All News Local News Peace

ကချင်တော်လှန်ရေးနေ့ ပြဇာတ်ကြောင့် အဖမ်းခံရသူ ၂ ဦးအတွက် အမှုပိတ်ပေးမည်ဟု တိုင်းမှူးပြောခဲ့သော်လည်း ပုဒ်မ ၁၇(၁) ဖြင့်အမှုဖွင့်

ကချင်တော်လှန်ရေးနေ့ ပြဇာတ်ကြောင့် အဖမ်းခံရသူ ၂ ဦးအတွက် အမှုပိတ်ပေးမည်ဟု တိုင်းမှူးပြောခဲ့သော်လည်း ပုဒ်မ ၁၇(၁) ဖြင့်အမှုဖွင့်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဂျော်ဘွမ်ဆုတောင်းပြည့်ဘုရားတောင်တွင် ဖေဖော်ဝါရီလ ၅ရက်နေ့ ကျင်းပပြုလုပ်သည့် ကချင်အမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ်ပွဲတွင် ပြဇာတ်ကပြခဲ့ခြင်းကြောင့် ဖမ်းဆီးခံရသူ ၂ဦးအတွက် မြောက်ပိုင်းတိုင်းမှူးက အမှုပိတ်ပေးမည်ဟု ပြောခဲ့သော်လည်း လွှတ်ပေးခြင်းမရှိဘဲ မတရားအသင်းဆက်သွယ်မှုဖြင့် အမှုဖွင့်ကာ အကျဉ်းထောင်ပို့ဆောင်ထားကြောင်း သိရှိရသည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၂ဦး ပြန်လည်လွတ်မြောက်ရန်အတွက် ဖေဖော်ဝါရီလ ၇ရက်နေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာချုပ် တိုင်းမှူးနှင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့(KBC)၊ ကချင်အတိုင်ပင်ခံ အဖွဲ့တို့ တွေ့ဆုံညှိနှိုင်းခဲ့ပြီး တိုင်းမှူးက အမှုပိတ်ပေးမည်ဟု နှုတ်မိန့်ပေးခဲ့သော်လည်း ဖေဖော်ဝါရီလ ၁၀ရက်နေ့တွင် မလွှတ်ပေးဘဲ အကျဉ်းထောင်သို့ ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ကြောင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် ကချင်ဘာသာရေးခေါင်းဆောင်များ ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် ဒုတိယကြိမ် ထပ်မံတွေ့ဆုံသွားမည်ဟု ဖမ်းဆီးခံထားရသူ ၂ဦးနှင့်ပတ်သက်သည့် ပြောရေးဆိုခွင့်ရှိသူ ဆရာမ အားတာမီးကပြောဆိုသည်။

ဖမ်းဆီးခံထားရသူ ၂ဦးမှာ ကချင်နှစ်ခြင်းခရစ်ယာန်အသင်း သိက္ခာတော်ရ ဆရာတော် ဦးဘိမာဒေါင်လွမ်းနှင့် လူငယ်တာဝန်ခံဆရာ တူးထန်တို့ဖြစ်ပြီး ဖေဖော်ဝါရီ ၆ရက်နေ့တွင် မြစ်ကြီးနားမြို့အမှတ်(၁) ရဲစခန်းက ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

“ ဒီဖမ်းဆီးခံရတဲ့ ၂ဦးက အဲဒီနေ့မှာ ဘာတာဝန်မှ သူတို့မယူထားပါဘူး။ အဓိကကတော့ ဂျော်ဘွမ်တောင်ရဲ့ ဆုတောင်းပြည့်ဘုရား တာဝန်ခံမို့ ခဏထိန်းသိမ်းထားလားပေါ့။ နောက်တစ်ယောက်ကတော့ လူငယ်တာဝန်ခံမို့လို့ လူငယ်တွေဦးစီးပြီးတော့ လုပ်တော့ အဲအတွက်ကြောင့်များ ခေါ်ထားလားပေါ့။ အဲလိုတော့ ထင်မိပါတယ်။ ဖမ်းဆီးသွားတာကတော့ ဆုတောင်းပွဲကိစ္စပါပဲ သူတို့ပြောတာကတော့ နှစ်၆ဝမြောက် ကချင်တော်လှန်ရေးနေ့ အဲဒီခေါင်းစဉ်ကို သူတို့မကြိုက်ဘူးပြောတယ်” ဟု ဆရာမ အားတာမီးကပြောဆိုသည်။

“ ကျွန်မတို့ကတော့ ဒီနှစ် ၆ဝမြောက် ကချင်တော်လှန်ရေးနေ့ဆိုတာက ကျွန်မတို့က တခြားရည်ရွယ်ချက် ဘာမှမရှိပါဘူး။ ရည်ရွယ်ချက်ကတော့ ဘာလဲဆိုတော့ တော်လှန်ရေးလုပ်တာ နှစ်၆ဝ ကျော်လာပြီပေါ့နော်။ တကယ့် ကချင်ပြည်နယ်မှာနေတဲ့ ကချင်ပြည်သူတွေက နှစ်၆ဝအတွင်းမှာ တော်တော်လေး ဒုက္ခရောက်နေပြီပေါ့။ အဲတော့ ငြိမ်းချမ်းရေးကို လိုချင်ပြီဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ ကျွန်မတို့က ဒါကို KIA / KIO ကိုလည်း နှစ်၆ဝတောင်မှ ရှိလာပြီ တော်လှန်ရေးလုပ်လာတာ ငြိမ်းချမ်းရေးကို အမြန်ဆုံးဖော်ဆောင်ဖို့ ကျွန်မတို့ တိုက်တွန်းတယ်။ ပြီးတော့ ကျွန်မတို့ရဲ့ အစိုးရပေါ့။ အစိုးရကိုလည်း ငြိမ်းချမ်းရေးအမြန်ဖော်ဆောင်ပေးကျပါ ဆိုတဲ့ အဓိပ္ပာယ်ပါတဲ့ အဲလိုတိုက်တွန်းတဲ့ပွဲတစ်ခုပါပဲ တခြားရည်ရွယ်ချက်နဲ့လုပ်တာတော့ မရှိပါဘူး။ သီးသန့် ဆုတောင်းပွဲတစ်ခုပါပဲ” ဟု ဆရာမ အားတာမီးကပြောဆိုသည်။

ဖမ်းဆီးခံထားရသူ ၂ဦးကို ရဲစခန်းက ပုဒ်မ ၁၇(၁) မတရားအသင်းဆက်သွယ်မှု ပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။

Photo Credit- KBC

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts