All News Crime Local News

ဒီပဲယင်းမြို့နယ်တွင် အရပ်သားတစ်ဦး ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ပြီး နောက် သေဆုံးခဲ့မှု ဒုရဲအုပ် အပါဝင် ရဲ ၃ ဦးကို လူသတ်မှုဖြင့် တရားရုံးတင်

ဒီပဲယင်းမြို့နယ်တွင် အရပ်သားတစ်ဦး ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ပြီး နောက် သေဆုံးခဲ့မှု ဒုရဲအုပ် အပါဝင် ရဲ ၃ ဦးကို လူသတ်မှုဖြင့် တရားရုံးတင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ပျံကျကျေးရွာအုပ်စု၊ နဘဲလှရွာသားတစ်ဦးကို စိုင်ပြင်ရဲစခန်းက ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီးနောက် ၂ရက်အကြာတွင် သေဆုံးသွားခဲ့ခြင်းကြောင့် အဆိုပါရဲစခန်းမှ ရဲကင်းမှူး ဒုရဲအုပ် ၁ ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ဦးကို လူသတ်မှုဖြင့် တရားရုံးတင် စစ်ဆေးလျက်ရှိကြောင်း ယင်းအမှု ကူညီဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ကျေးရွာမှ ဦးဘိုမောင်းကပြောဆိုသည်။

၂ဝ၁၉ခုနှစ် ဒီဇင်ဘာလ ၂၈ရက်နေ့တွင် အဆိုပါကျေးရွာရှိ ဘုရားပွဲတွင် ဦးသိန်းဝင်း(သေဆုံးသူ)နှင့် ဦးရန်ကျော် ဆိုသူကို မူးယစ် အော်ဟစ်နေသည်ဆိုကာ စိုင်ပြင်ရဲစခန်းမှ ရဲကင်းမှူး ဒုရဲအုပ်မောင်မျိုး၊ ရဲတပ်ဖွဲ့ဝင် သောင်းလှိုင်နှင့် ရဲတပ်ဖွဲ့ဝင် အာကာမင်းတို့က ဦးသိန်းဝင်းကို လူကြားထဲတွင် ဗို့အားပြင်းကျင်စက်ဖြင့် ရှော့ခ်တိုက် ဝိုင်းဝန်းကန်ကျောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ၎င်းကပြောဆိုသည်။

ယင်းသို့ဖမ်းဆီးခေါ်ဆောင်ပြီး ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ဦးသိန်းဝင်းနှင့် အတူဖမ်းဆီးခံရသော ဦးရန်ကျော်သည် ပြန်လည်လွတ်မြောက်လာသော်လည်း သေဆုံးသူ ဦးသိန်းဝင်းမှာ ပြန်လည် လွတ်မြောက်လာခြင်း မရှိသောကြောင့် မိသားစုဝင်များက ရဲစခန်းသို့ လိုက်သွားခဲ့ကြောင်း ၊ သေဆုံးသူ ဦးသိန်းဝင်းနှင့် တွေ့ခွင့်မရခဲ့ကြောင်း၊ ဦးသိန်းဝင်း၏ ဇနီးဖြစ်သူက ညနေပိုင်းတွင် ထမင်းသွားရောက်ပို့ဆောင်သော်လည်း ရဲစခန်းက တွေ့ခဲ့မပေးခဲ့ကြောင်း ဦးဘိုမောင်းက ဆက်လက်ပြောဆိုသည်။

ဒီဇင်ဘာလ ၃ဝရက်နေ့တွင် ဦးသိန်းဝင်းနေအိမ်သို့လာရောက်ကာ ဦးသိန်းဝင်းကို ရဲစခန်းက စိုင်ပြင်တိုက်နယ်ဆေးရုံသို့ပို့ဆောင်ထားသည် အကြောင်းကြားခဲ့ရာ မိသားစုဝင်များ လိုက်လံသွားချိန်တွင် ဦးသိန်းဝင်းသေဆုံးကြောင်းသိရှိခဲ့ရသည်ဟု ၎င်းကပြောဆိုသည်။

“ ကျွန်တော်တို့ကတော့ သူတို့ရာဇဝတ်ကျင့်ထုံး ၆၁ အရဆိုရင် ၂၄နာရီအတွင်း ဖမ်းထားပြီးနောက်နေ့ပြန်လွှတ်လိုက်ရုံပဲ ။ဒါပဲလုပ်ရမှာ ဒါကို သူတို့က အလွန်အကျွံတွေ ရိုက်နှက်ပြီးတော့ သေသွားတာပေါ့။ အလွန်အကျွံလုပ်တာဆိုတော့ ကျွန်တော်တို့ကတော့ အမှုမှန်အမြန်ဆုံးပေါ်ချင်တယ်။ မိသားစုဝင်တွေ ဘက်ကလည်း တရားရုံးတင်ထားတယ်။ သေဆုံးသူမှာ တွေ့ရှိရတဲ့ ဒဏ်ရာတွေက သွားနှစ်ချောင်းကျိုးနေတယ်။ မျက်လုံးတွေ အညိုအမဲစွဲနေတယ်။ မျက်လုံးတစ်ဖက်ပေါက်ပြဲနေတယ်။ တခြားသွေးထွက်နေတဲ့ ဒဏ်ရာတွေလည်းရှိတယ်။ ရဲတရားရုံးမှာ စစ်ဆေးနေတဲ့အခြေအနေကတော့ စခန်းမှူးက ဝန်ခံတယ်လို့တော့ ကျွန်တော်ကြားတယ်။ အသေးစိတ်အခြေအနေတော့ ကျွန်တော်တို့လည်း မသိရသေးဘူး ” ဟု ၎င်းကပြောဆိုသည်။

ရဲစခန်းတွင် ဦးသိန်းဝင်း သေဆုံးမှုနှင့်ပတ်သက်ပြီး ရွှေဘိုခရိုင်တရားရုံးတွင် ပုဒ်မ ၃ဝ၂ဖြင့် လာမည့် ဖေဖော်ဝါရီလ ၂ဝရက်နေ့တွင် စတင်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဦးသိန်းဝင်း သေဆုံးမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို တိုင်းကြားခဲ့ပြီး ကော်မရှင်တာဝန်ရှိသူများက မိသားစုဝင်များ၊ သေဆုံးသူနှင့်အတူ ဖမ်းဆီးခံရသော ဦးရန်ကျော်တို့နှင့် တွေ့ဆုံခဲ့ကြောင်း ဦးဘိုမောင်း၏ ပြောဆိုချက်အ ရသိရှိရသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ဒီပဲယင်းမြို့နယ်၊ စိုင်းပြင်ရဲစခန်းကို ဦးသိန်းဝင်းသေဆုံးမှုနှင့်ပတ်သက်၍ မေးမြန်းရန် ဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိပေ။

စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်ပေသော်လည်း တာဝန်ခံ ဖြေဆိုမည့်သူမရှိပေ။

ဒီပဲယင်းမြို့နယ်မှ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမင်းဝင်းကမူ နဘဲလှကျေးရွာမှ ဦးသိန်းဝင်း သေဆုံးမှုသည် ဖမ်းဆီးခံရစဉ် ရဲတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်မှု လက်လွန်သွားခြင်းကြောင့် သုံးသပ်ရကြောင်း၊ ထို့ကြောင့် တရားရုံးက ပုဒ်မ ၃၀၂ လူသတ်မှုဖြင့် အမှုဖွင့် လက်ခံထားခြင်းဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ အတည်ပြုပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts