All News Local News Peace

ကျောက်တော်တွင် ငွေသွားထုတ်သည့် တပ်မတော်အရာရှိတစ်ဦး အသတ်ခံရ၊ ရန်ကုန်-စစ်တွေ ကားစီးသွားလျှင်ပင် လုံခြုံရေး အခြေအနေမကောင်းဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြော

ကျောက်တော်တွင် ငွေသွားထုတ်သည့် တပ်မတော်အရာရှိတစ်ဦး အသတ်ခံရ၊ ရန်ကုန်-စစ်တွေ ကားစီးသွားလျှင်ပင် လုံခြုံရေး အခြေအနေမကောင်းဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြော

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် ငွေထုတ်သည့် တပ်မတော်အရာရှိတစ်ဦး ဖမ်းဆီး သတ်ဖြတ်ခံရကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်ပြီး လက်ရှိ လုံခြုံရေး အခြေအနေသည် ဆိုးဝါးနေကြောင်း ပြောဆိုလိုက်သည်။

ယနေ့ နေပြည်တော်တွင်ကျင်းပသော တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

AA အဖွဲ့သည် ပုံစံ ၃ မျိုးဖြင့် စစ်ဆင်ရေးလုပ်ဆောင်နေကြောင်း၊ တပ်မတော်စခန်းများရရှိရေး၊ မြို့ရွာများကို အနှောင့်အယှက်ပေးရေးနှင့် ICJ ဆုံးဖြတ်ချက်ထွက်ပေါ်ပြီးနောက် လူမျိုးရေး ဦးစားပေးလာခြင်းများ လုပ်ဆောင်နေသည်ဟု ၎င်းက ဆိုသည်။

“တပ်မတော်စခန်းတွေမရတဲ့အတွက် မြို့ရွာတွေကို ပိုပြီး အနှောင့်အယှက်ပေးလာတယ်။ နံပါတ် ၂ က ICJ ထွက်ပြီးနောက်ပိုင်း ဘင်္ဂါလီတွေနဲ့ ခမီးရွာတွေကို ပစ်ခတ်မှု ပိုများလာတယ်။ စခန်းကို ရအောင်ကြိုးစားတယ်။ မြို့ရွာကို ပိုပြီးတော့ အနှောင့်အယှက်ပေးလာတယ်။ မနေ့က တင် အရာရှိ တပ်မတော်အရာရှိတစ်ယောက်ကို ကျောက်တော်မှာ ဖမ်းဆီးသွားတဲ့ သတ်ဖြတ်သွားတဲ့ ဖြစ်စဉ်တစ်ခုရှိတယ်။ အဲဒီမှာ ငွေသွားထုတ်တဲ့ အရာရှိတစ်ယောက်ကို၊ တပ်သားနှစ်ယောက်ကိုတော့…….။ ဒါလည်း လူမျိုးရေးပုံစံလုပ်လာတဲ့ပုံစံမျိုး လုပ်လာတယ်။ ဒါမျိုးတွေကို ဦးစားပေးပြီးလုပ်လာတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုသည်။

လက်ရှိ လုံခြုံရေးအခြေအနေသည် ဆိုးဝါးနေပြီး ရန်ကုန်မှ စစ်တွေသို့ ကားဖြင့် အခြားလူမျိုးတစ်ဦး ခရီးသွားလျှင်ပင် အခြေအနေမကောင်းဟု ၎င်းက ဆက်လက်ပြောဆိုသည်။

“အခြေအနေက ဘယ်လောက်ထိဆိုးဝါးလဲဆိုရင် ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ခုနပြောတဲ့ တပ်မတော်သား တစ်ယောက် သာမန်ခရီးသွားတင်မကဘူး။ ကျနော်တို့က ဒီပြင်လူမျိုးတစ်ယောက်က ရန်ကုန်ကနေ စစ်တွေအထိ ကားစီးသွားမယ်ဆိုရင်တောင် အခြေအနေမကောင်းနိုင်တဲ့ အနေအထားရှိတယ်။ သာမန်ခရီးသွားပဲ။ ဒါပေမယ့် အခြေအနေမကောင်းတဲ့ အနေအထားပဲ။ လက်တွေ့ဖြစ်နေတဲ့ အနေအထားပဲ” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။

တပ်မတော်က AA တပ်ဖွဲ့သည် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေ၍ အကြမ်းဖက်အဖွဲ့ပင်ဖြစ်ကြောင်း ၊ ငြိမ်းချမ်းရေး ဆွေးနွေးသည်က သက်သက် အကြမ်းဖက် လုပ်ရပ်က သက်သက်ဖြစ်ကြောင်း ၎င်းက ပြောဆိုသွားသည်။

Photo by ရန်ကုန်ခေတ်သစ်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts