All News Local News Peace

မြောက်ဦးတွင် လူသတ်မှုတစ်ခုကြောင့် နှစ်ဖက်အသိုင်းအဝိုင်းလူအုပ်စုအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပြီး လူငယ်တစ်ဦး အပြင်းအထန်ဒဏ်ရာရ

မြောက်ဦးတွင် လူသတ်မှုတစ်ခုကြောင့် နှစ်ဖက်အသိုင်းအဝိုင်းလူအုပ်စုအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပြီး လူငယ်တစ်ဦး အပြင်းအထန်ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပေါင်းတုတ်မွတ်စလင်ကျေးရွာသားတစ်ဦးကို အမည်မသိလူတစ်စုက ရိုက်နှက်ပြီးနောက် သေဆုံးခဲ့ခြင်းကို မကျေနပ်သော မွတ်စလင်ကျေးရွာသားတချို့က ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-စစ်တွေ ကားလမ်းမပေါ် ဖြတ်သန်းသွားလာသော ကားများကိုတားကာ ဝိုင်းဝန်းရိုက်နှက်၍ နှစ်ဖက်အသိုင်းအဝိုင်းအကြား ရုန်းရင်းဆန်ခတ်ဖြစ်ကာ လူငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြောက်ဦးမြို့နယ်မှ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသာစိန်ကပြောဆိုသည်။

ပေါင်းတုတ်ကျေးရွာသား မွတ်စလင်လူငယ်နှစ်ဦးသည် ဖေဖော်ဝါရီလ ၁၈ရက်နေ့ ည၉နာရီခန့်တွင် ပေါင်းတုတ်ရွာ၏ မြောက်ဖက် ရန်ကုန်-စစ်တွေ ကားလမ်းအပိုင်းသို့ ဆိုင်ကယ်စီး၍ မြောက်ဦးဖက်ကိုလာရာ တံတားတစ်ခုအရောက်တွင် အင်တာနက်လိုင်းရသည်ဆိုကာ ဖုန်းဆော့နေသည့်အချိန်တွင် အမည်မသိလူတစ်စုက ဆိုင်ကယ်နှစ်စီးဖြင့် လူ၄ဦးရောက်ရှိလာပြီး မွတ်စလင်လူငယ်နှစ်ဦးကို ထိုးကြိတ်ခဲ့ကာ တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ကျန်တစ်ဦးမှာ အဆိုပါနေရာတွင်ပင် သေဆုံးသွားကြောင်း ၎င်းကပြောဆိုသည်။

သေဆုံးသူ မူဆလင်လူငယ်မှာ အသက် မောင်တင်ဝင်းလှိုင် (ခ) ရာဂျစ်ခန်ဖြစ်ပြီး အသက်၁၈နှစ်ဖြစ်ကြောင်း သိရသည်။

“ အဲဒီကောင်လေးနှစ်ယောက်ကိုထိုးကြိတ်တော့ တစ်ဦးကတော့ထွက်ပြေးလွတ်မြောက်သွားတယ်။ တင်ဝင်းလှိုင်ကတော့ သူတို့ရိုက်နှက်မှုကို ခံရတယ်။ ထွက်ပြေးသွားတဲ့ လူငယ်က လွတ်မြောက်သွားပြီး သူ့ရွာပြန်ရောက်သွားတယ်။ မနက်မိုးလင်းတော့ ရွာကလူတွေနဲ့ အဲဒီသူတို့ ထိုးကြိတ်ခံရတဲ့ တံတားပေါ်ကိုလာကြည့်တယ်။ လာကြည့်တဲ့အချိန်မှာ တင်ဝင်းလှိုင်က ဆုံးနေပြီပေါ့။ သူ့ရဲ့ ရင်ဘတ်မှာ ထိုးသွင်းဒဏ်ရာတစ်ချက်ပါတယ်။ ပြီးတော့ လည်ပင်းမှာ တစ်ချက် နဖူးပေါက်ပြဲဒဏ်ရာတစ်ချက် နောက်စေ့ကနေပြီးတော့ သွေးယိုနေတဲ့ ဒဏ်ရာတစ်ချက် အဲဒီဒဏ်ရာတွေနဲ့ သူ့အလောင်းကို အဲဒီမှာတွေ့တယ်။ သူတို့ရွာကို အဲဒီမွတ်စလင် လူငယ် အလောင်းကိုသယ်သွားတယ်” ဟု ဦးထွန်းသာစိန်ကပြောဆိုသည်။

ထိုရွာသို့ အလောင်းပြန်သယ်သွားပြီးနောက်တွင် သေဆုံးသူ၏ အလောင်းကိုကြည့်ပြီး ရွာခံတွေက ဒေါပွပြီး ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်-စစ်တွေပြေးဆွဲနေသည့် ကားများ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ စစ်တွေသွားလာနေသည့်ကားများကို လမ်းပေါ်တွင် ပေါင်းတုတ်မွတ်စလင်ကျေးရွာသားများကတားကာ လူတချို့ကို ဝိုင်းနှက်ခဲ့ကြောင်း၊ အသက် ၁၄နှစ်အရွယ် လူငယ်တစ်ဦးသည် ဒဏ်ရာပြင်းပြင်းရရှိခဲ့သည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။

“ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတဲ့ လူငယ်ကတော့ ပန်းမော်ကျေးရွာက မောင်ဖြူလုံး အသက် ၁၄နှစ် ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်။ အဲဒီကလေးက သူ့ညီမနဲ့ လောင်းကြက်ဆိုတဲ့ ဈေးကိုဈေးရောင်းဖို့လာတယ်။ ပြီးတော့ သူ့ညီမကို ထားခဲ့ပြီးတော့ သူတစ်ယောက်တည်းပြန်တယ်။ ပြန်တဲ့အချိန်မှာ မွတ်စလင်တွေက သူ့ကိုဝိုင်းရိုက်ကျတယ်။ ဝိုင်းရိုက်ရတဲ့အတွက် ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့ပြီး မြောက်ဦးဆေးရုံကို ရောက်နေပါတယ်” ဟု ဦးထွန်းသာစိန်ကပြောဆိုသည်။

ထိုသို့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားသည့်နေရာသို့ ရဲအင်အား ၂၅ဦးခန့်ရောက်ရှိပြီး အခြေအနေကို ထိန်းသိမ်းထား နိုင်ခဲ့ကြောင်း၊ မွတ်စလင် လူငယ်တစ်ဦးသေဆုံးမှုနှင့် ရခိုင်အမျိုးသားတစ်ဦး ပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းကိစ္စနှင့် ပတ်သက်ပြီး အမှုဖွင့်ဆိုထားမှုအခြေအနေများကို မသိရှိရသေးကြောင်း ဦးထွန်းသာစိန်က ဆက်လက်ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက မြောက်ဦးမြို့နယ် ရဲစခန်းထံသို့ ဆက်သွယ်မေးမြန်းသော်လည်း တာဝန်ခံ ဖြေဆိုခြင်းမရှိပေ။

Photo Credit – Lynn Ein

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts