All News Local News

ကျောက်စိမ်းတစ်ပိဿာ မြန်မာငွေ ၇၂၅ ကျပ်သာ အခွန်ရသဖြင့် ကြက်သား၁ ပိဿာထက် ဈေးနည်းပြီး ကန်စွန်းရွက် ၃ စည်းစာသာရသည့်အခွန်ငွေဟုဆို

ကျောက်စိမ်းတစ်ပိဿာ မြန်မာငွေ ၇၂၅ ကျပ်သာ အခွန်ရသဖြင့် ကြက်သား၁ ပိဿာထက် ဈေးနည်းပြီး ကန်စွန်းရွက် ၃ စည်းစာသာရသည့်အခွန်ငွေဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

မြန်မာနိုင်ငံတွင် လက်ရှိ ကောက်ခံနေသော ရတနာခွန်သည် အလေးချိန်အပေါ် ကောက်ခံနေပြီး အရည်အသွေးအပေါ် တွက်ချက် ကောက်ခံမှု မရှိ၍ ကျောက်စိမ်း တစ်ပိဿာလျှင် အခွန် ၇၂၅ ကျပ်သာ ရရှိပြီး ကြက်သားတစ်ပိဿာထက်ဈေးနည်းပြီး ကန်စွန်းရွက် ၃ စည်းစာလောက်သာ ရရှိကြောင်း မိုင်းရှုးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းထွန်းအေးက ပြောဆိုသည်။

ယနေ့ ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တွင် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အစီရင်ခံစာ ၂/၂၀၂၀ ပါ အခွန်ရငွေစာရင်းကိစ္စ ဆွေးနွေးစဉ် ဦးစိုင်းထွန်းအေးက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

ရတနာခွန်ကောက်ခံရာတွင် အလေးချိန်အပေါ် ကောက်ခံနေပြီး အရည်အသွေးအပေါ် တွက်ချက်ကောက်ခံမှု မရှိခြင်းကြောင့် ထုတ်လုပ်မှုများနေသော်လည်း အခွန်ရရှိမှု လျော့နည်းနေကြောင်း၊ ၂၀၁၈-၂၀၁၉ ခုနှစ်ဘဏ္ဍာနှစ်တွင် ကျောက်မျက်ရတနာ စုစုပေါင်း ကာရက် ၁ ဒသမ ၈၅၂ သန်း ထုတ်လုပ်ခဲ့သော်လည်း အခွန်ငွေအဖြစ် ရတနာခွန် သိန်း ၈၂၀ သာ စာရင်းဝင်ကြောင်း၊ ကျောက်မျက်ကဏ္ဍ ရတနာခွန် တစ်ကာရက်အတွက် ၄၄ကျပ်သာ ရရှိကြောင်း ပြောဆိုသည် ။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကျောက်စိမ်း ထုတ်လုပ်မှုကဏ္ဍတွင် အခွန်ကောက်ခံရရှိငွေ ၁၅ ဘီလီယံကျော် ရရှိပြီး ထုတ်လုပ်မှုပမာဏ မှာ တန်ချိန် ၃၅၁၄၃ တန် ဖြစ်သောကြောင့် ကျောက်စိမ်းတစ်ကီလိုဂရမ် အပေါ် ရရှိသော အခွန်ငွေမှာ ၄၄၄ ကျပ် သာဖြစ်နေသောကြောင့်လက်ဖက်ရည်တစ်ခွက်တန်ဖိုးထက်နည်းပါးနေကြောင်း ၎င်းက ဆိုသည်။

“ပိဿာ နဲ့တွက်မယ်ဆို ၇၂၅ ကျပ်လောက်သာရနေတဲ့ အနေအထား ကိုတွေ့ရ မှာဖြစ်လို့ ကျာက်စိမ်း တစ်ပိဿာ က ရရှိတဲ့ အခွန်ငွေဟာ ကြက်သားတပိဿာ ထက်နည်းနေပြီး ကန်စွန်းရွက်သုံးစည်းစာလောက်သာဖြစ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။” ဟု ဦးစိုင်းထွန်းအေးကဆိုသည်။

အဆိုပါ အခွန်ငွေရရှိမှုပမာဏသည် ကျောက်စိမ်း နှင့် ကျောက်မျက်ရတာ ကဏ္ဍတွင် ယခင်နှစ်များ ထက်နည်းပါးလာခြင်း ဖြစ်ပြီး ထုတ်လုပ်မှုပမာဏမှာ ပိုမိုများပြားနေသောကြောင့် နိုင်ငံအတွက် ဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း ၎င်းက ပြောဆိုသည်။

ဓာတ်ပုံ- ရွှေအင်းသားခင်မောင်ဝင်း

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts