All News Health Local News

ပျော်ဘွယ်တွင် တရုတ်နိုင်ငံသားတစ်ဦး ရောက်လာ၍ မြို့လူထု စိုးရိမ်မှုဖြစ်၊ သက်ဆိုင်ရာက ၁၄ ရက်တိတိ စောင့်ကြည့်နေဟုဆို

ပျော်ဘွယ်တွင် တရုတ်နိုင်ငံသားတစ်ဦး ရောက်လာ၍ မြို့လူထု စိုးရိမ်မှုဖြစ်၊ သက်ဆိုင်ရာက ၁၄ ရက်တိတိ စောင့်ကြည့်နေဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့ သို့ လာရောက်သည့် နိုင်ငံခြားသားများနှင့် နယ်စပ်မှ ပြန်လာသူများ ပျော်ဘွယ်မြို့သို့ ရောက်ရှိလာလျှင် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း ပျော်ဘွယ်မြို့နယ် ပြည်သူ့ဆေးရုံမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ခင်မာလာက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ပျော်ဘွယ်မြို့သို့ တရုတ်နိုင်ငံသားတစ်ဦးရောက်ရှိလာသော်လည်း ကျန်းမာရေးစစ်ဆေးမှုအရ ကျန်းမာကြောင်း၊ ကော်ရိုနာဗိုင်းရပ်စ် သံသယလူနာအဖြစ် သတ်မှတ်ထားခြင်းမရှိကြောင်း၊ တရုတ်နိုင်ငံသားတစ်ဦး ရောက်ရှိလာ၍ မြို့လူထု စိုးရိမ်ှုများရှိနေကြောင်း သိရှိရသည်။

“ကျွန်မတို့ တည်းခိုခန်းတွေကိုအကုန်လုံးမှာထားပါတယ်၊ နိုင်ငံခြားသားတရုတ်ဧည့်သည်တွေရောက်ရင် သတင်းပို့ဖို့ပေါ့၊ အင်ပါယာတည်းခိုခန်းကနေပြီးတော့ တရုတ်နိုင်ငံသားတစ်ဦး တံတားဦးလေဆိပ်ကိုဖြတ်ပြီး လာရောက်တည်းခိုးတယ်ဆိုတဲ့ သတင်းရတဲ့အတွက် ကျွန်မတို့ရဲ့ Guide Line အတိုင်း အဖျားတိုင်းတာ စစ်ဆေးဖို့အတွက် ဒေါက်တာလဲ့လဲ့အောင်ကို လုပ်ခိုင်းလိုက်တော့ အဲဒီတရုတ်နိုင်ငံခြားသားက ကျန်းမာရေး အခြေအနေကောင်းမွန်ပါတယ်၊ အဖျားလဲမရှိဘူး၊ နှာစီး၊ ချောင်းဆိုးလဲမရှိတဲ့အတွက် သံသယလူနာလို့ မသတ်မှတ်ပါဘူး၊ ဖေဖော်ဝါရီ ၁၄ ရက်နေ့ မနက်မှ စစ်ဆေးတာပါ၊ ကျွန်မတို့ကတော့ ဖျားနားခြင်း စစ်ဆေးတဲ့လုပ်ငန်းတွေကို တောက်လျှောက်လုပ်သွားမှာပါ၊ အဖျားတက်လာတယ်၊ နှာစီးချောင်းဆိုး လာရင်တော့ ပြည်သူ့ဆေးရုံကြီးရဲ့ isolation ward ကို ခေါ်လာမှာပါ၊ တရုတ်နိုင်ငံသားမှ မဟုတ်ပါဘူး၊ တရုတ်နယ်စပ်က ပြန်လာတယ်ဆိုရင် ရပ်ကျေးတွေနဲ့ အကုန်လုံး ကျွန်မတို့ ဝန်ထမ်းတွေနဲ့ မှာထားပါတယ်၊ အိမ်ထဲမှာပဲ နေဖို့ ဘယ်မှမထွက်ဖို့ နောက်ပြီးရင် ထူးခြားတဲ့ လက္ခဏာရှိရင် ကျန်းမာရေးဌာနနဲ့ ချက်ချင်းဆက်သွယ်ဖို့ ဝန်ထမ်းတွေကလဲ လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်နေပါတယ်။ တောက်လျှောက်လုပ်နေပါတယ် ”ဟု ပျော်ဘွယ်မြို့နယ် ပြည်သူ့ဆေးရုံမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ခင်မာလာက ပြောသည်။

ပျော်ဘွယ်သို့ ရောက်ရှိလာသော တရုတ်နိုင်ငံသားသည် မန္တလေးမြို့ အပြည်ပြည်ဆိုင်ရာတံတာဦးလေဆိပ်သို့ ဖေဖေါ်ဝါရီ(၁၀)ရက်နေ့တွင် ရောက်ရှိလာပြီး လေဆိပ်တွင် ကျန်းမာရေးစစ်ဆေးခြင်းများ pass ဖြစ်ခဲ့ကြောင်း၊ ပျော်ဘွယ်တွင် Business Visa ဖြင့် ဆံပင်လုပ်ငန်းများ လုပ်ကိုင်သူဖြစ်ကြောင်း၊ တရားဝင်ဗီဇာ ရက်(၇၀)ဖြင့် ဧပြီလ ၂၀ ရက်နေ့အထိ နေထိုင်ခွင့်ရရှိထားကြောင်း ပျော်ဘွယ်မြို့နယ် လ.ဝ.က ဦးစီးမှူး ဦးထွန်းလွင်က ပြောသည်။

“သူက Business Visa နဲ့ ရက် ၇၀ နေထိုင်ခွင့်ရရှိထားပါတယ်၊ အင်ပါယာဟိုတယ်ကို ၁၁ ရက်နေ့က ရောက်တယ်ပြောပါတယ်၊ ၁၄ ရက်နေ့ မနက်ပိုင်းမှာ ကျန်းမာရေးစစ်ဆေးမှုတွေလုပ်ပါတယ်၊ ကျန်းမာရေးကတော့ ကောင်းပါတယ်”ဟု ပျော်ဘွယ်မြို့နယ် လ.ဝ.က ဦးစီးမှူး ဦးထွန်းလွင်က ပြောသည်။

“အင်ပါယာဟိုတယ်မှာ တရုတ်နိုင်ငံသားတစ်ဦးရောက်နေတာနဲ့ ပတ်သက်ပြီး NLD ပါတီက ဦးညီညီလွင်က ပြောတဲ့အတွက် လ.ဝ.က ရယ် ကျန်းမာရေးဌာနကို တာဝန်ပေးခဲ့ပါတယ်၊ ဒီနေ့မနက် စစ်ဆေးတဲ့အခါမှာတော့ သံသယဖြစ်စရာမရှိပါဘူး၊ ကျွန်တော်တို့ကတော့ ၁၄ ရက် ပြည့်အောင်တော့ စောင့်ကြည့်ပါမယ်၊ သံသယဖြစ်စရာ မတွေ့ပါဘူးလို့လည်း ကျန်းမာရေးဌာနက ဆရာဝန်ကြီးတွေက ပြောပါတယ်”ဟု ပျော်ဘွယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက ပြောသည်။

ပျော်ဘွယ်မြို့နယ်တွင် တရုတ်နိုင်ငံနှင့် နယ်စပ်မူဆယ်မှ ပြန်ရောက်လာသူ ၇၀၀ ဦးခန့်ရှိနေပြီး၊ ရပ်ကွက်၊ ကျေးရွာများအထိ ကွင်းဆင်းကာ ကျန်းမာရေးစစ်ဆေးမှုများကို လုပ်ဆောင်နေပြီးအိမ်ထဲတွင်နေထိုင်ရန် နှင့် ထူးခြားသည့် လက္ခဏာများတွေ့ရှိပါကလည်း ကျန်းမာရေးဌာနသို့ သတင်းပေးပို့ရန် ညွှန်ကြားထားကြောင်း ပျော်ဘွယ်မြို့နယ် ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

“ ရပ်ကွက်ထဲမှာတော့ (၅)ဦးလောက်ရှိတယ်၊ တရုတ်နိုင်ငံဘက်က ပြန်လာတဲ့သူတွေ ၊ ဇန်နဝါရီလောက်ကပြန်လာတာပါ၊ အားလုံးကျန်းမာရေးကောင်းမွန်ပါတယ်၊ဖျားနာတာမရှိဘူး၊ ဒေါဒေါင်မြည်ပဲ စောင့်ကြည့်တဲ့ (၁၄) ရက်တောင်ကျော်သွားပြီး”ဟု ရှမ်းပွဲရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနေလင်းဦးက ပြောသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts