All News Local News Peace

ဘူးသီးတောင်နှင့် မင်းပြားမြို့နယ်တို့တွင် လက်နက်ကြီးများ ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး ကျောင်းသား ၂၁ဦးဒဏ်ရာရ၊ ကလေး ၁ ဦးစိုးရိမ်ရ

ဘူးသီးတောင်နှင့် မင်းပြားမြို့နယ်တို့တွင် လက်နက်ကြီးများ ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး ကျောင်းသား ၂၁ဦးဒဏ်ရာရ၊ ကလေး ၁ ဦးစိုးရိမ်ရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

ရခိုင်ပြည်နယ်အတွင်းရှိ ဘူးသီးတောင်မြို့နယ်နှင့် မင်းပြားမြို့နယ်တို့တွင် ယနေ့နံနက်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးကာ ကျောင်းသား၊ ကျောင်းသူ ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျောင်းသား ၁ ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရှိရသည်။

“ ဒီနေ့ နံနက်ပိုင်းကပေါ့။ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းပေါ့။ ခမိချောင်း မူလတန်းလွန်ကျောင်းကို လက်နက်ကြီးကျည်ကျပြီးတော့ ပေါက်ကွဲတယ်။ အဲဒီမှာကျောင်းတက်နေတဲ့ ကလေး ၂၁ယောက် ဒဏ်ရာရတယ်ဆိုပြီးတော့ ကြားပါတယ်” ဟု ဘူးသီးတောင်မြို့နယ်မှ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း ကပြောဆိုသည်။

ဘူးသီးတောင်မှ ဒဏ်ရာရရှိသော ကလေးငယ် ၂၁ဦးကို လက်ရှိချိန်တွင် ဘူးသီးတောင်ဆေးရုံသို့ပို့ဆောင်ထားပြီး ကလေးငယ် ၁ဦးသည် ဒဏ်ရာစိုးရိမ်ရကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

ဘူးသီးတောင်တွင် လတ်တလောတပ်မတော် နှင့် ရခိုင့်တပ်မတော်(AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

အလားတူ ယနေ့နံနက်ပိုင်း မင်းပြားမြို့နယ် ဖားပြိုကျေးရွာတွင်လည်း လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် အသက်၁၈နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်ကပြောဆိုသည်။

“အချိန်တော့ အတိအကျတော့ ကျွန်တော်မသိဘူး။ နံနက်ပိုင်းကလို့တော့ ကျွန်တော်ကြားတယ်။ ရွာအနီးမှာ ငှက်ရှာသွားတဲ့ အသက် ၁၈နှစ်အရွယ် အမျိုးသားတစ်ဦး လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် ဆုံးသွားတယ်လို့ သိရတယ် ” ဟု ၎င်းကပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားလျက်ရှိပြီး လက်နက်ကြီးကျည် ကျရောက်မှုကြောင့် အရပ်သားသေဆုံးမှုဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts