All News Health Local News

မကွေးတိုင်းမှ လူနာသေဆုံးမှု ဝူဟန်ကော်ရိုနာဗိုင်းရပ်စ်ကြောင့်မဟုတ်၊ စင်ကာပူမှ ပြန်လာသော အမျိုးသမီးတစ်ဦး သံသယလူနာအဖြစ် စောင့်ကြည့်ပြီး စောင့်ကြည့် လူနာ ၁၄ ဦးရှိ

မကွေးတိုင်းမှ လူနာသေဆုံးမှု ဝူဟန်ကော်ရိုနာဗိုင်းရပ်စ်ကြောင့်မဟုတ်၊ စင်ကာပူမှ ပြန်လာသော အမျိုးသမီးတစ်ဦး သံသယလူနာအဖြစ် စောင့်ကြည့်ပြီး စောင့်ကြည့် လူနာ ၁၄ ဦးရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

မကွေးတိုင်းဒေသကြီးတွင် ထိုင်းနိုင်ငံမှ ပြန်လာသော မြန်မာအမျိုးသမီးတစ်ဦး သေဆုံးမှုသည် ဝူဟန်ကော်ရိုနာ ဗိုင်းရပ်စ်ကြောင့်မဟုတ်ဘဲ ၎င်းတွင် ခံစားနေရသည့် ရောဂါများကြောင့် သေဆုံးခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဝူဟန်ဗိုင်းရပ်စ်သံသယလူနာ ၁၄ ဦးရှိကြောင်းကျန်းမာရေးဝန်ကြီးဌာနက တရားဝင်သတင်းထုတ်ပြန်သည်။

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ရှိ ကျေးရွာတွင်နေထိုင်သူ အသက်(၂၇)နှစ် အရွယ် အမျိုးသမီးတစ်ဦးသည် (၆-၂-၂၀၂၀) ရက်နေ့တွင် ဖျားနာခြင်း၊ အသက်ရှူကြပ်ခြင်းနှင့် မောခြင်းရောဂါလက္ခဏာများခံစားခဲ့ရပြီး တောင်တွင်းကြီးမြို့နယ်ပြည်သူ့ဆေးရုံသို့ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်(၃:၃၀) ခန့်တွင် တက်ရောက်ကုသခဲ့ပြီး မကွေးပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းခဲ့ကြောင်း၊ အဆိုပါ လူနာသည် ထိုင်းနိုင်ငံတွင် (၃)နှစ်ခန့်နေထိုင်ခဲ့ရာမှ လွန်ခဲ့သော (၂) လခန့်က တောင်တွင်းကြီးမြို့နယ်သို့ ပြန်လည် ရောက်ရှိခဲ့ကြောင်းနှင့် ရောဂါရာဇဝင်အား မေးမြန်းရာ လူနာတွင် နာတာရှည်ရောဂါဖြစ်သော အရေပြားလေးဖက်နာ (Systemic Lupus Erythematosus – SLE) ရောဂါဖြစ်ပွားနေသည်မှာ (၃) နှစ်ခန့်ရှိပြီ ဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံတွင် နေထိုင်စဉ်ကလည်း အဆိုပါ ရောဂါကြောင့် ဆေးရုံတက်ရောက်ကုသခဲ့ဖူးသော ရာဇဝင်ရှိကြောင်း၊ ၎င်းလူနာ ဆေးရုံသို့ရောက်ရှိချိန်တွင် သွေးပေါင်ချိန်များကျဆင်းလျက်ရှိပြီး လတ်တ လော ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ တွေ့ရှိခဲ့ရသဖြင့် လိုအပ်သော ကုသမှုများပေးနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါလူနာ သေဆုံးခြင်းဖြစ်စဉ်အား စုံစမ်းစစ်ဆေးရာတွင် လူနာ၏ ခရီးသွားရာဇဝင်မှာ ထိုင်းနိုင်ငံသို့သာ သွားရောက်ခဲ့ခြင်း၊ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည်မှာလည်း (၂) လခန့် ကြာမြင့်ခဲ့ပြီဖြစ်ခြင်းကြောင့် (2019 – nCoV) Virus ၏ အများဆုံးရောဂါပျိုးရက်ဖြစ်သော (၁၄) ထက် ကျော်လွန်ပြီဖြစ်ခြင်းတို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှထုတ်ပြန်ထားသော 2019 Novel Coronavirus (2019-nCoV) သံသယလူနာ၏ အဓိပ္ပါယ်သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိပါကြောင်း နှင့် လူနာသေဆုံးရခြင်းအကြောင်းအရင်းမှာ နာတာရှည်ရောဂါဖြစ်သော သွေးလေးဖက်နာရောဂါ အခြေအနေမှာဆိုးဝါးလာပြီး ၎င်း၏ နောက်ဆက်တွဲဆိုးကျိုးများဖြစ်သော လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများနှင့် သွေးဆိပ်တက်ခြင်းတို့ခံစားရကာ သေဆုံးရခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်နေ အသက် (၃၄) နှစ်အရွယ် အမျိုးသမီးတစ်ဉီးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချိန်စက်မြို့မှ (၃၁-၁-၂၀၂၀) ရက်နေ့တွင် ပြန်လည်ရောက်ရှိလာပြီး (၇-၁-၂၀၂၀) ရက်နေ့မှစ၍ ဖျားနာခြင်းနှင့် ချောင်းဆိုးခြင်း လက္ခဏာများ စတင်ခံစားခဲ့ရပြီးနောက် (၈-၂-၂၀၂၀) ရက်နေ့တွင် ပေါက်မြို့နယ် ပြည်သူ့ဆေးရုံသို့ တက်ရောက်ကုသနေကြောင်း၊ ၎င်းလူနာထံမှ ဓာတ်ခွဲနမူနာရယူပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားမည် ဖြစ်ကြောင်း ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှ မြန်မာနိုင်ငံသို့ (၄-၂-၂၀၂၀) ရက်နေ့ တွင် ဝင်ရောက်လာသော အသက် (၅၃) နှစ်အရွယ်၊ တရုတ်အမျိုးသားတစ်ဉီးသည် (၈-၂-၂၀၂၀) ရက်နေ့ တွင် အဖျားရောဂါခံစားရသဖြင့် ပုဂ္ဂလိကဆေးရုံ တစ်ခုသို့သွားရောက်ပြသခဲ့ပြီး ထိုမှတဆင့် မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးသို့ ညွှန်းပို့ခဲ့ပါသည်။ လူနာတွင် လတ်တလောအသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါလက္ခဏာများ မတွေ့ရှိရသော်လည်း ဆေးစစ်ချက်အဖြေများတွင် သွေးဥမွှားများ ကျဆင်း နေခြင်း၊ သွေးတွင်းသကြားဓာတ်များပြားနေခြင်းတို့ကြောင့် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ကာ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ သီးသန့်လူနာဆောင်တွင် ထားရှိကုသပြီး ဓာတ်ခွဲနမူနာရယူကာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အလားတူ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်နေ အသက် (၂၄)နှစ်အရွယ် တရုတ်လူမျိုး အမျိုးသမီး (၁)ဦးသည် (၁၈-၁-၂၀၂၀)ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူနန်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး (၁၀)ရက်ခန့်နေထိုင်ခဲ့ကာ (၃-၂-၂၀၂၀)ရက်နေ့တွင် ဟူနန်ပြည်နယ်မှ မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် နေထိုင်စဉ်အတွင်း အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါရှိသူများနှင့် အနီးကပ်ထိတွေ့ခဲ့ခြင်းမရှိသော်လည်း (၈-၂-၂၀၂၀)ရက်နေ့တွင် ဖျားခြင်း၊ အန်ခြင်း၊ လည်ချောင်းနာခြင်း၊ ဝမ်းသွားခြင်း စသည့် လက္ခဏာများ ခံစားခဲ့ရသဖြင့် ပုဂ္ဂလိကဆေးရုံ (၁)ခုသို့ သွားရောက်ပြသခဲ့ပြီး ထိုမှတစ်ဆင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ညွှန်းပို့ခဲ့ကြောင်း၊ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နေ အသက် (၂၁)နှစ်အရွယ် အမျိုးသားတစ်ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကျန်ဖိန်မြို့တွင် (၄)ရက်ကြာ နေထိုင်ခဲ့ပြီး (၂-၂-၂၀၂၀) ရက်နေ့၌ မောင်တောမြို့နယ်သို့ ပြန်လည်ရောက်ရှိခဲ့ကာ (၃-၂-၂၀၂၀)ရက်နေ့မှ စတင်၍ ဖျားနာခြင်း၊ ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများ ခံစားခဲ့ရသဖြင့် (၇-၂-၂၀၂၀) ရက်နေ့တွင် မောင်တောပြည်သူ့ဆေးရုံသို့ လာရောက်ပြသခဲ့ပါသည်။ ၎င်းလူနာအား စောင့်ကြည့် လူနာအဖြစ် သတ်မှတ်၍ မောင်တောပြည်သူ့ဆေးရုံရှိ သီးသန့်လူနာခန်းတွင် ခွဲခြားထားရှိကြောင်း ထုတ်ပြန်ထားသည်။

အလားတူ စင်္ကာပူနိုင်ငံ International Health Regulation (IHR-2005) focal point မှ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲသို့ (၉-၂-၂၀၂၀) ရက်နေ့ နံနက် (၈:၅၁) အချိန်တွင် e-mail ဖြင့်ဆက်သွယ်၍ အသက် (၂၉) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးသည် စင်ကာပူနိုင်ငံတွင် နေထိုင်ခဲ့စဉ် (၅-၂-၂၀၂၀) ရက်နေ့၌ စင်ကာပူနိုင်ငံမှ 2019 Novel Coronavirus (2019-nCoV) ဓာတ်ခွဲအတည်ပြုလူနာတစ်ဦး နှင့် အနီးကပ်ထိတွေ့ခဲ့သူ (close contact) ဖြစ်ကြောင်း၊ အဆိုပါ အမျိုးသမီးသည် (၅-၂-၂၀၂၀) ရက်နေ့တွင် စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလာကြောင်း အကြောင်းကြားလာခဲ့ကြောင်း၊ အဆိုပါ အမျိုးသမီးနေထိုင်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်သို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန နှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများမှ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ အမျိုးသမီးတွင် လက်ရှိကျန်းမာရေးပြဿနာတစ်စုံတစ်ရာမရှိသော်လည်း ဝေဘာဂီအထူးကု ဆေးရုံတွင် ခွဲခြားထားရှိ၍ အသွားအလာ ကန့်သတ်ခြင်း (Quarantine) ပြုလုပ်ထားကြောင်း၊ အဆိုပါ အမျိုးသမီးနှင့်အနီးကပ် ထိတွေ့ခဲ့သူများတွင်လည်း လက်ရှိကျန်းမာရေးပြဿနာတစ်စုံတစ်ရာမရှိသော်လည်း နေအိမ်တွင် နေထိုင်စေ၍ အသွားအလာကန့်သတ်ခြင်း (Home Quarantine) ပြုလုပ်ထားကြောင်း လက်ရှိအချိန်အထိ သံသယလူနာ (၁) ဦးအပါအဝင် လူနာ (၁၄) ဦး တို့အား ဆေးရုံများတွင် ဆက်လက်၍ စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Photo Credit – VOA

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts