All News Health interview

မူဆယ်နှင့်ထိစပ်နေသော တရုတ်ယူနန်ပြည်နယ်တွင် ဝူဟန်ဗိုင်းရပ်စ်လူနာ ၁၂၄ ဦးရှိပြီး ၅ ဦး သက်သာ ပျောက်ကင်း၊ တရုတ်ဘက်မှ မြန်မာများ နေ့စဉ် ရာချီပြန်လာနေ

မူဆယ်နှင့်ထိစပ်နေသော တရုတ်ယူနန်ပြည်နယ်တွင် ဝူဟန်ဗိုင်းရပ်စ်လူနာ ၁၂၄ ဦးရှိပြီး ၅ ဦး သက်သာ ပျောက်ကင်း၊ တရုတ်ဘက်မှ မြန်မာများ နေ့စဉ် ရာချီပြန်လာနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

မြန်မာနိုင်ငံ၊ မူဆယ်မြို့နှင့် နယ်နမိတ်ခြင်း ထိစပ်နေသော တရုတ်ယူနန်ပြည်နယ်တွင် ဝူဟန်ဗိုင်းရပ်စ်လူနာ ၁၂၄ ဦးရှိပြီး ၅ ဦးမှာ သက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း တရုတ်အာဏာပိုင်များ၏ ထုတ်ပြန်ချက် အရသိရှိရသည်။

မြန်မာနှင့်တရုတ် နယ်စပ်မြို့ဖြစ်သော မူဆယ်မြို့တွင် နှစ်နိုင်ငံ နယ်စပ်ဂိတ်များ ဆက်လက် ဖွင့်ထားဆဲဖြစ်ပြီး တရုတ်နိုင်ငံသား ဝင်ရောက်မှု အလွန်နည်းပါးနကော တရုတ်နိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား ရာချီ၍ နေ့စဉ် ပြန်လာနေကြောင်း လွှတ်တော်ကိုယ်စားလှယ်များနှင့်ဒေသခံများထံမှ သိရှိရသည်။

ရန်ကုန်ခေတ်သစ်က မူဆယ်မြို့မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ မူဆယ်မြို့နဲ့ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ တရုတ်နိုင်ငံ ယူနန်ကို မှာ ဝူဟန်ဗိုင်းရပ်စ်ကူးစက်သူ များလာတယ်ဆိုတော့ မူဆယ်အခြေအနေဘယ်လိုရှိလဲ။

ဖြေ။ ။ ယူနန်ပြည်နယ်ဆိုတဲ့နေရာမှာ တစ်ပြည်နယ်လုံး ကိစ္စပေါ့လေ။ ကျွန်တော်တို့ ရွှေလီက ကျွန်တော်တို့ မူဆယ်နဲ့ ထိစပ်တဲ့ နယ်နိမိတ်ခြားထားတဲ့မြို့ပေါ့။ အခုတရုတ်ပြည်ဖက်က ရွှေလီအစိုးရပေါ့။ ရွှေလီ အာဏာပိုင် အဖွဲ့တွေက တခြားမြို့ကနေပြီးတော့ ရွှေလီမြို့ထဲဝင်ဖို့က သူတို့ကပိတ်ထားတယ်။ တခြားယူနန်ပြည်နယ်မှာရှိတဲ့ တခြားမြို့တွေက ရွှေလီမြို့ထဲကို ဝင်ဖို့က ပိတ်ထားပြီးပြီ သူတို့အဝင်အထွက်မရှိတော့ဘူး။ ဆိုတော့ ကျွန်တော်တို့ တရုတ်ပြည်က ရွှေလီကသူက ကျွန်တော်တို့ မြန်မာနိုင်ငံကို လာတယ်ဆိုတာက ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ ရွှေလီမှာ အလုပ်သွားလုပ်တော့ အခုနှစ်သစ်ကူး အလုပ်ပိတ်လို့ ပြန်လာတဲ့သူတွေပဲရှိတယ်။

တရုတ်နိုင်ငံသားတွေ ကျွန်တော်တို့ နိုင်ငံကို မကူးလာဘူး။ သူတို့မလာဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ ပြန်လာရင် ကျွန်တော်တို့ အခုက နန်းတော်ပေါက်ရယ်။ မန်ဝေးပေါက်ရယ်။ ဆက်ဖြူပေါက်ရယ်ဆိုပြီးတော့ ၃နေရာရှိတယ်။ အဲသုံးနေရာလုံးမှာ ကျွန်တော်တို့ ကျွန်တော်တို့ ကျန်းမာရေးအဖွဲ့တွေ ပရဟိတအဖွဲ့တွေ အုပ်ချုပ်ရေးပိုင်အဖွဲ့တွေရယ် အကုန်လုံး သေချာစိစစ်ပြီးတော့ သူတို့ရဲ့ သူတို့လာတဲ့ ဘယ်ဒေသကလာတယ်။

သူတို့ ကိုယ်ရေးအချက်အလက်တွေပြန်ကြည့်ပြီးတော့ သူတို့ရဲ့ ကိုယ်အပူချိန်ကို တိုင်းတာပြီးတော့ ပြန်စစ်ဆေးပေးပြီးတော့ အခုထပ်ထိတော့ ကျွန်တော်တို့မူဆယ်မှာ သံသယရှိလို့ ပြန်လာတဲ့သူမှာ ဖျားနာပြီးတော့စောင့်ကြည့်နေတဲ့ဟာက လွန်ခဲ့တဲ့ နှစ်ရက်သုံးရက်လောက်က အဲလူတွေလည်း အကုန်သတ်သာပြီးတော့ အိမ်ကိုပြန်သွားကျပြီ ဆိုလိုတာက ကျွန်တော်တို့မူဆယ်ကို တရုတ်နိုင်ငံသားတွေ ဝင်လာစရာမရှိတော့ဘူး။

မေး။ ။ တရုတ်နိုင်ငံသားတွေ ဝင်မလာတော့ဘူးဆိုတာ တရုတ်ဘက်က ပိတ်လိုက်တာလား။

ဖြေ။ ။ တရုတ်ဘက်က ပိတ်တယ်ဆိုတာထက် ကျွန်တော်တို့ နှစ်နိုင်ငံ အပေါက်တွေက ပိတ်ဖို့ဆိုတာက ပြည်ထောင်စု အစိုးရနဲ့ တရုတ်ပြည်တွင်းအစိုးရနဲ့ ဖွင့်တယ်ပိတ်တယ်ဆိုတာ သူတို့ပေါ်မှာ မူတည်တယ်။ ဒါပေမယ့် တရုတ်နိုင်ငံသားတွေက အခု ကျွန်တော်တို့ နိုင်ငံကိုမကူးလာတော့ဘူး။ မကူးလာတော့ဘူး။ ကျွန်တော်တို့နိုင်ငံသားတွေပဲ ပြန်လာတာပဲရှိတယ်။ အလုပ်ရုံ စက်ရုံတွေပိတ်လို့ ပြန်လာတာပဲရှိတယ်။ သူတို့ဘက်ကလည်း မပိတ်ဘူး။ ဒါပေမယ့် တခြားမြို့ကနေ ရွှေလီကို လာဖို့အတွက် ပိတ်ထားတယ်။

မေး။ ။ မြန်မာဘက်ကရော ဘယ်လို တွေလုပ်ဆောင်နေလဲ

ဖြေ။ ။ ဒီဘက်က သက်ဆိုင်ရာဌာနဆိုင်ရာ လူမှုရေးပိုင်းတွေကော ကျန်းမာရေးပိုင်းတွေကော လဝကတွေကော တွေ့ရှိချက်တွေကော သက်ဆိုင်ရာရှမ်းပြည်နယ် အစိုးရကနေတစ်ဆင့် ပြည်ထောင်စု အစိုးရကို နေ့တိုင်းတင်ပြနေတာရှိတယ်။ ကျွန်တော်တို့လည်း ဒီဘက်မှာရှိတဲ့ ဒေသက လူမှုကူညီရေးအသင်းတွေနဲ့ပေါ့ ပေါင်းပြီးတော့ အသိပညာပေးတာတွေ လက်ကမ်းစာစောင်တွေ ဝေတာတွေ ဗီနိုင်းတွေထောင်တာတွေ ပြည်သူတွေကို အသိပေးတယ်။ လူစုလူဝေးတွေကို ရှောင်တာဖို့ လက်တွေမကြာမကြာဆေးဖို့တွေ ရပ်ရွာတွေအထိကို လှည့်ပြီးတော့ ပြီးခဲ့တဲ့ရက်ပိုင်းတည်းက ဆုံးဖြတ်ပြီးတော့ အဲတာတွေ လုပ်နေတာတော့ရှိတယ်။

မေး။ ။ ကူးစက်ခံရတဲ့သူတွေပိုများလာပြီးတော့ သေဆုံးမှုတွေ တက်လာတယ်ဆိုတော့ ဒီဂိတ်တွေကို ပိတ်ဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ကိုတင်ပြသွားဖို့ရှိလား။

ဖြေ။ ။ ကျွန်တော်တို့ နယ်စပ်ဂိတ်တွေကို ပိတ်မယ်ဆိုရင် အခုကျွန်တော်တို့ နိုင်ငံသားတွေပြန်လာတာပဲရှိတယ်လေ။ ကျွန်တော်တို့ နိုင်ငံသားပြန်လာတယ်ဆိုရင် ကျွန်တော်တို့ လက်ခံရမှာကို ကျွန်တော်တို့ပိတ်လိုက်ရင် ကျွန်တော်တို့နိုင်ငံသားတွေက တခြားတရားမဝင်ပေါက်တွေ တခြား လှေဆိပ်တွေ သူခိုးပေါက်တွေနဲ့ ဝင်လာရင် သူတို့ကို ကျန်းမာရေးစစ်ဆေးဖို့က ကျွန်တော်တို့ အခွင့်အရေးမရှိတော့ဘူးလေ။

ကျွန်တော်တို့ဖွင့်ထားခြင်းအားဖြင့် ဒီတရားဝင်ပေါက်ကနေ သူဝင်လာရင် ကျွန်တော်တို့ကျန်းမာရေးစစ်ဆေးတယ်။ သူတို့သွားလာတဲ့ဒေသတွေကို ထောက်လှမ်းစုံစမ်းပြီးတော့ ကျွန်တော်တို့ စောင့်ကြည့်လို့ရတယ်လေ။ ပိတ်လိုက်ရင် ကျွန်တော်တို့ နိုင်ငံသားတွေက အခက်အခဲဖြစ်မယ်။ ကျွန်တော်တို့နိုင်ငံဖက်ကို သူတို့မတရားနည်းလမ်းနဲ့ ပြန်လည်ဝင်ရောက်လာမယ်ဆိုရင် အဲတာဆိုရင် သူတို့တွေကို စောင့်ကြည့်ဖို့ အခွင့်အရေးဆုံးရှုံးသွားမှာပေါ့။ ကျွန်တော်တို့ ဒီဖက်ကအခြေအနေက ပိတ်ဖို့ နည်းနည်းအခက်အခဲတော့ရှိတယ်။ အခုက မြန်မာနိုင်ငံသားတွေ ၂ဝဝ၊ ၃ဝဝ လောက်ကပြန်လာနေတာလေ။ ကျွန်တော်တို့နိုင်ငံသားတွေက ဟိုမှာ သိန်းချီရှိတာကိုး။

မေး။ ။ မြန်မာနိုင်ငံသားတွေကော တရုတ်ဘက်ကို နေ့စဉ်ပုံမှန်ကူးနေသေးလား။

ဖြေ။ ။ ကျွန်တော်တို့ဘက်က လူတွေက သိပ်မသွားတော့ဘူး။ အဲဒီဘက်ကို အခုက ပြန်လာတဲ့သူလောက်ပဲရှိတော့တယ်။ ဒီကနေသွားတာလည်း မရှိတော့ဘူး။ ဟိုဘက်နိုင်ငံသား ဒီလိုလာတာလည်း မရှိတော့ဘူး။ ကိုယ့်နိုင်ငံသားတွေ အိမ်ပြန်တာပဲရှိတော့တယ်။

မေး။ ။ တရုတ်တွေ လုံးဝမဝင်တော့ဘူးဆိုတာက တရုတ်ဂိတ်က ပေးမဖြတ်တာလား။ မြန်မာကပေးမဖြတ်တော့တာလား။

ဖြေ။ ။ တရုတ်လူမျိုးတွေ ကိုယ်တိုင်ကိုက ကျွန်တော်တို့ မြန်မာနိုင်ငံကို မလာတော့ဘူး။ တရုတ်ကလည်း ရွှေလီမြို့ ယူနန်ပြည်နယ်ရဲ့ တခြားမြို့တွေကို ရွှေလီကိုဝင်လာဖို့က သူတို့က ပိတ်လိုက်ပြီ ကူမင်တို့ မန်စီတို့ဖက်က လာဖို့ဆိုတာ ရွှေလီက အဝင်မခံတော့ဘူး။ ရွှေလီက လူကလည်း ကျွန်တော်တို့မူဆယ်ကို လာစရာမရှိတော့ဘူး။

မေး။ ။ နယ်စပ်ဂိတ်မှာ မြန်မာနိုင်ငံသားတွေကြီးပဲ လက်ခံနေတာလား။

ဖြေ။ ။ လာရှိအချိန်ကတော့ မြန်မာနိုင်ငံသားပဲရှိတယ်။ သီးသန့် မြန်မာနိုင်ငံသားပဲ ကျွန်တော်တို့ပြန်လက်ခံပြီးတော့ စောင့်ကြည့်နေတာပဲရှိတယ်။

မေး။ ။ မြန်မာနိုင်ငံသားတွေအရေအတွက် တစ်နေ့ကို ဘယ်လောက်လောက် ပြန်လာလဲ။

ဖြေ။ ။ ခါတိုင်းဆိုရင် ကူးသန်းဆက်ဆံတာက တရုတ်နိုင်ငံသားလာတာကတော့ နည်းနည်း ကိုယ့်နိုင်ငံသား သွားတာက ခက်များများပေါ့။ အရင်တုန်းက တစ်နေ့ကို သောင်း ဂဏာန်းလောက်ရှိပါတယ်။ ဒီရက်ပိုင်းအတွင်းမှာက ၂ဝဝ၊ ၃ဝဝ လောက်ပဲရှိတော့တယ်။ နှစ်သစ်ကူးမတိုင်ခင်တုန်းက ပြန်လာတဲ့သူတော့များတယ်။ တော်တော်များများပြန်လာကြတယ်။ သောင်းဂဏာန်းလောက် ရှိတယ်။ အခုကျတော့ ၂ဝဝ၊ ၃ဝဝလောက်ပေါ့။ အရင်နေ့တွေတုန်းက အစည်းအဝေးမှာ လဝက တင်ပြချက်က ၃ဝဝ ဝန်းကျင်လောက်ပဲရှိတယ်ပေါ့လေ။ အဲတာအဝင်စာရင်းပေါ့။ အထွက်စာရင်းကတော့ နှစ်နိုင်ငံရဲ့ ဈေးတွေသွားတာလောက်ပဲပေါ့။ အရေအတွက်တော့ ကျွန်တော်လည်းမသိဘူး။ ကျွန်တော်တို့ နိုင်ငံသားတွေ ခပ်များများဝင်လာတာက ၂ဝဝ၊ ၃ဝဝလောက်ပဲရှိတော့တယ်။ တရုတ်ကတော့ လုံးဝမလာတော့ဘူး။ နှစ်သစ်ကူးတော့ သူတို့ အလုပ်ပိတ်သွားပြီလေ အလုပ်လည်း မလုပ်တော့ဘူး။ လာလည်းမလာတော့ဘူး။

မေး။ ။ မူဆယ်မြို့အခြေအနေကကော ဘယ်လိုရှိလဲ။

ဖြေ။ ။ သူတို့ကို သူတို့ ကာကွယ်နိုင်တဲ့ အနေအထားတော့ လုပ်ဆောင်နေတယ်လေ။ မြို့အနေအထားကတော့ ထိန့်လန့် စိုးရွံ့တဲ့အနေအထားတော့ မရှိတော့ပါဘူး။ လူတိုင်းလူတိုင်းလည်း MASK တွေနဲ့ ပြန်လာရင် လက်ဆေးတာတို့ပေါ့။ လူစုလူဝေးသိပ်မရှိတော့ဘူး။ မြို့က တိတ်ဆိတ်တယ်ဆိုတာထက် ကျွန်တော်တို့ ခါတိုင်းတရုတ်နှစ်သစ်ကူးမတိုင်မှီတုန်းကဟာထက် စာရင်တော့ တစ်ဝက်ကျော်ကျော်လောက်က တိတ်ဆိတ်သွားတာပေါ့လေ။ အရင်တုန်းက လူအယောက်၁ဝဝလောက် သွားလာလှုပ်ရှားနေတဲ့ဟာက အခုကတော့ ၂ဝ၊ ၃ဝ လောက်ပဲသွားလာတာပေါ့လေ။

Photo Credit – တရုတ်-မြန်မာနယ်စပ် ရွှေလီ MOI

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com