဟောင်းကြားမှာ မြန်မာစစ်တပ်ဖက်က စစ်ကူသွားနေတဲ့ ကားတစ်စီးကို ကျွန်တော်တို့ ရခိုင်တပ်တော်ကနေပြီးတော့ ဖြတ်တောက်တိုက်ခိုက်ခဲ့တာရှိတယ်။ ထိခိုက်ကျဆုံးမှု အသေးစိတ်ကတော့ လောလောဆယ်တော့ မသိရသေးဘူးဗျ။နောက်ပြီးတော့ ပလက်ဝမြို့နယ် ကုလားတံမြစ်ရဲ့ အနောက်ဖက်တောင်ကြောပေါ့။ မြောင်းရွာရဲ့ အရှေ့မြောက်ဖက် သုံးကီလိုမီတာလောက်အကွာ ပွိုင့် ၈၈၆တောင်ကုန်းမှာ မနက် ၁ဝနာရီကစပြီးတော့မှ တိုက်ပွဲဖြစ်တာရှိတယ်။ အဲဒီမှာ ရန်သူ့ဖက်ကနေပြီးတော့ ထိုးစစ်ဆင်လာတာပေါ့။ အဲတာကိုကျွန်တော်တို့ဖက်ကလည်း တန်ပြန်ထိုးစစ်နဲ့ ချေမှုန်းခဲ့တဲ့အခါမှာ မြန်မာစစ်တပ်ဖက်က ထိခိုက်ကျဆုံးတွေများတာပေါ့။ အနည်းဆုံးတော့ ၁၅ဦးထက်မနည်း ထိခိုက်ကျဆုံးတာရှိတယ်/ မြန်မာစစ်တပ်ဖက်က နောက် ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်။ တိုက်ပွဲကတော့ အခုချိန်ထိ ဆက်လက်ဖြစ်ပွားနေဆဲပဲရှိတယ်” ဟု ၎င်းက ဆိုသည်။

AA နှင့်တပ်မတော်တို့ ရမ်းဗြဲမြို့နယ်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

” ရမ်းဗြဲမြို့နယ် ကျောက်ဆောက်ရွာရဲ့ အရှေ့မြောက်ဖက် ၁ကီလိုမီတာခွဲအကွာမှာ မနက် ၇နာရီ ၄၈မိနစ်မှာ ရန်သူရဲ့ စစ်ကားနှစ်စီးကို ရခိုင်တပ်တော်က ဖြတ်တောက် တိုက်ခိုက်ခဲ့တာရှိတယ်။ အဲဒီမှာ ရန်သူဘက် ၅ဦးထက်မနည်းကျဆုံးတာရှိတယ်။ နောက်ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်။ ရန်သူဖက်က အထိအခိုက်အကျအဆုံးများတဲ့အတွက်ကြောင့်မို့လို့ အနီးအနားကရခိုင်ရွာတွေကို မြန်မာစစ်တပ်ဖက်ကနေပြီး ရမ်းသမ်းပစ်ခတ်တာတွေလုပ်နေတာတွေရှိတယ်” ဟု ၎င်းက ရှင်းပြသည်။

ရန်ကုန်ခေတ်သစ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို AA က ပြောဆိုသည့် တိုက်ပွဲသတင်းများနှင့်ပတ်သက်၍ အသေးစိတ်မေးမြန်းရန် ဆက်သွယ်ရာ ယနေ့ည ၇ နာရီ မိနစ် ၄၀ က ဖုန်းလက်ခံဖြေဆိုခြင်းမပြုဘဲ ဖုန်းချသွားခဲ့သည်။

ဓာတ်ပုံ- AA တပ်ဖွဲ့ဝင်များ။ Photo Credit – AA

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts