All News Local News Peace

ပြည်သူ့ဘဏ္ဍာ ကျပ်သိန်း ၆၀၀၀ ကျော် အလွဲသုံးစားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဘယ်လို အရေးယူထားလဲ

ပြည်သူ့ဘဏ္ဍာ ကျပ်သိန်း ၆၀၀၀ ကျော် အလွဲသုံးစားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဘယ်လို အရေးယူထားလဲ

By ရန်ကုန်ခေတ်သစ်

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တချို့က သိန်း ၆၀၀၀ ကျော် ပြည်သူ့ငွေ ဘဏ္ဍာများ အလွဲသုံးစား ပြုလုပ်ခဲ့ကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

အဆိုပါ ထုတ်ဖော်မှုကို ပြည်ထောင်စုလွှတ်တော်က စိစစ်မှုနှင့် သက်ဆိုင်ရာ ဌာနဘက်က အရေးယူမှု များကို ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားရာ ပြည်သူများ သိရှိစေနိုင်ရန် ရန်ကုန်ခေတ်သစ်က ပြန်လည် ကောက်နုတ်တင်ပြအပ်ပါသည်။

ရဲတပ်ဖွဲ့ အလွဲသုံးစားသော ငွေကြေး ကျပ်သိန်း ၆၀၀၀ ကျော်

မြန်မာနိုင်ငံရဲတပ်ဖွဲ့ လက်အောက်ရှိ ဟိုပန်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးသည် ၂၀၁၇ – ၂၁၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သန်း ၄၁၇ ဒသမ ၄၀၉ (ငွေကျပ်သိန်း ၄၀၀၀ ကျော်) ကိုလည်းကောင်း၊ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆ လကာလအတွင်း မန္တလေး အခြေစိုက် အမှတ် ၄ လုံခြုံရေးရဲတပ်ဖွဲ့ခွဲ ( ရွှေစာရံ) က ကျပ်သန်း ၈၇ ဒသမ ၈၉၄ သန်း၊ အမှတ် ၃ ရဲလေ့ကျင့်ရေးသင်တန်းကျောင်း၊ စစ်ကိုင်းမြို့က ကျပ်သန်း ၁၀၀ ဒသမ ၅၀၅ ကိုလည်းကောင်း၊ ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာရေးနှစ် ပထမ ၆ လအတွင်း အမှတ် ၁ ရေနံမြေလုံခြုံရေး ရဲတပ်ဖွဲ့ခွဲ (ရေနံချောင်း) က ကျပ် သန်း ၂၀ ဒသမ ၈၅၃ သန်းကို အမှန် အသုံးစရိတ်ထက် ပိုမိုထုတ်ယူမှု/ အလွဲသုံးစားပြုခဲ့သည်။

ငွေတွေ ဘယ်လို ထုတ်ယူကြလဲ

ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ရဲတပ်ဖွဲ့ဝင်များ၏ အလွဲသုံးစား ငွေထုတ်ယူမှုများသည် အဓိကအားဖြင့် ဌာနတွင်းကြီးကြပ်ကွပ်ကဲမှု အားနည်းချက်များကို အခြေခံ၍ ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

၁- ငွေထုတ်သူ အရာရှိသည် ငွေထုတ်စာရင်းမှ ထုတ်ယူသုံးစွဲမည့် အသုံးစရိတ် အားလုံးကို ပဏာမစစ်ဆေးမှု ပြုလုပ်ရာတွင် အသေးစိတ် တွက်ချက်မှု မရှိခြင်း၊ ငွေထုတ်ယူရန် တင်ပြသည့် အသုံးစရိတ်ပြေစာများ၊ လစာဘီလ်များနှင့်ချက်လက်မှတ်ရေးသားမှုများကို သေချားစွာ စိစစ်မှုမရှိဘဲ ချက်လက်မှတ်တွင် လက်မှတ်များရေးထိုးပေးခြင်း

၂- လုပ်ငန်းတာဝန်ခွဲေ၀ ဆောင်ရွက်ခြင်းမရှိဘဲ စာရင်းကိုင်တစ်ဦးတည်းကို စာရင်းနှင့်ငွေကြေးနှစ်ရပ်စလုံးကို ကိုင်တွယ်ခွင့်ပေးထားပြီး ငွေကြေးဆောင်ရွက်မှုများကို တာဝန်ရှိသူများက ကြီးကြပ်မှုမရှိခြင်း၊ စာရင်းရေးဆွဲမှုနှင့် ငွေထုတ်မှု၊ တင်ပြမှုတို့ကို အကြီးတန်းစာရေးတစ်ဦးတည်းအား ဆောင်ရွက်ခွင့် ပေးထားခြင်း

၃- ချက်လက်မှတ်ရေးသားရာတွင် ဂဏန်းနှင့်စာသားရှေ့တွင် ကျပ် စာသားရေးသားမှု မရှိခြင်းကြောင့် မသမာမှုများ အလွယ်တကူပြုလုပ်နိုင်ခြင်း

၄- လစာငွေတောင်းခံလွှာများတွင် ချက်လက်မှတ် အမှတ်နှင့်ရက်စွဲ ရေးသားမှု မရှိခြင်း၊ ငွေထုတ်သူ အရာရှိနှင့်ကြီးကြပ်သူ အရာရှိတို့က တိုက်ဆိုင် စိစစ်မှုမရှိခြင်း

၅- တာဝန်ခံအရာရှိက အသုံးစရိတ်များ ထုတ်ယူရန် အဆင့်ဆင့်တင်ပြခြင်းကို သေချာစွာ စိစစ်မှုမရှိဘဲ ခွင့်ပြုခြင်း

၆- ရန်ပုံငွေလွှဲအပ်စာရင်းဖွင့်လှစ်ရာတွင် သုံးလပတ်အတွက် ငွေသားလိုအပ်ချက်စာရင်း ဇယားတွင် ပုံစံစာရင်းများ၊ ဘတ်ဂျက်ထိန်းချုပ်မှု မှတ်ပုံတင်စာအုပ်များ ရေးသွင်းဆောင်ရွက်မှု မရှိခြင်းတို့ ကြောင့် ဖြစ်သည်ဟု ဖော်ပြထားသည်။

အမှတ် ၄ လုံခြုံရေးရဲတပ်ဖွဲ့ခွဲ(ရွှေစာရံ)၊မန္တလေး

၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆ လကာလအတွင်း မန္တလေး အခြေစိုက် အမှတ် ၄ လုံခြုံရေးရဲတပ်ဖွဲ့ခွဲ ( ရွှေစာရံ) က ချက်လက်မှတ် ၈၉ စောင်ဖြင့် အသုံးစရိတ်ထုတ်ယူရာတွင် ချက်လက်မှတ် ၂၄ စောင်အား အမှန်ထုတ်ယူရမည့် ငွေထက် ကိန်းဂဏန်းများထပ်တိုးခြင်း၊ ထပ်လျှော့ထုတ်ခြင်း၊ ပြင်ဆင်ခြင်းများပြုလုပ်၍ အမှန်တကယ် အသုံးစရိတ်ထက် ကျပ်သန်း ၈၇ ဒသမ ၈၉၄ သန်း(ကျပ် ၈၇၈၉၄၃၄၀) ပိုမို ထုတ်ယူ အလွဲသုံးစားပြုလုပ်ခဲ့သည်။ အဆိုပါငွေကြေးများကို ပြန်လည်ပေးသွင်းခဲ့ပြီးဖြစ်သည်။

အဆိုပါ အလွဲသုံးစားမှုနှင့်ပတ်သက်၍ ငွေထုတ်သူ အရာရှိအား ရဲမှုထမ်းသက် ၃ နှစ် လျှော့ချသည့် ပြစ်ဒဏ်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့ တွင် ပြည်ထဲရေးဝန်ကြီးဌာနက ချမှတ်ခဲ့ကြောင်း၊ အကြီးတန်းစာရေးကို ပုသိမ်ကြီးမြို့နယ်တရားရုံးတွင် တရားစွဲခဲ့သော်လည်း ငွေပြန်လည်သွင်းပြီးနောက် အမှုပိတ်သိမ်းခွင့်တင်ပြပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ကြောင်း သိရှိရသည်။

အမှတ် ၃ ရဲလေ့ကျင့်ရေး သင်တန်းကျောင်း (စစ်ကိုင်း)

၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆ လကာလအတွင်း အမှတ် ၃ ရဲလေ့ကျင့်ရေးသင်တန်းကျောင်း၊ စစ်ကိုင်းမြို့က ကျပ်သန်း ၁၀၀ ဒသမ ၅၀၅ ကို ငွေထုတ်အလွဲသုံးစားပြုခဲ့သည့်။

ငွေထုတ်ယူရာတွင် လစာ၊ ရိက္ခာ၊ အစားအစာရိက္ခာ၊ ပညာပေးသင်တန်း ခေါင်းစဉ်များအတွက် အသုံးစရိတ်ထုတ်ယူရာတွင် ချက်လက်မှတ်များတွင် ကိန်းဂဏန်းများထပ်တိုးခြင်း၊ လျော့ထုတ်ခြင်း၊ ပြင်ဆင်ခြင်း၊ ၂ ကြိမ်ထုတ်ယူခြင်း၊ သင်တန်းသစ်ဖွင့်လှစ်မှု မရှိဘဲ သင်တန်းသားစရိတ်များ ထုတ်ယူခြင်းများ ပြုလုပ်ခဲ့သဖြင့် အမှန်အသုံးစရိတ်ထက် ပိုမို ထုတ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ထုတ်ယူသော ငွေပမာဏကိုလည်း ပေးသွင်းပြီးဖြစ်ကြောင်း သိရှိရသည်။

အဆိုပါငွေအလွဲသုံးစားထုတ်မှုအတွက် ငွေစာရင်းပြုစုသူ အကြီးတန်းစာရေးအား ဌာနက ၂၀၁၈ ခုနစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ပယ်ခြင်း၊ ပုဒ်မ ၄၀၉ ဖြင့် အမှုဖွင့်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကြီးကြပ်သူ အရာရှိ၊ ငွေထုတ်ယူသူ အရာရှိ ဒုရဲမှူး၊ ရဲအုပ်၊ ရဲတပ်ကြပ်ကြီးတို့ကို ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူဆောင်ရွက်ထားခြင်း၊ ငွေထုတ်သူ အရာရှိ ဒုရဲမှူးအား ရဲအမှုထမ်းခြင်းမှ ထုတ်ပယ်ခြင်း ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း ဖော်ပြထားသည်။

အမှတ် ၁ ရေနံမြေ လုံခြုံရေးရဲတပ်ဖွဲ့ခွဲ (ရေနံချောင်း)

၂၀၁၈ – ၂၀၁၉ ဘဏ္ဍာရေးနှစ် ပထမ ၆ လအတွင်း အမှတ် ၁ ရေနံမြေလုံခြုံရေး ရဲတပ်ဖွဲ့ခွဲ (ရေနံချောင်း) က ကျပ် သန်း ၂၀ ဒသမ ၈၅၃ သန်းကို အမှန် အသုံးစရိတ်ထက် ပိုမိုထုတ်ယူမှု/ အလွဲသုံးစားပြုခဲ့သည်။

လစာတောင်းခံယူရာတွင် တပ်ဖွဲ့ဝင်အင်အား ပိုမို ဖော်ပြထုတ်ယူခြင်း၊ ချက်လက်မှတ်ကို ပြင်ဆင်ဖြည့်စွက် ခြင်း၊ လစာရိက္ခာငွေတောင်းခံလွှာကို ပိုမိုဖော်ပြထုတ်ယူခြင်းဖြင့် ငွေများ အလွဲသုံးစား ထုတ်ယူခဲ့ကြောင်း၊ အဆိုပါငွေကြေးများကို ပြန်လည် ပေးသွင်းပြီးဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်အတွက် အရေးယူရာတွင် စာရင်းကိုင် ဒုတပ်ကြပ်မှာ ထွက်ပြေးသွား၍ ရဲပြေးကြေညာထားခြင်း၊ ကြီးကြပ်သူ အရာရှိ ဒုရဲမှူးကြီးနှင့် ငွေထုတ်သူ အရာရှိ ဒုရဲမှူး ၂ ဦးတို့ကို ရုံးထိုင် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဟိုပန်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး

ဟိုပန်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးသည် ၂၀၁၇ – ၂၁၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သန်း ၄၁၇ ဒသမ ၄၀၉ (ငွေကျပ်သိန်း ၄၀၀၀ ကျော်) ကို ထုတ်ယူသွားခဲ့ရာ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ငွေကြေးများ လုံး၀ ပြန်လည် ရရှိခြင်းမရှိသေးကြောင်း သိရှိရသည်။

ဟိုပန်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၏ အလွဲသုံးစားပြုငွေများ ပြန်လည်ရရှိရေးအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ ပြည်သူ့ဘဏ္ဍာ သိမ်းဆည်းနိုင်ရေး ဆောင်ရွက်နေကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်တွင် စာရင်းအဆင့် ၁ ဒေါ်နန်းစွမ်းရည်က ထုတ်ယူခဲ့ခြင်းဖြစ်ပြီး တရားခံပြေး ကြေညာထားကြောင်း သိရှိရသည်။

တရားခံပြေး ဒေါ်နန်းစွမ်းရည်က ငွေများအနက်မှ ၂ ရာခိုင်နှုန်းအတိုးငွေရရှိရန် Bright Team ဆောက်လုပ်ရေးကုမ္ပဏီဒါရိုက်တာ ဒေါ်ယမင်းသူထံသို့ ငွေကျပ် သိန်း ၅၂၀ လွှဲပို့ခဲ့ခြင်း၊ တောင်ဥက္ကပလာပတွင် ကျပ် ၄၄၅ သိန်းဖြင့် အိမ်ဝယ်ယူခြင်း စုစုပေါင်း ၉၆၅ သိန်း စိစစ်တွေ့ရှိရပြီး ကျန်ငွေများကို ထပ်မံ ဖော်ထုတ်နိုင်ရေး ဒေါ်နန်းစွမ်းရည်ကို ဖမ်းဆီးရန် ကြိုးစားလျက်ရှိကြောင်း၊ အလွဲသုံးစား ထုတ်ယူထားသော ငွေကြေးမှာ စုစုပေါင်း ကျပ် ၄၁၇ ၄၀၉ ၄၉၉ (သိန်း ၄၀၀၀ ကျော်) ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင်ဟိုပန်ခရိုင် ဒုရဲမှူးကြီး သီဟန်(ခ) သူရဇော်၏ Bright Team Group ကုမ္ပဏီတွင် အစုရှယ်ယာပိုင်ဆိုင်မှု တန်ဖိုး ကျပ်သိန်း ၂၀၀ နှင့်ပတ်သက်၍ ဝင်ငွေရလမ်း စစ်ဆေးပြီး ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ အရေးယူရန် သင့်၊ မသင့်၊ ဒေါ်နန်းစွမ်းရည်သို့ မြေနှင့်အိမ်ခြံမြေရောင်းချခဲ့သူ ဒေါ်ခင်အုန်းမြင့်နှင့် Bright Team ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဒေါ်ယမင်းသူ၏ ယာဉ်အမှတ် 9D/6380 တိုယိုတာ လင့်ခရူဆာ ယာဉ်အလဲအထပ် လုပ်ခြင်း၊ ရောင်းချခြင်းတို့အတွက် ဝင်ငွေခွန်ဥပဒေအရ စိစစ်ရန် သင့်၊မ သင့်တို့ကို လည်း ဌာန၏ ရှင်းလင်းတင်ပြချက်တွင် ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts