All News Local News

မြန်မာနိုင်ငံတွင် ပြည်ပအကြွေး ဒေါ်လာသန်း ၉၇၅၂ သန်းရှိပြီး တရုတ်က ဒေါ်လာ ၃ ဘီလီယံကျော်အတွက် အတိုးနှုန်း ၅ ရာခိုင်နှုန်းအထိ အမြင့်ဆုံးယူ

မြန်မာနိုင်ငံတွင် ပြည်ပအကြွေး ဒေါ်လာသန်း ၉၇၅၂ သန်းရှိပြီး တရုတ်က ဒေါ်လာ ၃ ဘီလီယံကျော်အတွက် အတိုးနှုန်း ၅ ရာခိုင်နှုန်းအထိ အမြင့်ဆုံးယူ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

မြန်မာနိုင်ငံအစိုးရအနေဖြင့် ပြည်ပ ကြွေးမြီ အမေရိကန်ဒေါ်လာ သန်း ၉၇၅၂ ဒသမ ၄၇၃ သန်းနှင့် ပြည်တွင်းကြွေးမြီ ငွေကျပ်ဘီလီယံ ၂၂၂၈၇ ဒသမ ၉၄၀ ရှိကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ်၏ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလ ၆ လအထိ အစီရင်ခံစာအရ သိရှိရသည်။

မြန်မာအစိုးရအနေဖြင့် ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်နေ့ တွင် ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ သန်း ၁၀၂၀၀ ဒသမ ၁၇၀ ရှိပြီး ပြည်တွင်းကြွေးမြီ ကျပ်ဘီလီယံ ၂၀၇၂၄ ဒသမ ၆၇၃ ရှိခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင်မူ ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ သန်း ၉၇၅၂ ဒသမ ၄၇၃ သန်းနှင့် ပြည်တွင်းကြွေးမြီ ငွေကျပ် ဘီလီယံ ၂၂၂၈၇ ဒသမ ၉၄၀ အထိ ရှိလာကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

NLD အစိုးရလက်ထက်တွင် ၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ်နောက်ပိုင်း စာချုပ်ချုပ်ဆိုခဲ့သော ပြည်ပချေးငွေ တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၃၇၃၄ ဒသမ ၇၄၄ ရှိသော်လည်း ချေးငွေအမှန်တကယ် ထုတ်ယူ သုံးစွဲငွေမှာ ၂၀၅ ဒသမ ၆၁၁ သာရှိကြောင်း သိရှိရသည်။

ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအနေဖြင့် ပြည်ပချေးငွေများ ရယူရန် စာချုပ်ချုပ်ဆိုထားသော်လည်း လုပ်ငန်းများ အကောင်အထည်ဖော်နိုင်မှုအားနည်းခြင်းကြောင့် ချေးငွေ အပြည့်အ၀ ရယူနိုင်မှု မရှိခြင်း၊ လုပ်ငန်းလျာထားချက်(Work Plan) အတိုင်း ပြည့်ဝစွာ အကောင်အထည်မဖော်နိုင်ခြင်း၊ ချေးယူရငွေ(ပြည်ပ) ရယူမှု လျော့နည်းခဲ့ကြောင်း၊ ရယူပြီးချေးငွေများအား အပြည့်အ၀ သုံးစွဲနိုင်မှု မရှိခြင်း၊ သုံးစွဲရန် ကျန်ရှိနေခြင်းတို့က အဓိက အကြောင်းအရင်းများဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံက အကြွေးပေးဆပ်ရန် အများဆုံးရှိနေသည့် နိုင်ငံများတွင် တရုတ်နိုင်ငံထံသို့ အမေရိကန်ဒေါ်လာ သန်း ၃၆၁၀ ဒသမ ၀၄၁ ၊ ဂျပန်နိုင်ငံသို့ အမေရိကန်ဒေါ်လာသန်း ၂၂၄၀ ဒသမ ၀၁၅ ပေးဆပ်ရမည်ဖြစ်ကြောင်း၊ စုစုပေါင်း နိုင်ငံနှင့် အဖွဲ့ ၂၁ ခုထံသို့ စုစုပေါင်း အမေရိကန်ဒေါ်လာသန်း ၉၇၅၂ ဒသမ ၄၇၃ ပေးဆပ်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အတိုးနှုန်းအနေဖြင့် တရုတ်နိုင်ငံမှ ကြွေးမြီများအတွက် အတိုးနှုန်း ၂ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ အမြင့်ဆုံးယူထားသည်။ ဂျပန်နိုင်ငံသည် အတိုးနှုန်း ဝဒသမ ၀၁ ရာခိုင်နှုန်းမှ ၁ ရာခိုင်နှုန်းသာ အတိုးနှုန်းရယူပြီး အနည်းဆုံး အတိုးနှုန်း ရယူသော နိုင်ငံလည်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts