All News Local News Peace

ကရင်ပြည်နယ်တွင် NCA စာချုပ်ဖောက်ဖျက်၍ တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းနှင့် အရပ်သားများကို တိုက်ခိုက်ခြင်းကြောင့် KNU တပ်မဟာ ၅ က ကန့်ကွက်စာပို့

ကရင်ပြည်နယ်တွင် NCA စာချုပ်ဖောက်ဖျက်၍ တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းနှင့် အရပ်သားများကို တိုက်ခိုက်ခြင်းကြောင့် KNU တပ်မဟာ ၅ က ကန့်ကွက်စာပို့

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

ကရင်ပြည်နယ်အတွင်းရှိ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNU) တပ်မဟာ ၅နယ်မြေအတွင်း တပ်မတော်က ဇန်နဝါရီလနှင့် ဖေဖော်ဝါရီ အတွင်း လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်း၊အရပ်သားများအား တိုက်ခိုက်ခြင်းများပြုလုပ်သည့်အတွက် ဖေဖော်ဝါရီလ ၉ရက်နေ့တွင် တပ်မဟာ၅က အရှေ့တောင်တိုင်း စစ်ဌာနချုပ်နှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ကန့်ကွက်စာပေးပို့လိုက်ကြောင်း သိရှိရသည်။

KNU က ဖာပွန်စစ်ရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး စောအယ်ဒိုထူးက “ အဲဒီဖြစ်စဉ်ကိုတော့ ကျွန်တော်လည်း သတင်းအတိအကျတော့ရထားတာ မရှိဘူး။ ဒါပေမယ့် ကန့်ကွက်စာ ထုတ်ပြန်စာထဲမှာတော့ အဲလိုတော့တွေ့တယ်။ တပ်မဟာ ၅ပဲ သိလိမ့်မယ် ” ဟု ၎င်းကပြောဆိုသည်။

KNU တပ်မဟာ၅ကို ရန်ကုန်ခေတ်သစ်မီဒီယာ ကဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍မရပေ။

တပ်မဟာ၅ က တပ်မတော်သို့ပေးပို့သည့် ကန့်ကွက်စာတွင် တပ်မတော်ဖက်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း အပြစ်မဲ့ အရပ်သားပြည်သူများအား တိုက်ခိုက်ခြင်းကိစ္စနှင့် ပတ်သက်ပြီး အဆိုပါ စာတွင် ယခုကဲ့သို့ဖော်ပြထားသည်။

“ ဇန်နဝါရီလ ၂ရက်နေ့တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ စကခ-(၈) ခမရ-(၄ဝ၈)က ဒုတပ်ရင်းမှူး အဆင့်ရှိ နောင်ထွန်း ဦးဆောင်သောတပ်ဖွဲ့ဝင်များသည် မူတရော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ လေးဖိုးထာကျေးရွာအုပ်စု ဝါးသိုခိုကျေးရွာ အတွင်းသို့ဝင်ရောက်ကာ ကင်းပုန်းဝပ်ခြင်း၊ တပ်လှုပ်ရှားခြင်းများ ပြုလုပ်ခဲ့သည်။ ထိုသို့ တပ်တပ်လှုပ်ရှားနေချိန်တွင် ဝါသိုးခိုကျေးရွာပြင်ပ ရွာစချောင်းနားတွင် ဝါးသိုးခိုကျေးရွာသားများဖြစ်သည့် ဦးစောစိန်သန်း နှင့် ဦးစောဇောတိက တို့ကို ပစ်ခတ်သွားသောကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်” ဟု ဖော်ပြထားသည်။

ထို့ပြင် ၂ရက်အကြာ ဇန်နဝါရီလ ၅ရက်တွင်လည်း ဝါသိုးခိုမှနေ၍ မယ်စီခီးရွာ (မီးဇိုင်းချောင်းဖျား) သို့ ပြည်သူလူထုအား ပစ်မှတ်ထားကာ အကြောင်းမဲ့ လက်နက်ကြီးများဖြင့် တစ်နေကုန်ပစ်ခတ်ခြိမ်းခြောက် ခဲ့ကြောင်း ဆက်လက်ဖော်ပြထားသည်။

တပ်မတော်သည် ဇန်နဝါရီလ ၃၁ရက်နှင့် ဖေဖော်ဝါရီလ ၃ရက်မှ ၈ရက်နေ့အထိ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်မှုများရှိသည်ဟု ကန့်ကွက်စာတွင်ဆက်လက်ပါရှိသည်။

“ ဇန်နဝါရီလ ၃၁ရက်နေ့တွင်လည်း မူတရော်ခရိုင်၊ လူသောမြို့နယ်၊ စီဒေးဒေသအတွင်းရှိ ဒေသခံပြည်သူများလုပ်ကိုင်သွားလာသည့် နေရာများတွင် တပ်မတော်ဖက်က လက်နက်ကြီး ၆ဝမမ ၅လုံးနှင့် အမ်- ၇၉ လက်နက် ၇လုံး ပစ်ခတ် ခဲ့သည်။ ဖေဖော်ဝါရီ ၃ရက်နေ့ မှ ဖေဖော်ဝါရီ ၈ရက်နေ့တွင်လည်း တပ်မတော်က မူတရော်ခရိုင်၊ လူသောမြို့နယ် အတွင်းရှိ အထိုင်စခန်းများဖြစ်သော ပိုခေးခို(ဘော်စဲခိုး)စခန်း၊ ကဲလဲကျိုး၊ ကူခို စခန်းများရှိ တပ်မတော်သားများသည် ဒေသခံရွာသားများ လုပ်ကိုင်စားသောက်ရာနေရာများဖြစ်သော ကူဒဲ၊ ကူးဒေး၊ တာသူးဒဲ ဒေသများရှိကျေးရွာများဖြစ်သည့် ဒိုတာပလော၊ မယ်လယ်ထာ၊ တူးဖဲထာ၊ ဝယ်လေထ၊ တလေဒေးခီး၊ ခိုပိုမာဒေး၊ နိုလေးပူဒေးနှင့် ပလားဝါးဒေး စသည့် ကျေးရွာဒေသများသို့ မနက် ၁ဝး၅ဝ မှ စတင်၍ ညနေ ၁၃း၃ဝ အချိန်ထိ လက်နက်ကြီး အလုံး၄ဝ တိတိဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ၎င်းလက်နက်ကြီးများ ပစ်ခတ်ခြင်းကြောင့် တကူးဒဲ ကျေးရွာအတွင်းသို့ လက်နက်ကြီး ၅လုံး နှင့် ကူဒေးကျေးရွာအတွင်းသို့ လက်နက်ကြီး ၇လုံးကျရောက်ခဲ့သည်။ ထို့ပြင် ၎င်းဒေသအတွင်းရှိ ဒေသခံပြည်သူများသွားလာလှုပ်ရှားနေသည့် ကားလမ်းနှင့် လမ်းမများတွင်လည်း ကင်းပုန်းဝပ်ခြင်း၊ ချောင်းမြောင်းပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သည်” ဟု ကန့်ကွက်စာတွင် ပါရှိသည်။

ထိုသို့ တပ်မတော်၏ လုပ်ဆောင်ချက်များသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) စာချုပ်ပါ (CoC) Code Of Coduct၏ အခန်း(၂)၊ စာပုဒ်(ရ)၊ စာပိုဒ်ခွဲ (ခ)(ဂ)(ည)နှင့် (ထ) ပါအချက်များကိုဖောက်ဖျက်ကျူးလွန်သည့်အပြင် အခန်း(၃)၊ စာပိုဒ် (၈)၊ စာပိုဒ်ခွဲ (က)(ခ) ပါအချက်များနှင့် စာပိုဒ်ခွဲ (ဃ)ပါအချက်များအား ဖောက်ဖျက်ကျူးလွန်နေပါသဖြင့် ၎င်းလုပ်ရပ်များအား ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ဖော်ပြထားသည်။

ကရင်ပြည်နယ်ရှိ KNU တပ်မဟာ ၅နယ်မြေအတွင်း တပ်မတော်နှင့် တပ်မဟာ၅ တို့ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားလျက်ရှိပြီး အရပ်သားပြည်သူများ သေဆုံးမှု ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားလျက်ရှိပြီး KNU ဖက်ကလည်း တပ်မတော်ကို နယ်မြေမကျော်ရန် ကြိမ်ကြိမ် အသိပေးပြောဆိုထားသည်။

အဆိုပါကန့်ကွက်စာနှင့်ပတ်သက်၍ တပ်မတော်ဘက်သို့ ရန်ကုန်ခေတ်သစ်က အကြိမ်ကြိမ်ဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts