All News Local News Peace

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၃ဦးကို ၆၆(ဃ)ဖြင့် ထောင်ဒဏ်၆လ ဗိုလ်တထောင်တရားရုံးက အမိန့်ချ

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၃ဦးကို ၆၆(ဃ)ဖြင့် ထောင်ဒဏ်၆လ ဗိုလ်တထောင်တရားရုံးက အမိန့်ချ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

တပ်မတော်ကို သရော်သော သံချပ်ထိုးမှုကြောင့် ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခံရသော ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ အဖွဲ့ဝင် ၃ဦးကို ယနေ့ ဒီဖေဖော်ဝါရီလ ၁၇ရက်နေ့တွင် ဗိုလ်တထောင်မြို့နယ်တရားရုံးက ပုဒ်မ၆၆(ဃ)ဖြင့် ထောင်ဒဏ်၆လ ထပ်မံချမှတ်လိုက်ကြောင်း ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့က အဖွဲ့ဝင် ကိုပိုင်ဖြိုးမင်းကပြောဆိုသည်။

ထိုသို့ ထောင်ဒဏ် ၆လ ထပ်မံချမှတ်ခံရသူ ၃ဦးမှာ ကိုပိုင်ဖြိုးမင်း၊ မဆုရတနာမြင့်နှင့် မကေခိုင်ထွန်းတို့ဖြစ်ပြီး ကျန်၄ဦးဖြစ်သည့် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုငြိမ်းချမ်းစိုးနှင့် ကိုဇော်လင်းထွဋ်တို့ကို အမှုက တရားသေ လွှတ်ပေးခဲ့ကြောင်း ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကသိရသည်။

“ကျွန်တော်တို့ကတော့ ဘယ်နှနှစ်ပဲ ကျကျ ၆လပဲချချ ၁နှစ်ပဲချချ စစ်တပ်စွဲထားတဲ့ အမှုပေါ်မှာတော့ အများကြီးမျှော်လည်းမမျှော်လင့်ဘူး။ ကျွန်တော်တို့ အသိအမှတ်လည်းမပြုဘူး။ ဘယ်လိုပဲ တရားတွေပဲချချ ဘယ်လိုပဲ ထောင်တွေပဲကချချ ဘယ်လိုပဲဖိနှိပ်ဖိနှိပ် ကျွန်တော်တို့ ပြောစရာရှိတာ ကျွန်တော်တု့ိလုပ်စရာရှိတာ ကျွန်တော်တို့ ဆက်လုပ်နေမှာပဲလို့ သူတို့သိစေချင်တယ်။ တပ်ရဲ့အမြင်မှာ ငါတို့ လုပ်ပိုင်ခွင့် ငါတို့ရဲ့အာဏာ ငါတို့နေရာအားလုံးကို ထိလာခဲ့တဲ့သူတွေအားလုံးကို ဒီလိုမျိုးလုပ်လိုက်ရင် ကြောက်သွားမှာ ဆိုတဲ့ သဘောမျိုးရှိကောင်းရှိနေလိမ့်မယ်။ ကျွန်တော်တို့ အဲဒီအမြင်တွေကို ဘယ်လိုပဲဖြစ်ဖြစ် ထွက်ဖို့ အဆင်သင့် ဒေါင်းတို့မျိုးဆက် ကတော့ စစ်တပ်နဲ့ ပတ်သက်လာရင် စစ်တပ်နိုင်ငံရေးထဲကထွက်သွားဖို့နဲ့ ဒီမိုကရေစီအရေးအတွက်ဆိုရင် အမြဲတမ်း ဘယ်နေရာပဲ ရောက်ရောက်ဘယ်လိုအခြေအနေတွေပဲဖြစ်ဖြစ် အဲဒီလက်နက်ကိုပဲ စွဲကိုင်ပြီးတော့ ဆက်ပြီးတိုက်ပွဲဝင်သွားမှာပဲ” ဟု ကိုပိုင်ဖြိုးမင်းက ပြောသည်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို တပ်မတော်က တရားစွဲဆိုထားသောကြောင့် ကိုဇေယျာလွင်သည် အမှု (၄) မှုအတွက် ထောင်ဒဏ် (၂) နှစ်နဲ့ (၆) လ၊ ကိုပိုင်ရဲသူသည် အမှု (၄) မှုအတွက် ထောင်ဒဏ် (၂) နှစ်နဲ့ (၆) လ၊ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေအမှု (၄) မှုအတွက်ထောင်ဒဏ် (၃) နှစ်၊ ကိုဇော်လင်းထွဋ် (ခ) ဖိုးသားသည် အမှု (၃) မှုအတွက် ထောင်ဒဏ် (၂) နှစ်၊ ကိုငြိမ်းချမ်းစိုးသည် အမှု (၂ ) မှုအတွက် တရားရှင်ချမှတ်ခံရပြီး၊ မဆုရတနာမြင့်သည် အမှု (၃) မှုအတွက် ထောင်ဒဏ် (၂) နှစ်၊ မကေခိုင်ထွန်းသည် အမှု (၃) မှုအတွက် ထောင်ဒဏ် (၂) နှစ် ၆လ အသီးသီး ချမှတ်ခံထားရသည်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ သံချပ်ထိုးခြင်းနှင့် ပက်သက်ပြီး စစ်တပ်က နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ- ၅၀၅(က)၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ – ၆၆(ဃ) တို့ဖြင့်တရားစွဲထားသော အမှု၈မှုရှိပြီး လက်ရှိချိန်တွင် ၄မှုကို တရားရုံးက အပြစ်ရှိသည်ဟု ဆုံးဖြတ်ကာ အလုပ်နှင့် ထောင်ဒဏ်များ အသီးသီးချမှတ်ထားသည်။

Photo Credit – ဒေါင်းတို့မျိုးဆက်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts