All News Local News Peace

မြောက်ဦး လူငယ် တစ်ဦး အသတ်ခံရမှု တပ်နှင့် AA အပြန်အလှန်အပြစ်တင်၊ လူမျိုးရေး ပဋိပက္ခ ဖြစ်စေရန် တပ်က လုပ်ဆောင်ဟု ခိုင်သုခ ပြော

မြောက်ဦး လူငယ် တစ်ဦး အသတ်ခံရမှု တပ်နှင့် AA အပြန်အလှန်အပြစ်တင်၊ လူမျိုးရေး ပဋိပက္ခ ဖြစ်စေရန် တပ်က လုပ်ဆောင်ဟု ခိုင်သုခ ပြော

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်ကျေးရွာမှ လူငယ်တစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်ပြီး တပ်မတော်နှင့် AA တို့အကြား အပြန်အလှန်ပြစ်တင်မှုများရှိနေပြီး AAကမူ တပ်မတော်အနေဖြင့် လူမျိုးရေး ပဋိပက္ခဖြစ်စေရန် လုပ်ဆောင်နေသည်ဟု ခိုင်သုခက ပြောဆိုလိုက်သည်။

ယမန်နေ့ညက မြောက်ဦးမြို့နယ် ပေါင်းတုတ်ကျေးရွာမှ လူငယ် ၂ ဦးကို လူ ၄ ဦးက ဝိုင်းဝန်းထိုးကြိတ်၊ ဓားဖြင့်ထိုးခဲ့ပြီး အသက် ၁၈ နှစ်အရွယ် မောင်တင်ဝင်းလှိုင် (ခ) ရာဂျစ်ခန်ဖြစ်ကြောင်း သိရှိရသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပေါင်းတုတ်ကျေးရွာသားကို သတ်ဖြတ်သူမှာ AA အဖွဲ့ဝင် ၄ ဦးဖြစ်ကြောင်း သတင်းမီဒီယာများထံသို့ ထုတ်ဖော်ပြောဆိုထားသည်။

AA ဘက်ကမူ ယင်းသို့ စွပ်စွဲမှုကို ငြင်းဆိုလိုက်ပြီး ပေါင်းတုတ်ကျေးရွာသားကို သတ်ဖြတ်မှုသည် တပ်မတော် ခမရ ၅၄၀ မှ စစ်သား ၄ ဦးက လုပ်ဆောင်ခြင်းဖြစ်သည်ဟု တုံ့ပြန်ပြောဆိုသည်။
“အဲဒီကိစ္စက ကျနော်တို့နဲ့ လုံး၀ ပတ်သက်မှုမရှိဘူးဗျ။ မွတ်စလင် လူငယ်နှစ်ဦးကို မြန်မာစစ်တပ်ရဲ့ ခမရ ၅၄၀ ပေါ့နော် မြောက်ဦးအခြေစိုက် တပ်ရင်းက စစ်သား ၄ ယောက်ကနေပြီးတော့ ဝိုင်းပြီးတော့ ရိုက်ပုတ်ဓားနဲ့ထိုး။ အဲဒါမျိုးတွေ လုပ်လို့ မွတ်စလင် လူငယ်တစ်ယောက် သေသွားတယ်လို့ ကျနော်တို့ လည်းဒေသခံတွေဆီက တစ်ဆင့်ကြားတယ်” ဟု ခိုင်သုခက ပြောဆိုသည်။

ခိုင်သုခကပင် တပ်မတော်ဘက်က ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ ဖြစ်ပေါ်စေရန် ဖန်တီးနေသည်ဟုလည်း ပြောဆိုသည်။

” မြန်မာစစ်တပ်က အဲဒီစစ်တပ်ထဲမှာရှိတဲ့ ရခိုင်လူမျိုး မြန်မာစစ်သားတွေကို အသုံးချပြီးတော့မှ ရခိုင်နဲ့ မွတ်စလင် တွေကြားမှာ ဘာသာရေး လူမျိုးရေး အဓိကရုဏ်းတွေဖြစ်အောင် အောက်လမ်းနည်းလမ်းတွေသုံးပြီးတော့ ကလိန်ကကျစ်နဲ့ ဖန်တီးနေတာတွေရှိတယ်။ လူမျိုးတွေကြားမှာ ဒီလိုမျိုး ပဋိပက္ခတွေဖြစ်အောင် ဖန်တီးတဲ့ကိစ္စကတော့ စစ်ရာဇဝတ်မှုမြောက်တယ်။ ဒါ မြန်မာစစ်တပ်က သူတို့ ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုကို ဖုံးကွယ်ထားဖို့အတွက် ဇော်မင်းထွန်းတို့က AA က လုပ်တဲ့ ပုံစံ ကလိန်ကကျစ်ပြောနေတာဖြစ်တယ်။ သူတို့ တကယ် သတ္တိရှိလို့ရှိရင် သတင်းမီဒီယာတွေကို လွတ်လွတ်လပ်လပ် သတင်းယူခွင့်ပေးလိုက်ပါလား။ မီဒီယာတွေကို ဖွင့်ပေးလိုက်ပါလား။ အင်တာနက်တွေကို ဖွင့်ပေးလိုက်ပါလား။ ဘယ်သူကနေပြီးတော့ ရခိုင်ဒေသမှ သောင်းကျန်သူ အစစ်လဲဆိုတာကို ပြည်သူလူထုတွေရော နိုင်ငံတကာကရော သိလာမှာပေါ့ ” ဟု ခိုင်သုခက ပြောဆိုသည်။

ခိုင်သုခ၏ ပြောဆိုချက်နှင့်ပတ်သက်၍ တပ်မတော်၏ အမြင်သဘောထားသိရှိနိုင်ရန် ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပေ ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts