All News Local News Peace

တပ်မတော်က ၂လခွဲကာလ ဥပဒေမဲ့ကျူးလွန်သော ဖြစ်စဉ် ၁၅ မှု ရှိပြီး ၈ မှုတွင် လူသေဆုံးခဲ့ဟု GWက အစီရင်ခံစာ ထုတ်ပြန်

တပ်မတော်က ၂လခွဲကာလ ဥပဒေမဲ့ကျူးလွန်သော ဖြစ်စဉ် ၁၅ မှု ရှိပြီး ၈ မှုတွင် လူသေဆုံးခဲ့ဟု GWက အစီရင်ခံစာ ထုတ်ပြန်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ဝ

မြန်မာနိုင်ငံအတွင်းရှိ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပဋိပက္ခဖြစ်ပွားလျက်ရှိသော ဒေသများတွင် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ရက်နေ့မှ ဒီဇင်ဘာလ ၁၅ရက်ထိ ၂လခွဲတာကာလအတွင်း အပြစ်မဲ့ အရပ်သားပြည်သူများကို တပ်မတော်က ကျူးလွန်သော ပြစ်မှု ၁၅မှုရှိခဲ့ပြီး ၈ မှုတွင် လူသေဆုံးခဲ့ပြီး ၇ မှုတွင် ထိခိုက်ဒဏ်ရာရရှိမှုရှိကြောင်း မျိုးဆက်လှိုင်း (GW) အဖွဲ့က အစီရင်ခံစာတစ်စောင်ထုတ်ပြန်လိုက်သည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့က ထုတ်ပြန်သော GW အစီရင်ခံစာတွင်၂ လခွဲတာကာလအတွင်း ပဋိပက္ခဖြစ်ပွားရာဒေသများတွင် ဥပဒေမဲ့ သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ် ၂၈ခုရှိကြောင်း၊ လူသေဆုံးသည့် ဖြစ်စဉ် ၂ဝမှုရှိပြီး ထိခိုက်ဒဏ်ရာသည့်ဖြစ်စဉ် ၉ခု ရှိကြောင်း၊ သေဆုံးသူ အရေအတွက် ၂၄ဦး ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက် ၁၆ဦးထိရှိကြောင်း၊ တပ်မတော်ကကျူးလွန်သည့်ဖြစ်စဉ် ၁၅ခုရှိပြီး ဖြစ်စဉ် ၈ ခုတွင် လူသေဆုံးမှုရှိခဲ့ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်များက ကျူးလွန်သည့်ဖြစ်စဉ် ၁ခု၊ မည်သည့်အဖွဲ့အစည်းကမသိကျူးလွန်သည့်ဖြစ်စဉ် ၁၂ခုထိရှိကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။

“ ဒီလိုဖြစ်စဉ်တွေကတော့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ပဋိပက္ခဖြစ်ပွားတဲ့ဒေသတွေမှာရှိတဲ့ အရပ်သားပြည်သူတွေ ဥပဒေမဲ့ သတ်ဖြတ်ခံဖြစ်စဉ်တွေရှိတယ်ဆိုတာပေါ်လွင်နေတယ်။ တပ်မတော်နဲ့ လက်သည်မပေါ်တဲ့ ဥပဒေမဲ့ သတ်ဖြတ်မှုတွေကြောင့် သေဆုံးမှု ထိခိုက်ဒဏ်ရာရမှုဖြစ်နေတယ်ဆိုတာတွေ့ရတယ်။ နောက်ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင် အင်းအားစုတွေဘက်ကလည်း ကျူးလွန်တဲ့ ဖြစ်စဉ်တွေရှိတယ်ဆိုတာလည်း တွေ့ရတယ်။ ဒီဖြစ်စဉ်တွေမှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်းအားစုတွေက တစ်စုံတစ်ရာ တာဝန်ယူဆောင်ရွက်မှု မလုပ်တာလည်း တွေ့ရတယ်။ ဒီလိုပြဿနာတွေဆက်မဖြစ်ပွားအောင် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများက လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုအမြန်ဆုံး ရပ်တန့်နိုင်အောင် ကြိုးစားသင့်တယ်” ဟု မျိုးဆက်လှိုင်း (GW) အဖွဲ့မှ ဒေါ်အိအိမိုးကပြောဆိုသည်။

ထိုအစီရင်ခံစာကို GW အဖွဲ့က တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ ပဋိပက္ခဖြစ်ပွားလျက်ရှိသော ဒေသများရှိ မီဒီယာ ၂၀ က ဖော်ပြထားသော သတင်းများကို ကိုးကားကာ အစီရင်ခံစာထုတ်ပြန်ထားခြင်းဖြစ်သည်ဟု ဖော်ပြထားပြီး သတ်ဖြတ်မှု အသေးစိတ်ဖြစ်စဉ်များကိုမူ ဖော်ပြထားခြင်းမရှိပေ။

ထို့ပြင် အောက်တိုဘာလ ၁ရက်နေ့မှ ဒီဇင်ဘာလ ၁၅ရက်ထိ မတရားဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်း၊ ထောင်ဒဏ်အပြစ်ပေးခြင်းစသည့် ဖြစ်စဉ် ၅၆ခု ကျူးလွန်ခဲ့ကာ ထောင်ဒဏ်ချမှတ်ခံရသူ ၃၆ဦး၊ တရားစွဲဆိုခြင်းခံထားရသူ ၈၆ဦးနှင့် ဖမ်းဆီးခံရသူ ၁၄၇ဦးရှိကြောင်း ထိုဖြစ်စဉ် ၅၆ခုတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရသည့်ဖြစ်စဉ် ၁ခု အစိုးရဝန်ထမ်းများ ဖမ်းဆီးခံရသည့် ဖြစ်စဉ် ၂ခုရှိပြီး ကျန်ဖြစ်စဉ် ၅၃ခုသည် အရပ်သားပြည်သူများဖမ်းဆီး၊ တရားစွဲဆို ထောင်ဒဏ်အပြစ်ပေးခံရခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။

ကယားပြည်နယ်တွင် ကရင်နီတောင်သူများ တရားစွဲဆိုခံရမှု၊ ကရင်နီလူငယ်များ ထောင်ဒဏ်ချမှတ်ခံရမှု၊ ရခိုင်ပြည်နယ်တွင် အရပ်သားပြည်သူများ ချိုးဖောက်ခံရသည့်ဖြစ်စဉ်များနှင့်ပတ်သက်၍ နောက်ခံဘက်ဂရောင်များနှင့်တကွ ဖော်ပြထားသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။

ထိုအစီရင်ခံစာထုတ်ပြန်သည့် မျိုးဆက်လှိုင်း (GW) အဖွဲ့သည် ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့ကြသည့် လူငယ်ကျောင်းသား၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများဖြင့် ၂ဝဝ၇ခုနှစ် အောက်တိုင်ဘာလ ၉ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော အဖွဲ့အစည်းဖြစ်ပြီး စတင်ဖွဲ့စည်းချိန်တည်းက စစ်အစိုးရကို ဖြုတ်ချရန် ရည်ရွယ်ချက်ဖြင့် မြေအောက် နိုင်ငံရေး လှုပ်ရှားမှုများကို အဆင်မပြတ် ဆောင်ရွက်ခဲ့ကာ အကြမ်းမဖက်သော နိုင်ငံရေးလှုပ်ရှားမှု သင်တန်းများ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးသင်တန်းများ စီစဉ်ပို့ချခဲ့ပြီး အဖွဲ့ဝင် အမြောက်အမြား စစ်အစိုးရ၏ ဖမ်းဆီးထောင်ချခြင်းကိုခံခဲ့ရကြောင်း၊ ၂ဝ၁၁ခုနှစ်တွင် ပြောင်းလဲလာသည့် အခြေအနေအရ မြေပေါ်အဖွဲ့အစည်းတစ်ရပ်အနေဖြင့် နိုင်ငံရေး လှုပ်ရှားမှုများ ဆက်လက်ဆောင်ရွက်ခဲ့သော အဖွဲ့အစည်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts