All News Local News

မွန်ပြည်နယ်ဝန်ကြီးချုပ်နေအိမ်တွင် တင်ဒါအောင် ကုမ္ပဏီ ရွေးချယ်ခဲ့၊ မွန်ပြည်နယ်အစိုးရ အဂတိလိုက်စားမှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးရန် လိုအပ်နေဟု ဝန်ကြီးဟောင်းပြော

မွန်ပြည်နယ်ဝန်ကြီးချုပ်နေအိမ်တွင် တင်ဒါအောင် ကုမ္ပဏီ ရွေးချယ်ခဲ့၊ မွန်ပြည်နယ်အစိုးရ အဂတိလိုက်စားမှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးရန် လိုအပ်နေဟု ဝန်ကြီးဟောင်းပြော

By RiSE News Agency

မွန်ပြည်နယ် အစိုးရအဖွဲ့သည် တင်ဒါစည်းမျဉ်းစည်းကမ်းချိုးဖောက်မှုများရှိနေပြီး အဂတိလိုက်စားမှုများ နှင့်ပတ်သက်ဆက်နွယ်နေခြင်းရှိမရှိ စုံစမ်းစစ်ဆေးရန်လိုအပ်ကြောင်း မွန်ပြည်နယ် လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီး ဟောင်းဦးမင်းထင်အောင်ဟန် ကတောင်းဆိုလိုက်သည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကကျင်းပသော လွှတ်တော်အစည်းအဝေးတွင် မွန်ပြည်နယ် အစိုးရ အဖွဲ့ ၏ လုပ်ငန်းတင်ဒါခေါ်ယူမှုများ နှင့် ပတ်သက်သောလုပ်ငန်းစဉ်များ၊ရွေးချယ်ရေးမူဝါဒများကိုသိရှိလိုကြောင်း မေးခွန်းမေးမြန်းရာတွင် ဦးမင်းထင်အောင်ဟန်က ယင်းကဲ့သို့ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ဦးမင်းထင်အောင်ဟန် က ၎င်းကိုယ်တိုင်လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သော ကာလတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ၏ နေအိမ်တွင်တင်ဒါအောင် ကုမ္ပဏီတစ်ခုကို ရွေးချယ်ခဲ့ဖူးကြောင်း လည်း ထုတ်ဖော်ပြောဆိုခဲ့သည်။

စီမံကိန်းလုပ်ငန်းတင်ဒါ တစ်ခု ခေါ်ဆိုရာတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်၏ နေအိမ် ၌ တစ်ပတ်ခန့်နီးပါး အမှတ်ပေးရွေးချယ်မှု ပြုလုပ်ခဲ့ရကြောင်း ၎င်းကဆိုသည်။

“တင်ဒါရွေးချယ်ရေးကော်မတီက အမှတ်တွေ ပေးထားတယ်။ပေးထားတဲ့ ဟာကို ဆရာ(ဝန်ကြီးချုပ် ဒေါက်တာအေးဇံ) က အိမ်ခေါ်ပြီးတော့ တင်ဒါအမှတ်ပေးထားတဲ့ စာရွက်တွေ ယူခဲ့ပါ၊ သူကြည့်ချင်တယ် ဆိုတော့ ကျွန်တော်နဲ့ DEနဲ့ သွားပြီးတော့ အမှတ်ပေးထားတဲ့ စာရင်းတွေ အကုန်ပို့ပါတယ်။သူအိမ်မှာ တစ်ပတ်လောက်နေပြီး ရွေးချယ်ပါတယ်” ဟု ၎င်းကဆိုသည်။

ဦးမင်းထင်အောင်ဟန် က ယင်းသို့ထုတ်ဖော်ပြောဆိုခဲ့သော်လည်း စီမံကိန်းလုပ်ငန်းအမည် နှင့် တင်ဒါအောင် ကုမ္ပဏီအမည်ကိုမှု ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။

မွန်ပြည်နယ် အစိုးရအဖွဲ့ တင်ဒါခေါ်ယူမှုများတွင် နိုင်ငံတော်သမ္မတ၏ တင်ဒါစည်းမျဉ်းစည်းကမ်း ၁/၂၀၁၇ လိုက်နာမှု မရှိပဲဆောင်ရွက်နေမှုများရှိကြောင်း ဦးမင်းထင်အောင်ဟန် ဆက်လက်ပြောကြားသည်။

“ မလိုက်နာတာက စည်ပင်ဌာနက အများဆုံးဖြစ်တယ်” ဟု ၎င်းကထောက်ပြပြောဆိုသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ ၏ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနသည် ငွေကျပ်သိန်း ၁၀၀ နှင့် အထက်အသုံးပြုရသော စီမံကိန်းများ ကို တင်ဒါခေါ်ယူခြင်းမရှိဘဲ ဝန်ကြီးဌာန ကိုယ်တိုင် အကောင်အထည်ေ ဖာ်နေသောကြာင့် နိုင်ငံတော်သမ္မတ၏ တင်ဒါစည်းမျဉ်းစည်းကမ်း ၁/၂၀၁၇ ကိုချိုးဖောက်ခြင်းဖြစ်ကြောင်း လည်း လွှတ်တော်ကိုယ်စားလှယ်များ ကဝေဖန်နေကြသည်။

ဒါတွေကို ဘယ်လိုထိန်းကျောင်းရမလဲ ဆိုတော့။ အဂတိကော်မရှင်ကို တင်ပြီးတော့ စစ်ဆေးဖို့သင့်ပါတယ်” ဟု ဦးမင်းထင်အောင်ဟန်က အကြံပြုသည်။

မွန်ပြည်နယ် အစိုးရအနေနှင့် ကျပ်သိန်း ၁၀၀ မှ ကျပ်သိန်း၁၀၀၀ကြားအသုံးပြုရမည့်စီမံကိန်းများကို အိတ်ဖွင့်တင်ဒါခေါ်ယူပြီး သိန်း၁၀၀၀နှင့် အထက်အသုံးပြုရမည့်စီမံကိန်းများ အတွက်ကိုမူ သတင်းစားထဲတွင် ကြောညာထည့်သွင်းကာ တင်ဒါခေါ်ယူနေကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော် က လွှတ်တော်ကိုပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဇွန်အတွင်းကလည်း မွန်ပြည်နယ် ရေးမြို့နယ်ရှိ အောင်သပြေ-နှစ်ကရင်လမ်းကို တင်ဒါမခေါ်ပဲ Southern Myanmar Development Co,Ltd (SMD) ကုမ္ပဏီ လုပ်ပိုင်ခွင့်ပေးခဲ့သောကြောင့် အရပ်ဖက်အဖွဲ့ အစည်းအချို့က မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို အဂိတိလိုက်စားမှု နှင့်ပတ်သက်ဆက်နွယ်ခြင်း ရှိမရှိ စစ်ဆေးပေးရန် အဂိတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ထံတိုင်ကြားခဲ့သည်။

သို့သော်ယင်းတိုင်ကြားမှုမှာ တင်ဒါလုပ်ထုံးလုပ်နည်းများ၊ ငွေရေးကြေးရေးလုပ်ထုံးလုပ်နည်းများနှင့် မညီကြောင်းသာ ပါရှိပြီး နိုင်ငံ့ဘဏ္ဍာငွေ နစ်နာဆုံးရှုံးသွားကြောင်း အရေကြီးသက်သေခံချက်များ မပါရှိသည့် အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် က အရေးယူနိုင်ခြင်းမရှိကြောင်း အကြောင်းပြန်ကြားခဲ့သည်။

မွန်ပြည်နယ် အစိုးရအဖွဲ့ သည် ပြီးခဲ့ ဘဏ္ဍာနှစ်အတွင်း ကျပ်သိန်း ၁၀၀ နှင့် အထက်အသုံးပြုရသည့် စီမံကိန်း ၅ ခုကို တင်ဒါမခေါ်ဘဲ လုပ်ကိုင်ဆောင်ရွက်ခဲ့ကြောင်း မွန်ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်သိန်းသိန်းဦးက ပြောကြားခဲ့ဖူးသည်။

( ဓာတ်ပုံ – RiSE ၊ မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံအခမ်းအနားတစ်ခုတွင် မိန့်ခွန်းပြောကြားနေစဉ်)

(အဆိုပါသတင်းကို RiSE News က တင်ထားခြင်းဖြစ်ပြီး Rise News နှင့် ရန်ကုန်ခေတ်သစ်တို့သည် Content Sharing အတွက် သဘောတူညီထားပါသည်။ RiSE သတင်းများကို http://risemyanmar.com နှင့် https://www.facebook.com/RISE-News-2741985585815921/ တွင်ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com