All News Local News

ပလက်ဝနှင့်ရခိုင်မြို့နယ် ၈ ခုတွင် အင်တာနက်လိုင်း ပိတ်ပင်ထားမှု လူထု၏ လုံခြုံရေးကို ခြိမ်းခြောက်နေဟု အရပ်ဘက်အဖွဲ့ ၁၀၅ ခုထုတ်ပြန်

ပလက်ဝနှင့်ရခိုင်မြို့နယ် ၈ ခုတွင် အင်တာနက်လိုင်း ပိတ်ပင်ထားမှု လူထု၏ လုံခြုံရေးကို ခြိမ်းခြောက်နေဟု အရပ်ဘက်အဖွဲ့ ၁၀၅ ခုထုတ်ပြန်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

တပ်မတော်နှင့် ရခိုင်တပ်တော်(AA)တို့တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များနှင့် ပလက်ဝဒေသတို့တွင် အင်တာနက်လိုင်းဖြတ်တောက်ခြင်းများသည် အဆိုပါဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပိုမိုဖြစ်စေရန် တွန်းအားပေးနေပြီး လူထု၏ လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း အရပ်ဖက်အဖွဲ့စည်း ၁ဝ၅ဖွဲ့က ယနေ့ဖေဖော်ဝါရီလ ၁၇ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်သည်။

“ အင်တာနက်လိုင်း ဖြတ်တောက်ခံရသောကြောင့် ပြည်သူလူထု၏ လွတ်လပ်စွာရေးသားထုတ်ဖော်ခွင့်နှင့် သတင်းအချက်အလက်များ ရရှိနိုင်ခွင့် အကန့်သက်ချက်များ ဖြစ်ပေါ်စေခြင်း၊ ပြည်သူလူထု၏ စီးပွားရေးလုပ်ငန်းများ၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများနှင့် အသက်ရှင်ရပ်တည်ရေးကို ထိခိုက်စေခြင်း၊ လက်နက်ကိုင် ပဋိပက္ခအတွင်း ထိခိုက်ဒဏ်ရာ ရရှိသော ပြည်သူများကို အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ခက်ခဲခြင်း၊ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုပေးရန် သတင်းအချက်အလက် မြန်မြန်ဆန်ဆန် မရရှိခြင်း၊ ပဋိပက္ခအတွင်း ပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ ရှောင်တိမ်းနိုင်ရန် အချင်းချင်းပြောဆိုရန် အဟန့်အတားဖြစ်စေခြင်း၊ လူထုကိုသက်သာရာရောက်စေမည့် သက်ဆိုင်ရာ အရေးကြီးသတင်း အချက်အလက်များကို အချိန်နှင့် တပြေးညီ အသိပေးမဖြန့်ဝေနိုင်ခြင်း၊ ကျောင်းသား ကျောင်းသူ ကလေးငယ်များ ပညာသင်ယူခွင့်ဆုံးရှုံးခြင်း စသည်တို့ကို ကြီးမားစွာဆိုးကျိုးသက်ရောက်စေနိုင်သည်” ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များဖြစ်သော မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့နယ်များတွင် ၂ဝ၁၉ ဇွန်လ ၂၁ရက်မှစ၍ အစိုးရက အင်တာနက်လိုင်း ဖြတ်တောက်ခဲ့သည်မှာ ရက်ပေါင်း (၂၄၂)ရက်တိတိ ကြာမြင့်ခဲ့ပြီဖြစ်သည်။

ထို့ပြင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝတို့တွင် ၂ဝ၁၉ စက်တင်ဘာလ ၁ရက်နေ့မှ စတင်ကာ အင်တာနက်လိုင်း ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း ၂ဝ၂ဝ ဖေဖော်ဝါရီလ ၃ရက်နေ့တွင် အစိုးရက အင်တာနက်လိုင်း ပြန်လည်ဖြတ်တောက်ခဲ့သည့်အတွက် ကမ္ဘာ့အရှည်ကြာဆုံး အင်တာနက်လိုင်းဖြတ်တောက်မှု တစ်ခုလာခဲ့ပြီဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့အင်တာနက်လိုင်း ဖြတ်တောက်သည့် မြို့နယ်များသည် လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်စွာ ဖြစ်ပွားနေသောဒေသများဖြစ်သည့်အတွက် ဒေသခံပြည်သူများ၏ လုံခြုံရေးသည် စိုးရိမ်ဖွယ်ရာ ကောင်းအောင် ခြိမ်းခြောက်လျှက်ရှိသည် ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

Photo Credit – ictdirectory.com.mm

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts