All News Local News Peace

ပလက်ဝ- ကျောက်တော်ခရီးသည်တင် ရေယာဉ် အပစ်ခံရပြီး ၄ ဦးဒဏ်ရာရရှိကာ ၂ ဦးပြင်းထန်၊ မြေပုံတွင် တပ်မတော်သားအလောင်းတချို့နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ပလက်ဝ- ကျောက်တော်ခရီးသည်တင် ရေယာဉ် အပစ်ခံရပြီး အရပ်သား ၄ ဦးဒဏ်ရာရရှိကာ ၂ ဦးပြင်းထန်၊ မြေပုံတွင် အတွဲလိုက်ဒုံး၊ ရဟတ်ယာဉ်၊ဂျက်တိုက်လေယာဉ်များနှင့်တိုက်ခိုက်ပြီး တပ်မတော်သားအလောင်းတချို့နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိဟု ခိုင်သုခပြော

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

ရခိုင်ပြည်နယ်တွင် ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က ပလက်ဝ- ကျောက်တော် ပြေးဆွဲလျက်ရှိသော ခရီးသည်တင် အမြန်ရေယာဉ် ၁ စီး အပစ်ခံရပြီး အရပ်သား ၄ ဦး ဒဏ်ရာရရှိပြီး ၂ ဦး ဒဏ်ရာ ပြင်းထန်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ပလက်ဝမှ ကျောက်တော်မြို့နယ်သို့ ကုလားတန်မြစ်ကြောင်းအတိုင်း မောင်းနှင်လာသော ခရီးသည်တင် အမြန်ရေယာဉ်သည် မီးဝကျေးရွာအနီးတွင် ပစ်ခတ်ခံရပြီး ၄ ဦးဒဏ်ရာရရှိကာ ၂ ဦး ဒဏ်ရာပြင်းထန်ကြောင်း၊ လက်ရှိ အချိန်အထိ အမြန်ရေယာဉ်သည် လူနာများတင်ဆောင်လျက် ကျောက်တော်မြို့သို့ ဆက်လက် ခုတ်မောင်းနေဆဲဖြစ်ကြောင်း သိရှိရသည်။

“ကျနော်တို့ ဖုန်းသတင်းရထားတယ်။ အခု ကြိုစောင့်နေတာ။ လူနာတွေ သယ်ပြီး ဆေးရုံပို့ဖို့ ။ ပလက်ဝကနေ ကျောက်တော်ကိုလာတဲ့ အမြန်ရေယာဉ် အပစ်ခံရတာ။ လက်နက်ကြီးတွေလည်း ပစ်တယ်။ လက်နက်ငယ်တွေနဲ့လည်း ပစ်တယ်။ ရေယာဉ်ပေါ်မှာ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်။ ၄ ဦးမှာ ၂ ဦးပြင်းထန်တယ်။ အမျိုးသမီးတွေလည်းထိတယ်” ဟု ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူ တစ်ဦးက ပြောဆိုသည်။

ခရီးသည်တင် ရေယာဉ် အပစ်ခံရမှုနှင့်ပတ်သက်ပြီး မည်သည့်လက်နက်ကိုင် တပ်ဖွဲ့က ပစ်ခတ်သည်ကို ရန်ကုန်ခေတ်သစ်အနေဖြင့် အတည်ပြု မေးမြန်းနိုင်ခြင်းမရှိသေးပါ။

လတ်တလော ရခိုင်ပြည်နယ်တွင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီးပလက်ဝ၊ ကျောက်တာ်၊ အမ်း၊ မြေပုံ မြို့နယ်များတွင် ဖေဖော်ဝါရီ ၂၆ ရက်နေ့ က တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ ပလက်ဝမြို့နယ်မီးချောင်းတံတားထိပ် ဗျူဟာကုန်းတွင် ၂၁ ရက်မြောက်နေ့အဖြစ် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောဆိုသည်။

မြေပုံမြို့နယ်၊ စညှင်းကျေးရွာတွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တိုက်ပွဲပြင်းထန်ခဲ့ပြီး တပ်မ ၆၆ လက်အောက်ခံ ခမရ ၁၀ မှ တပ်မတော်သား အလောင်းတချို့နှင့် စစ်အသုံးအဆောင် လက်နက်ခဲယမ်းများ ဖမ်းမိကြောင်း ခိုင်သုက ပြောဆိုသည်။

“မြေပုံမြို့နယ်၊ စညှင်းကျေးရွာ တောင်တန်းပေါ်မှာ ၂၅ ရက်နေ့ကတည်းက တိုက်ပွဲဖြစ်တယ်။ မနေ့ကဆိုရင် တိုက်ပွဲတွေဖြစ်ခဲ့တဲ့နေရာမှာ ရဟတ်ယာဉ် ၂ စီး၊ ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ပစ်ခတ် တိုက်ခတ်တယ်။ ညနေ ၆ နာရီမှာ အတွဲလိုက် ဒုံးများဖြင့် ပစ်ခတ်။ တပ်မတော် ၆၆ လက်အောက်ခံ စမွေ အခြေစိုက် ခမရ ၁၀ နဲ့ ဖြစ်တာ။ တိုက်ပွဲဒုတိယနေ့မှာ ခမရ ၁၀ ရန်သူ့အလောင်း အချို့ ရယ်၊ စစ်အသုံးအဆောင် လက်နက်ခဲယမ်းစာရွက်စာတမ်းတွေ သိမ်းဆည်းရမိတယ်” ဟု ခိုင်သုခက ပြောဆိုသည်။

AA က တပ်မတော်သားတချို့အလောင်းများနှင့် စစ်အသုံးအဆောင် ပစ္စည်းများကို ၎င်းတို့၏ Website တွင် ထုတ်ပြန်ကြေညာထားသည်။

ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဖေဖော်ဝါရီ ၂၇ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်တွင် တိုက်ပွဲ အခြေအနေ၊ ခရီးသည်တင် ရေယာဉ် ပစ်ခတ်ခံရမှု အခြေအနေများနှင့်ပတ်သက်၍ မေးမြန်းရန် ဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts