All News Local News Peace

စစ်အစိုးရလက်ထက် ၃ နှစ်အတွင်း ရှမ်းပြည်သူ ၁၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ဟုဆို

စစ်အစိုးရလက်ထက် ၃ နှစ်အတွင်း ရှမ်းပြည်သူ ၁၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

စစ်အစိုးရလက်ထက် ၁၉၉၆ ခုနှစ်မှ ၁၉၉၉ ခုနှစ်အတွင်း ဖြတ် ၄ ဖြတ်စီမံကိန်းဖြင့် နယ်မြေရှင်းလင်းပြီး အပြစ်မဲ့ ရှမ်းပြည်သူ ၁၀၀၀ ကျော်ကို ညှဉ်းပန်းနှိပ်စက်ခြင်း၊ မုဒိမ်းကျင့်ခြင်းနှင့်သတ်ဖြတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ရှမ်းလူမှုအဖွဲ့အစည်းများက ဇန်နဝါရီလ ၂၁ရက် ရက်စွဲဖြင့် ဗီဒီယို မှတ်တမ်းနှင့် တကွကြေညာချက်တစ်စောင်ထုတ်ပြန်ချက်အရ သိရှိရသည်။

ဗီဒီယိုမှတ်တမ်းထုတ်လုပ်သူ ဒါရိုက်တာစိုင်းခွမ်ခိုင်းက “ရှမ်းပြည်မှာ မြန်မာစစ်တပ်ရဲ့ ရက်စက်မှုတွေကို ကမ္ဘာကသိရှိအောင်၊ ရှမ်းလူ ထုအနေနဲ့လည်း ဒီမြန်မာတပ်ရဲ့ကျူးလွန်မှုတွေကို အမြဲအောက်မေ့အောင်ဆိုတဲ့ ရည်ရွယ် ချက်နဲ့ထုတ်လုပ် လိုက်တာဖြစ်တယ်။ ပြစ်မှုကျူးလွန် တဲ့ မြန်မာ့တပ်မတော် တာဝန်ရှိပုဂ္ဂိုလ်တွေကို ကမ္ဘာက ထိုက်တန်သည့် အရေးယူ မှုပြုလုပ်နိုင်အောင်၊ ရှေ့ဆက်လည်းအမှား ထပ်မလုပ်မိအောင် ဒီဗီဒီယိုနဲ့ မီးမောင်းထိုး ပြလိုက်ခြင်းဖြစ်တယ်” ဟု ပြောဆိုသည်။

၁၉၉၆ ခုနှစ်က ၁၉၉၉ ခုနှစ်အထိ ဖြတ်၄ ဖြတ် နည်းဖြင့် တပ်မတော်က ကျူးလွန်ခဲ့သာ အပြစ်မဲ့အရပ်သားများ သတ်ဖြတ်ခံရမှုကို ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အစီရင်ခံစာတွင်ဖော်ပြချက်အရ ကွန်းဟိန်းမြို့နယ်တွင် ၃၁၉ဦး၊ နမ့်စန်မြို့နယ်တွင် ၁၅၉ဦး လဲချားမြို့နယ်တွင် ၅၉ဦး၊ ကျေးသီးမြို့နယ်တွင် ၄၅ဦး၊ မိုင်းကိုင်မြို့နယ်တွင် ၁၇ဦး၊ မိုးနဲမြို့နယ်တွင် ၂၃ဦး၊ လင်းခေးမြို့နယ်တွင် ၅ဦး၊ မိုင်းပန်မြို့နယ်တွင် ၃၇ဦး၊ လွိုင်လင်မြို့နယ် ၁ဦး စုစုပေါင်း ၆၆၄ဦး သတ်ဖြတ်ခံခဲ့ရကြောင်း ယင်းဗီဒီယို မှတ်တမ်းတွင်ဖော်ပြထားသည်။

ထို့ပြင် ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အစီရင်ခံစာတွင်လည်း ၁၉၉၆ ခုနှစ်မှ ၂ဝဝ၁ ခုနှစ်အတွင်း ရှမ်းပြည်နယ်အတွင်း တပ်မတော်က ကျူးလွန်သည့် အဓ္ဓမပြုကျင့်ခံရသည့် အမှုပေါင်း ၁၇၃ မှုရှိကာ အဓ္ဓမပြုကျင့် သတ်ဖြတ်ခံရသူ ရှမ်းကျေးလတ်အမျိုးသမီး ၆၂၅ ဦး၊ အဓ္ဓမမှု ကျူးလွန်သည့် တပ်မတော် တပ်ရင်းပေါင်း ၅၂ရင်း၊ ကျူးလွန်သည့်အရာရှိစစ်သည် အဆင့်လိုက် အရေအတွက် တပ်ကြပ်အဆင့် ၃မှု၊ တပ်ကြပ်ကြီးအဆင့် ၆မှု၊ ဗိုလ်အဆင့် ၅မှု၊ ဗိုလ်ကြီးအဆင့် ၆၃မှု၊ ဗိုလ်မှူးအဆင့် ၁၄မှု၊ တပ်ရင်းမှူး၊ စစ်ကြောင်းမှူးဆင့် ၄၈မှုတို့ဖြစ်သည်ဟု ဗီဒီယိုမှတ်တမ်း တွင်ဖော်ပြထားသည်။

ထိုဗီဒီယို မှတ်တမ်းတွင် ၁၉၉၆ ခုနှစ်မှ ၁၉၉၉ခုနှစ် အတွင်း တပ်မတော်က အတင်းအဓ္ဓမရွေ့ပြောင်းခိုင်းခဲ့သော ကျေးရွာအရေအတွက်ကိုလည်းဖော်ပြထားပြီး ရှမ်းပြည်နယ်အတွင်း တပ်မတော်က မြို့နယ် ၁၅မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၈၈၅ရွာ အတင်းအဓ္ဓမ ရွေ့ပြောင်းရန် ခိုင်းခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ဟိုပုံးမြို့နယ် တောင်ကြီးမြို့မြောက်ဘက်ပိုင်းရှိ ကျေးရွာ အုပ်စု ၄စုနှင့် ရွာပေါင်း ၄၂ရွာ၊ လင်းခေးမြို့နယ်ထဲရှိ ကျေးရွာ အုပ်စု ၃အုပ်စုက ရွာပေါင်း ၂၈ရွာ၊ မိုင်းပြင်းမြို့နယ်ထဲရှိ ကျေးရွာအုပ်စု ၇အုပ်စုက ရွာပေါင်း ၇၁ရွာ၊ ကွန်ဟိန်း မြို့နယ်ထဲရှိ ကျေးရွာအုပ်စု ၈အုပ်စုမှ ရွာပေါင်း ၈၅ ရွာ၊ နမ့်စန်မြို့နယ်ထဲရှိ ကျေးရွာအုပ်စု ၆အုပ်စုမှ ရွာပေါင်း ၆ဝ ရွာ၊ ပင်လုံမြို့နယ်ထဲရှိ ကျေးရွာအုပ်စု ၄အုပ်စုမှ ရွာပေါင်း ၁ဝ၂ ရွာ၊ မိုင်းကိုင်မြို့နယ်ထဲရှိ ကျေးရွာအုပ်စု ၂၂အုပ်စုလုံးနှင့် ရွာပေါင်း ၃၄ဝ ရွာ၊ လဲချားမြို့နယ်ထဲရှိ ကျေးရွာ အုပ်စု ၁၂အုပ်စု ရွာပေါင်း ၁၅၅ရွာ၊ ကျေးသီးမြို့နယ်ထဲရှိ ကျေးရွာအုပ်စု ၁၆အုပ်စုနှင့် ရွာပေါင်း ၂၅ဝရွာ၊ မိုင်းနောင်မြို့နယ် ကျေးရွာအုပ်စု ၁၅အုပ်စုနှင့် ရွာပေါင်း ၁၅၂ ရွာ၊ ခိုလမ်မြို့နယ်တွင် ကျေးရွာအုပ်စု ၅အုပ်စုနှင့် ရွာပေါင်း ၁၂၃ရွာ၊ ကျိုင်းတောင်းမြို့နယ်တွင် ကျေးရွာအုပ်စု ၄အုပ်စုက ရွာပေါင်း ၄ဝရွာ၊ မောက်မဲမြို့နယ်တွင် ကျေးရွာအုပ်စု ၈အုပ်စုက ရွာပေါင်း ၁၆၃ရွာ၊ မိုးနဲမြို့နယ်တွင် ကျေးရွာအုပ်စု ၁၁အုပ်စုက ရွာပေါင်း ၁၄၁ရွာ၊ မိုင်းပန်မြို့နယ်တွင် ကျေးရွာအုပ်စု ၁၂အုပ်စုက ရွာပေါင်း ၁၄၄ရွာတို့ကို အတင်းအဓ္ဓမရွေ့ပြောင်းခိုင်းခဲ့ကြောင်း အဆိုပါ ဗီဒီယိုမှတ်တမ်းအရ သိရှိရသည်။

ရှမ်းပြည်နယ်အတွင်း အင်္ဂလိပ် လက်ထက်က ရှမ်းရိုင်ဖယ်ရပ်တင်းအမှတ် ၁ နှင့် ရှမ်းရိုင်ဖယ်ရပ်တင်းအမှတ် ၂ ဆိုသည့် တပ်ရင်းနှစ်ရင်းသာရှိခဲ့ပြီး ပဋိပက္ခဖြစ်ပွားမှုမရှိဘဲ အေးချမ်းခဲ့ကြောင်း လွတ်လပ်ရေးရပြီး ကူမင်တန်တရုတ်များ ဝင်ရောက်ကျူးကျော်သည့်အချိန်မှစ၍ ရှမ်းပြည်နယ်အတွင်း တပ်မတော်စစ်ကြောင်းများ ကျူးကျော်ဝင်ရောက်ခဲ့ကာ လက်ရှိချိန်တွင် ရှမ်းပြည်နယ်၌ ခလရ ခြေလျင်တပ်ရင်း နှင့် ခမရ ခြေမြန်တပ်ရင်း စသည့် တိုက်ခိုက်ရေးတပ်ရင်း ၂ဝဝကျော်ရှိသည်ဟု ထုတ်ပြန်ချက်အရသိရသည်။

တပ်မတော် တပ်ရင်းများမှာ လားရှိုး အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်တွင် တပ်ရင်း ၄၇ ရင်း၊ ကျိုင်းတုံ အခြေစိုက် တြိဂံတိုင်းစစ်ဌာနချုပ်တွင် အောက်တွင် တပ်ရင်း ၃၉ရင်း၊ တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အောက်တွင် တပ်ရင်း ၅၂ရင်း၊ ခိုလမ် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အောက်တွင် တပ်ရင်း ၂၆ရင်းတို့ပါဝင်ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ် တပ်မတော်ရဲ့ ကွပ်ကဲရေးတပ်တွင် စစ်ဆင်ရေးတပ်မကြီး ၈ခုရှိကာ စစ်ဆင်မှု ကွပ်ကဲရေးဌာနချုပ် စကခ (၁) မိုင်းနောင်၊ စကခ (၂) ကျောက်မဲ၊ စကခ (၁၄) မိုင်းဆတ်၊ စကခ (၁၆) သန္နီ၊ စကခ (၁၇) မိုင်းပန် စကခ (၁၈) မိုင်းဖြတ်၊ ဒေသကွပ်ကဲရေး စစ်ဌာနချုပ် ဒကစ လောက်ကိုင်၊ ကလောမြို့အခြေစိုက် တပ်မ ၅၅ အပါအဝင် တပ်ရင်း ၂ဝဝကျော်ရှိကာ စစ်အင်အား ၅၆ဝဝဝ ကျော် ရှမ်းပြည်နယ်တွင် အခြေစိုက်နေကြောင်း သိရှိရသည်။

ထိုရှမ်းပြည်နယ်အခြေစိုက် အရပ်ဖက်အဖွဲ့များ ထုတ်ပြန်သည့် ဗီဒီယို မှတ်တမ်းသည် ကြာမြင့်ချိန် ၁၂မိနစ်ခန့်ရှိကာ အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာတို့ဖြင့် ထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။

အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com