All News interview Peace

နိုင်ငံရေးတွင် တပ်မတော်ပါဝင်ရန် အမျိုးသားရေး အယူဝါဒ ပုံဖော်ပြီး ဘာသာရေးနှင့်တွဲဖက်၍ လူမျိုးရေး ပဋိပက္ခကို ဖန်တီးသလိုဖြစ်နေဟု ဝေဖန်

နိုင်ငံရေးတွင် တပ်မတော်ပါဝင်ရန် အမျိုးသားရေး အယူဝါဒ ပုံဖော်ပြီး ဘာသာရေးနှင့်တွဲဖက်၍ လူမျိုးရေး ပဋိပက္ခကို ဖန်တီးသလိုဖြစ်နေဟု ဝေဖန်

By ရန်ကုန်ခေတ်သစ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားရေးစိတ်ဓာတ်ဖြင့်သာ ဖော်ဆောင်ရမည်ဖြစ်ပြီး အမျိုးသားရေး စိတ်ဓာတ် ဟုပြော လိုက်သည်နှင့် လူမျိုးဆိုသည့် ကျဉ်းမြောင်းသည့်အမြင် ဖြင့် မြင်ချင်ကြကြောင်း၊ အမေရိကန်၏ ” Make American Great Again” ဆိုသည့်ကြွေးကြော်ချက်၊ ရုရှား၏ ” Great Russia” ဆိုသည့် ရည်မှန်းချက်များက EU နိုင်ငံများအပါအဝင် ဒီမိုကရေစီ ရင့်ကျက်နေသည့် နိုင်ငံများပင်လျှင် အမျိုးသားရေးကို ဦးတည်နေကြောင်း ဖေဖော်ဝါရီလ ၈ ရက်နေ့ YMBA က ချီးမြှင့်သည့် “အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့တော်” လက်ခံရယူစဉ် ပြောဆိုသွားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမျိုးသားရေး အကြောင်း ဦးတည်ပြောဆိုနေချိန် အချိန်အတော်ကြာ ငြိမ်သက်နေသော အမျိုးသားရေး လှုပ်ရှားမှုများလည်း ပြည်တွင်းတွင် ပြန်လည် ပေါ်ပေါက်လာပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေး အစည်းအရုံးMNO ဟူသော အဖွဲ့တစ်ခုလည်း ပေါ်ပေါ်ထင်ထင် ပေါ်လာနေသည်။

အမျိုးဘာသာ သာသနာကို မစောင့်ရှောက်သောသူများကို မဲမပေးရေးဆိုသော ကြွေးကြော်သံများကလည်း တဖြည်းဖြည်းကျယ်လောင်လာနေရာ အမျိုးသားရေး လှုပ်ရှားမှုများသည် ၂၀၂၀ ရွေးကောက်ပွဲသို့ ဦးတည် လာနေပုံရှိသည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက နိုင်ငံရေးလေ့လာ သုံးသပ်သူများကို ဆက်သွယ်မေးမြန်းထားပါသည်။

ဦးသန်းစိုးနိုင် (နိုင်ငံရေးလေ့လာသုံးသပ်သူ)

တကယ်ကတော့ အမျိုးသားရေးလှုပ်ရှားမှုဆိုတာ ဗြိတိသျှကိုလိုနီများ လက်အောက်တုန်းက လုပ်ခဲ့တဲ့အခါမှာ အလွန်အရှိန်အဝါကောင်းတဲ့ နိုင်ငံရေးလှုပ်ရှားမှုတစ်ခုပါ။ ဒါပေမယ့် ကိုယ့်မင်းကိုယ်ချင်းနဲ့ဖြစ်နေတဲ့ ကာလရောက်မှ အမျိုးသားရေးကိုဖော်ထုတ်တဲ့အခါကျတော့ ဒါက လူမျိုးရေးပဋိပက္ခတွေကို ဖန်တီးအားပေးသလိုဖြစ်နေတယ်။ ဒါကတစ်ချက်ပေါ့ဗျာ။ နောက်တစ်ခုက တပ်မတော်က အခုနိုင်ငံရေးလောကထဲမှာ ပါဝင်ပြီးတော့ လှုပ်ရှားတဲ့နေရာမှာ သူ့မှာက အယူဝါဒတစ်ခုကို တံဆိပ်ကပ်ပြီး ပုံဖော်ဖို့က ခက်တယ်။

အဲတော့ သူတို့ကဘာဖော်ထုတ်လိုက်လည်းဆိုတော့ အမျိုးသားနိုင်ငံရေးဆိုတဲ့ဟာ ဖော်ထုတ်လိုက်တာပေါ့ဗျာ။ ဒါပေမယ့် အမျိုးသားနိုင်ငံရေးဆိုတဲ့ဟာ သူကအဓိပ္ပာယ် နှစ်ခုရှိတယ်။ တစ်ခုကတော့ လူတန်းစားနဲ့ မဆိုင်ဘူး။ အမျိုးသားတစ်ရပ်လုံးနဲ့ ဆိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်လည်းပါတယ်။ နောက်တစ်ခုက အမျိုးသားလှုပ်ရှားမှုဆိုတာဟာ ကျွန်တော်တို့ အမျိုးသားရေးဖိနှိပ်ခံရတဲ့အခြေအနေအောက်မှာမှ လုပ်ကြတာပါဖြစ်ကြတာပါ။ အဲတော့ အခုကျတော့ တပ်မတော်က ဒီအယူဝါဒရေးဆိုင်ရာ နိုင်ငံရေးနဲ့ သူက သီးခြားခွဲထုတ်ပြီးတော့ အမျိုးသားနိုင်ငံရေးဆိုတဲ့ အသုံးအနှုန်းကို သုံးနှုန်းရင်းနဲ့ ဒီစကားတွေဖြစ်လာတာပါ။

အဲတော့ အမျိုးသားနိုင်ငံရေးဆိုတာကို ပြောတာနဲ့ တစ်ပြိုင်နက်တည်းမှာ တခြားက မြန်မာပြည်မှာ အမျိုး၊ ဘာသာ၊ သာသနာဆိုတဲ့ လှုပ်ရှားမှုက တောက်လျှောက်ရှိလာခဲ့တာပဲ အဲတော့ တစ်ဆက်တည်းမှာ ဘာဖြစ်လာလဲဆိုတော့ အမျိုးသားရေးလှုပ်ရှားမှုတွေက ဘာသာရေးနဲ့ တွဲလာတာပဲ။ အဲတော့ ဘာသာရေးလှုပ်ရှားမှုတွေမှာ တပ်မတော်က ခုနကပြောတဲ့ အခြေအနေအကြောင်းအချက်တွေကို အသုံးချပြီးတော့ သူတို့ရဲ့နိုင်ငံရေးလှုပ်ရှားမှုကို ပုံဖော်နေတယ်လို့ယူဆပါတယ်။ ဒါပေမယ့် ဒီနေ့အချိန်မှာ အဲအမျိုးသားရေးအလံထောင်ပြီးတော့ ဘာသာရေးနဲ့ ပေါင်းစပ်ပြီးတော့ ဒီနိုင်ငံရေးလုပ်ငန်းတွေထဲမှာ ပါဝင်နေတာဟာ သိပ်ပြီးတော့ ကျွန်တော်အနေနဲ့ ဒီဟာတွေကို အားမပေးသင့်ပါဘူး။

ကျွန်တော်တို့အမြင်မှာတော့ ဒီနေ့ကာလမှာက ကျွန်တော်တို့ အမျိုးသားနိုင်ငံရေးဆိုတာဘာလဲ ကျွန်တော်တို့အမျိုးသားနိုင်ငံရေးဟာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ထူထောင်တဲ့လမ်းကြောင်းကို ကျွန်တော်တို့လျှောက်ကျရမှာပါ။ ကျွန်တော်တို့အမျိုးသားရေးနဲ့ ဘာသာရေးပေါင်းလုပ်တဲ့ နိုင်ငံရေးလှုပ်ရှားမှုမျိုး ကျွန်တော်တို့ တိုင်းပြည်က လိုလည်းမလိုအပ်ဘူး။ အကျိုးလည်းမရှိဘူးလို့ ကျွန်တော်သုံးသပ်တယ်။

ဦးမောင်မောင်စိုး (နိုင်ငံရေးလေ့လာသုံးသပ်သူ)

တပ်မတော်မှာ ကျွန်တော်တို့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ခေတ်ပေါ့။ ဒီတပ်မတော်ထဲမှာ မဆလ ကော်မတီတွေရှိတယ်။ မဆလ ပါတီရဲ့ Guideline ရှိတာပေါ့။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ Guideline နဲ့သွားတယ်။ အဲတာကကျွန်တော်တို့ ၈၈မှာ ပြိုသွားပြီးနောက်မှာ တပ်မတော်ကို သီအိုရီ အရ သဘောတရားအရ Guideline တစ်ခုလိုလာတယ်။ အစားထိုးဖို့ပေါ့။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်နေရာမှာ အဲအတွက် အမျိုး၊ ဘာသာ၊ သာသနာဆိုတဲ့ဟာကို Guideline အနေနဲ့ထိုးဖို့ စဉ်းစားလာတယ်လို့ပဲ ကျွန်တော်တို့ တွေ့ရပါတယ်။

အဲလိုတွေ့တဲ့အတွက်ကြောင့် အစောပိုင်းကာလတွေမှာ အမျိုး၊ဘာသာ၊ သာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (မဘသ) နဲ့ စပေမယ့် မဘသကို လူလက်မခံဘူးဆိုတဲ့အချိန်မှာ အစဉ်အလာရှိတဲ့ YMBAကိုယူပြီးတော့ အမျိုး၊ ဘာသာ၊ သာသနာနဲ့ တပ်မတော်ကော တပ်မတော်ထောက်ခံတဲ့ သူတွေကော ဒီသီအိုရီ Guideline နဲ့သွားဖို့ စဉ်းစားတယ်လို့ထင်ပါတယ်။

ဒီလိုအမျိုးသားရေးလုပ်ဆောင်နေတာတွေက တိုင်းပြည်တစ်ခုလုံး အကျိုးရှိမရှိတော့ မသိဘူး။ အဖွဲ့အစည်းတစ်ခုအနေနဲ့ သူတို့အနေနဲ့ ဒီဟာကို သူတို့အဖွဲ့အစည်းကို Guideline ပေးဖို့အတွက်ကြိုးစားတယ်လို့ပဲ ကျွန်တော်တို့မြင်ပါတယ်။ အဖွဲ့အစည်းတစ်ခုလုံးကို Guideline ပေးပြီးတော့ အမျိုး၊ ဘာသာ၊ သာသနာနဲ့ လှုပ်ဆော်ဖို့အတွက် ရည်ရွယ်တယ်လို့ ထင်ပါတယ်။

ဦးမင်းဇေယျ (ပြည်သူ့ပါတီ ၊ဒုတိယ ဥက္ကဋ္ဌ)

နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းခေတ်တုန်းကလည်း ဗိုလ်ချုပ်ပြောခဲ့တဲ့ စကားတွေရှိတယ်လေ။ ဘာသာရေးနဲ့ နိုင်ငံရေးနဲ့ မရောယှက်ဖို့ပေါ့။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း နိုင်ငံရေးအတွက်ကို ဘာသာရေးကို အသုံးမချဖို့ ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲမသုံးဖို့ အဲလိုမျိုးတွေ ကန့်သတ်ချက်တွေ တားမြစ်ချက်တွေရှိသလို ကျင့်ဝတ်အရပြောမယ်ဆိုရင်လည်း ဘာသာရေးကို သဘောရိုးနဲ့ ယုံကြည်ကိုးကွယ်မှုနဲ့ နိုင်ငံရေးအကျိုးအမြတ်အတွက် ဘာသာရေးကို ခုတုံးလုပ် အသုံးချတယ်ဆိုတဲ့ လုပ်ရပ်တွေ အဓိပ္ပာယ်တွေကတော့ ပုံစံတစ်မျိုးဖြစ်နေတာပေါ့။

လက်ရှိဖြစ်ပေါ်နေတဲ့ အနေအထားအရက အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်ရေးဆိုတဲ့ စကားလုံးကိုသုံးပြီးတော့ အဲဒီခေါင်းစဉ်ကိုတပ်ပြီးတော့ လှုပ်ရှားမှုတွေ ဆောင်ရွက်မှုတွေဟာ အဲဒီစကားလုံးကိုသုံးပြီးတော့ နိုင်ငံရေးအရ ကိုယ်လိုရာကိုယ်ဆွဲပြီးတော့ အလွန်အကျွံ တောင်းဆိုမှုတွေ အလွန်အကျွံ စကားလုံးကအစပေါ့။ အလွန်အကျွံ ပြောဆိုမှုတွေဟာ ဘာသာရေးအရ ကွဲတယ်။ ဘာသာတူအချင်းချင်းကြားမှာလည်း သဘောကွဲလွဲမှုတွေ ဖြစ်နိုင်သလို ဘာသာမတူတဲ့ လူအချင်းချင်းကြားထဲမှာလည်း ပဋိပက္ခတွေ ပိုပြီးတော့ ဖြစ်စေတဲ့ သဘောတရားရှိတာလေ။

အမျိုးသားရေးလို့ ပြောတဲ့အခါမှာ အမျိုးသားရေးဆိုတာက နိုင်ငံတိုင်းနိုင်ငံတိုင်း လူမျိုးတိုင်းလူမျိုးတိုင်း သူ့လူမျိုးတိုင်းမှာတော့ အမျိုးသားရေးကိုတန်းဖိုးထားရတယ်ဆိုပေမယ့် အမျိုးသားရေးကို အစွန်းရောက်အသုံးချတာမျိုးပေါ့။ လက်ရှိအနေအထားမှာ ငါတို့မြန်မာနိုင်ငံ အနေအထားနဲ့ပြောမယ်ဆိုရင် ဘာသာရေးပြဿနာက ဒီအမျိုးသားရေးပြဿနာကြောင့်လို့ ပြောတဲ့အခါမှာ အစွန်းရောက်တဲ့အဖွဲ့အစည်း လူ့ပုဂ္ဂိုလ်တွေကိုပဲ ငါတို့ကပြောနေကျတာပါ။

ကိုယ့်အမျိုးသားရေးနဲ့ ပတ်သက်ပြီးတော့ တကယ့်ကို သဘောရိုးနဲ့ ချစ်ခင်နှစ်သက်မှုတွေ ကိုယ့်ရဲ့ ကိုးကွယ်တဲ့ ဘာသာနဲ့ပတ်သက်ပြီးတော့ သဘောရိုးနဲ့ချစ်ခင်နှစ်သက်မှုတွေ ယုံကြည်ကိုးကွယ်မှုတွေ ပေါ်မှာကတော့ နိုင်ငံတကာစံနှုန်းအရကော ငါတို့နိုင်ငံရဲ့ ဓလေ့ထုံးတမ်းအရနဲ့ အခြေခံဥပဒေအရပါ။ လွတ်လပ်ခွင့်ပေးထားပြီးသားလေ။ အခုမြင်ရကြားနေရ လုပ်နေကျတဲ့ပုံစံတွေက ကိုယ့်ရဲ့ နိုင်ငံရေးအကျိုးအမြတ်အတွက် ဘာသာရေးကိုဖြစ်စေ အမျိုးသားရေးကိုဖြစ်စေ ခုတုံးလုပ်နေတယ်ဆိုတဲ့ ခံစားမှုတွေဟာ တဖြေးဖြေးနဲ့ ပြည်သူတွေကြားထဲမှာ ပျံ့နှံ့လာတာက စိတ်မကောင်းစရာတစ်ခုပေါ့။

ဒီထက်ပိုပြီးတော့ စိုးရိမ်ရတာက အခုနောက်ပိုင်းပေါ့။ ခုနောက်ပိုင်းဆိုတာက ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ဦးသိန်းစိန်အစိုးရလက်ထပ်ပေါ့။ ၂ဝ၁ဝ နောက်ပိုင်းမှာဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးလှုပ်ရှားမှုမှာ လူမျိုးရေးနဲ့ ဘာသာရေးကို အခြေခံတဲ့ နောက်တစ်ခါအမျိုးသားရေးကို အကြောင်းပြတဲ့နိုင်ငံရေးလှုပ်ရှားမှုတွေ တောင်းဆိုမှုတွေဟာ ပုံမှန်ထပ်ပိုပြီးတော့ အတ္တသဘော ပုဂ္ဂိုလ်ရေးသဘော နောက်ပြီးတော့ အစွဲသဘောမျိုး ပိုပြီးတော့များပြားလာတဲ့အခါကျတော့ ပြည်တွင်းမှာရှိတဲ့ ဘာသာဝင် နိုင်ငံသားတွေကြားထဲမှာလည်း ဘာသာဝင်တူတူချင်း ကြားထဲမှာကော ဘာသာမတူတဲ့သူကြားထဲမှာကော လူမျိုးတူတဲ့ကြားထဲမှာကောအပြင် နိုင်ငံတကာကပါ ဒီဟာပေါ်မှာ အမြင်စောင်းမှု တစ်နည်းအားဖြင့် လူမျိုးရေးအစွန်းရောက်တယ်တို့ ဘာတို့ ဘာသာရေးအစွန်းရောက်တယ်ဆိုတဲ့ ဝေဖန်မှုတွေရှိလာတဲ့ပေါ်မှာတော့ ငါတို့နိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်စေတဲ့အပြင် ငါတို့နိုင်ငံ လက်ရှိသွားနေတဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းရယ် ဖက်ဒရယ်ဒီမိုကရက်တစ် တည်ထောင်ရေးလမ်းကြောင်းပေါ်တွေမှာလည်း အဟန့်အတားတွေ အနှောက်အယှက်တွေ အနည်းနဲ့ အများဖြစ်တယ်လို့မြင်တယ်။

ဦးခွန်ဘီတူး (ကယန်း အမျိုးသားပါတီ ဥက္ကဋ္ဌ)

အခုလောလောဆယ် တပ်ချုပ်အနေနဲ့ ဒီလိုရာထူးရထားတဲ့အတွက်ပေါ့။ အထူးသဖြင့် အမျိုးသားနိုင်ငံရေးပေါ့။ အမျိုးဘာသာ သာသနာပေါ်မှာ နိုင်ငံရေးဖက်ကို အရမ်းကို စောင်းတင်တဲ့ ကိစ္စဖြစ်နေတယ်လို့ ယူဆတယ်ပေါ့။

ဒီလိုလုပ်ချင်းက နိုင်ငံရေးကိစ္စတွေမှာ ဘာသာရေးရဲ့ ပါဝင်မှု ဘာသာရေးကို အသုံးချမှုလို့ယူဆတယ်။ တစ်ဦးတစ်ယောက်ချင်း ကိုယ့်ရဲ့လူမျိုး ကိုယ့်ရဲ့ ဘာသာတရားကို ကာကွယ်တဲ့နေရာမှာတော့ ကျွန်တော်တို့ အထူးပြောစရာမလိုပေမယ့် နိုင်ငံခေါင်းဆောင်ဖြစ်တဲ့ နိုင်ငံအကြီးအကဲဖြစ်တဲ့သူတွေက ဒီလိုဘာသာတရားတို့ အမျိုးသားရေးတို့ကို အစွန်းထိအလေးထားပြီးပြောတဲ့ဟာတွေက ကျွန်တော်ထင်တာကတော့ အသုံးချတဲ့ဖက်ကိုရောက်သွားတယ်လို့ ကျွန်တော်ယူဆတယ်ပေါ့။

ဒီနေရာမှာ ဘာသာတရားတွေအနေနဲ့ လူပုဂ္ဂိုလ်တစ်ယောက်အတွက် အသုံးချပြီးတော့ အစွန်းတစ်ဖက်ကို ရောက်သွားတဲ့ဟာမျိုးတွေဖြစ်သွားတယ်လို့ ကျွန်တော်ကတော့သုံးသပ်တယ်။ ဒီကိစ္စမှာက ဘာသာရေးဖက်ကို အရမ်းကို စွဲယူသွားတဲ့ကိစ္စမျိုးဖြစ်တဲ့အတွက် အင်မတန်မှ သတိပြုစရာဖြစ်မယ်။ တပ်ချုပ်အနေနဲ့ ဘာသာတရားကို လက်ကိုင်တုတ်တစ်ခုအနေနဲ့ အသုံးချမှာကို စိုးရိမ်မိတယ်။

မုံရွာအောင်ရှင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး)

အမျိုးသားရေးဆိုတာကတော့ ဘယ်ခေတ်ဘယ်အခါပဲဖြစ်ဖြစ် ဒါကတော့ ရှိတာကြီးပါပဲ။ သို့သော်လည်းပဲ ဒီအမျိုးသားရေးဟာ အစွန်းမရောက်ဖို့ပဲ အရေးကြီးတာပါပဲဗျာ။ ကျွန်တော့်အမြင်ကတော့လေ။ အမျိုးသားရေးမရှိဘဲနဲ့လည်း ဘာမှအလုပ်လုပ်လို့မရဘူး။ နိုင်ငံတစ်ခုမှာ စုစည်းဖို့တို့ စည်းရုံးရေးလုပ်တာတို့ အမျိုးသားရေး စစ်တပ်တွေနဲ့ ကျွန်တော်တို့လုပ်ခဲ့ကျရတာပဲ ဒါအတွက်ကျွန်တော်တို့ကတော့ အမျိုးသားရေးကို မပစ်ပယ်ပါဘူး။

သို့သော် အစွန်းမရောက်ဖို့တော့ အရေးကြီးတယ်လေ။ အမျိုးသားရေးအစွန်းရောက်လာပြီ ဆိုရင်တော့ ဒီမိုကရေစီအတွက် ထောင်ချောက်ဖြစ်လာတာကို ဒါကြောင့် အမျိုးသားရေး အစွန်းမရောက်ဖို့ အရေးကြီးတယ်။ ဗိုလ်ချုပ်အောင်ဆန်းကလည်းပြောဖူးပါတယ်။ ငါ့လူမျိုးမှ ငါ့လူမျိုး ငါ့ဘာသာမှ ငါ့ဘာသာဆိုတာမျိုး အစွန်းရောက်ပြီဆိုရင်တော့ ဒီဟာတွေက အချင်းချင်း လူမျိုးရေးဖြစ်ဖြစ် ပဋိပက္ခတွေပေါ့လေ။ အများကြီးဖြစ်လာကျတာကို အဲတာအရေးကြီးပါတယ်။

တပ်တော်က အမျိုးသားရေးနဲ့ ပတ်သက်ပြီးတော့ ဇောင်းပေးပြီး ပြောတယ်ပဲဆိုဆို တခြားအမျိုးသားရေးဝါဒီတွေကပဲ ဇောင်းပေးပြီးတော့ ပြောပြောပေါ့လေ။ ကျွန်တော်တို့ကတော့ အစွန်းမရောက်ဖို့ပဲ ဖြစ်စေချင်တယ်လေ။ အစွန်းရောက်ပြီဆိုရင်တော့ ဒီဟာက လူထုဆန့်ကျင်ရေးတွေဖြစ်လာမှာပါပဲ။

ဒေါက်တာတူးဂျာ (ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ)

ပြည်ထောင်စုမှာနေကျတယ်ဆိုတော့ ပြည်ထောင်စုသားတွေအားလုံးတန်းတူညီမျှမှု အခွင့်အရေးရှိဖို့ လိုအပ်တယ်ဗျ။ ဒါ အမျိုး၊ ဘာသာ၊ သာသနာအတွက် ခွဲခြားတယ်မဟုတ်ဘူး။ ဘယ်အရာမှာမှ ခွဲခြားတယ်ဆိုတာ မရှိသင့်ဘူး။ အမျိုး၊ ဘာသာ၊ သာသနာကြားမှာ ဆင်းရဲချမ်းသာ အဆင့်အတန်းမခွဲခြားဘဲ အားလုံးတန်းတူညီတူ အနေအထားမျိုးနဲ့ ပြည်ထောင်စုကြီးတစ်ခုလုံးအောက်မှာ ကျွန်တော်တို့ အားလုံးအတူတကွနေထိုင်တဲ့ အနေအထားမျိုးကိုပဲလိုချင်တယ်။

အဲတာကတော့ ဖက်ဒရယ်ပြည်ထောင်စု ဖက်ဒရယ်စစ်စစ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုရင် ဒါတွေကျွန်တော်တို့ရရှိနိုင်မှာဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့က ဘယ်သူပဲ ဘာပဲပြောပြော စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ပတ်သက်ပြီးပြောတဲ့ မိန့်ခွန်းတွေ လုပ်ရပ်တွေအားလုံး ကျွန်တော်တို့ ထောက်ခံတယ်။

ဒါဖြင့်ကွဲလွဲတယ်ဆိုရင်တော့ ဘယ်လိုဘာလုပ်လုပ် ဘယ်လိုဘာပြောပြော ကျွန်တော်ကတော့ သိပ်မထောက်ခံချင်ဘူး။ ဒီနေ့ကျွန်တော်တို့ နိုင်ငံမှာ ငြိမ်းချမ်းရေးရရှိဖို့က စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ထောင်ဖို့က အဓိကဖြစ်နေတယ်။ ဒါတခြားရွေးစရာလမ်းလည်းမရှိပါဘူး။ ဒီဟာတွေနဲ့ ကိုက်ညီတယ်ဆိုရင်တော့ ကျွန်တော်တို့က ထောက်ခံတာပေါ့။ ဒါပေမယ့် ပြောတာနဲ့ လုပ်တာက ကိုက်ညီရမယ်။ ပြောတာတစ်မျိုး လုပ်တာတစ်မျိုးဆိုရင်တော့ ဒါလည်းမကိုက်ညီဘူးဗျ။ အကျိုးမရှိနိုင်ဘူး။

Photo Credit – SGMAH

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com