All News Local News Peace

တိုက်ပွဲပြင်းထန်သော မင်းပြားတွင် တပ်မတော် ၃ ဦးအလောင်းနှင့် ဒဏ်ရာရသူ ၁ ဦး ဖမ်းမိပြီး AA ၂ ဦးကျဆုံးကာ ၄ ဦးဒဏ်ရာရဟု ခိုင်သုခပြောဆို

တိုက်ပွဲပြင်းထန်သော မင်းပြားတွင် တပ်မတော် ၃ ဦးအလောင်းနှင့် ဒဏ်ရာရသူ ၁ ဦး ဖမ်းမိပြီး AA ၂ ဦးကျဆုံးကာ ၄ ဦးဒဏ်ရာရဟု ခိုင်သုခပြောဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် ယမန်နေ့ တစ်နေ့လုံး တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ယင်းတိုက်ပွဲများတွင် နှစ်ဖက် အကျအဆုံးအထိအခိုက်များရှိခဲ့ကာ တပ်မတော်သား ၃ ဦး၏ အလောင်းနှင့်ဒဏ်ရာရသူ ၁ ဦး ဖမ်းမိကြောင်း၊ AAဘက်ကလည်း ၂ ဦးကျဆုံးပြီး ၄ ဦးဒဏ်ရာရရှိကြောင်း AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ခိုင်သုခ၏ အဆိုအရ တပ်မတော် တပ်မ(၅၅) လက်အောက်ခံ၊ ဗထူးအခြေစိုက်ခမရ(၅၀၈) တပ်ရင်း နှင့် AA တို့ ဖေဖော်ဝါရီ(၁၄) ရက်၊နံနက်(၉) နာရီ(၂၀) မိနစ်အချိန်မှစတင်၍ မင်းပြားမြို့နယ်၊ဖားပြိုရွာအနီးတွင်နှစ်ဖက်ရင်ဆိုင်ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ညနေ ၆ နာရီအချိန်အထိ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများနှင့်အတူ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ရွာသူရွာသား ၃၀ ဦးကို လူသားဒိုင်းကာအဖြစ်ခေါ်ဆောင်ပြီး ဖားပြိုကျေးရွာအတွင်းတပ်ဆုတ်သွားပြီး ကျဆုံး အလောင်း(၁၀) လောင်းကိုလည်း ပြန်လည်ကောက်ယူသွားသည်ဟု ဆိုသည်။

AA က တပ်မတော်ဘက်မှ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း၊စာရွက်စာတမ်းများပါသော ခြင်းတောင်း(၃၆) တောင်းအားသိမ်းဆည်းရမိထားပြီး တပ်မတော်သား အလောင်း(၃) လောင်းအပါအဝင် ပြင်းထန်ဒဏ်ရာနှင့် တပ်မတော်သား ၁ ဦးကိုလည်းသုံ့ပန်းအဖြစ်ဖမ်းဆီးရကြောင်း၊AA အဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့ပြီး ဒဏ်ရာရသူ ၄ ဦးအထိရှိကြောင်း ခိုင်သုခက ပြောဆိုသည်။

အလားတူ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကျောက်တော်၊ပလက်ဝ မြို့နယ်များ၌ တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ကြောင်း၊ ပလက်ဝ နှင့် ကျောက်တော်မြို့နယ်အတွင်းဖြစ်ပွားနေသော ရက်ဆက်တိုက်ပွဲများမှာ ဆက်လက်ဖြစ်ပွားနေခဲ့ပြီး (၉) ရက်မြောက်နေ့သို့ရောက်ရှိလာကာအပြန်အလှန်ထိုးစစ်များဖြင့် တိုက်ပွဲအရှိန်မြင့်တက်နေဆဲဖြစ်ကြောင်း၊ပလက်ဝတွင် တပ်မတော်က မီးဝ-ဗျူဟာကုန်းသို့စစ်ကူပေးရန်စေလွှတ်နေခြင်း၊ လက်နက်ခဲယမ်း၊ လူအင်အားများကိုထပ်မံဖြည့်တင်းနေခြင်းများကြောင့် တိုက်ပွဲများဆက်လက်ပြင်းထန်မည့်အလားအလာရှိကြောင်း ခိုင်သုခက ဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရပုဂ္ဂိုလ်ထံ ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေဆိုခြင်းမရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts