All News Local News Peace

ပလက်ဝတွင် ဆေးဝါး၊ စားနပ်ရိက္ခာ နှင့် အခြေခံလူသုံးကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေး AA ထိန်းချုပ်

ပလက်ဝတွင် ဆေးဝါး၊ စားနပ်ရိက္ခာနှင့် အခြေခံလူသုံးကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေး AA ထိန်းချုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

ရခိုင်တပ်တော်AA နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသော ပလက်ဝမြို့နယ်တွင် ပြည်သူများအတွက် ဆေးဝါး၊ ရိက္ခာ၊ အခြေခံလူသုံးပစ္စည်းများ သယ်ယူပို့ဆောင်ရေးနှင့် ပတ်သတ်သည့် ကျေးရွာအုပ်ချုပ်ရေးများ၏ အာမခံချက်နှင့် ထောက်ခံချက်ပါမှသာလျှင် သယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း AAက ယမန်နေ့က ကြေညာချက်ထုတ်ပြန်သည်။

AA၏ ထုတ်ပြန်ချက်တွင် ပလက်ဝဒေသအတွင်း ယခုအချိန်ကာလသည် စစ်ရေးကာလဖြစ်သောကြောင့် တစ်ဖက်ရန်သူ၏ စားနပ်ရိက္ခာများ၊ စစ်ဖက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများဖြစ်ပါက ၎င်းပစ္စည်းများကို ကန့်သတ်ထိန်းချုပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

“ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို လုပ်ဆောင်နေကြသောသူများအနေဖြင့် ကျောက်တော်မြို့မှ ပလက်ဝမြို့သို့ ကုန်းလမ်း၊ ရေလမ်းများဖြင့် ရိက္ခာများကို သယ်ယူပို့ဆောင်မည်ဆိုပါက ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ အာမခံချက် ထောက်ခံချက်များကို တပါးတည်းယူဆောင်လာကြရပါမည်။ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့်လည်း အရပ်ဖက်ဆိုင်ရာ အခြေခံစားဝတ်နေရေးနှင့် ပတ်သက်သော ရိက္ခာများဟုတ်မှန်ကြောင်း ဒေသခံများဟုတ်မှန်ကြောင်း သေချာစွာ စစ်ဆေးပြီးမှ ထောက်ခံစာများအား ရေးသားပေးကြစေလိုပါသည်။ ထိုသို့ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်များ ပါရှိပါက မိမိတို့အဖွဲ့အစည်းအနေဖြင့် တစ်စုံတစ်ရာ အနှောင့်အယှက်မပေးဘဲ တတ်နိုင်သည့်ဘက်က အကူအညီပေးသွားမည် ဖြစ်ပါသည်” ဟု AA၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ပလက်ဝဒေသနှင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်များတွင် တပ်မတော်က ညမထွက်ရအမိန့်ထုတ်ပြန်ထားခြင်း၊ အင်တာနက်လိုင်းများ ထပ်မံဖြတ်တောက်ထားခြင်းတို့အပြင် သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလာရေးလမ်းများ ပိတ်ဆို့နေခြင်းကြောင့် စားနပ်ရိက္ခာ အခြေခံလူ့အသုံးအဆောင် ပစ္စည်းများ သယ်ယူပို့ဆောင်နှင့် ပတ်သက်၍ အခက်အခဲများစွာကြုံတွေ့နေရသည်ကိုစိတ်မကောင်းကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း အနောက်ပိုင်းစစ်ဌာနချုပ် ပြောဆိုရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ရန်ကုန်ခေတ်သစ်က တယ်လီဖုန်းဖြင့် ဆက်သွယ်၍ မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts