ကော်ရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၂၄၄ ဦးရှိပြီး ၇၆၁၈၄ ဦးကူးစက်ခံထားရ၊ ကူးစက်နှုန်းလျော့ကျသွားသော်လည်း သတိထားရန်လိုအပ်နေဆဲ

ကော်ရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၂၄၄ ဦးရှိပြီး ၇၆၁၈၄ ဦးကူးစက်ခံထားရ၊ ကူးစက်နှုန်းလျော့ကျသွားသော်လည်း သတိထားရန်လိုအပ်နေဆဲ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
တရုတ်နိုင်ငံတွင်ဖြစ်ပွားလျက်ရှိသော ဝူဟန်ကော်ရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၂၄၄ ဦးရှိလာပြီး ကူးစက်ခံရသူ ၇၆၁၈၄ ဦးရှိကာ ၁၇၇၈၀ ဦး သက်သာ ပျောက်ကင်းလာပြီဖြစ်ကြောင်း တရုတ်အာဏာပိုင်များ၏ ထုတ်ဖော်ပြောဆိုချက်ကိုးကား၍ South China Morning Post သတင်းဌာနက သတင်းဖော်ပြသည်။
လက်ရှိ တရုတ်နိုင်ငံတွင် ဗိုင်းရပ်စ်စတင်ကူးစက်ဖြစ်ပွားရာ ဟူဘေးပြည်နယ်တွင် ကူးစက်မှုနှုန်းကျဆင်းလာနေပြီး ယမန်နေ့က ၄၁၁ ဦးသာ ကူးစက်မှုရှိကာ ၁၁၅ ဦးသေဆုံးခဲ့ကြောင်း၊ ယမန်နေ့ ကြာသာပတေးနေ့က ဗိုင်းရပ်စ်ကူးစက်ခံရမှု အနိမ့်ဆုံးကျဆင်းနေသော်လည်း ကူးစက်မှု တစ်ဖန် မြင့်တက်လာနိုင်သည်ဟု ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများ သတိပေးလျက်ရှိကြောင်း သိရှိရသည်။
ဗိုင်းရပ်စ်ကူးစက်မှုမှ သက်သာ ပျောက်ကင်းသွားသူများသည်လည်း ကော်ရိုနာဗိုင်းရပ်စ် ထပ်မံ ပြန်လည် ကူးစက်ခံရနိုင်သဖြင့် သတိထားရန်လိုကြောင်း သတင်းများက ဆိုသည်။
“ကျနော်တို့အနေနဲ့ စိတ်သက်သာရပြီဆိုပြီး စိတ်အေးမနေသင့်ပါဘူး။ ကူးစက်မှု ပြန်ပြီး မြင့်တက်နိုင်ပါတယ်” ဟု ဟူဘေးပြည်နယ်မှ ကျန်းမာရေးဆိုင်ရာ အကြီးအကဲ Zhao Jianpingက သတိပေးပြောဆိုထားသည်။
သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ