All News interview

NLD အစိုးရက ဖွဲ့စည်းလိုက်သည့် အငြိမ်းစား အများစုပါဝင်သော လူ့အခွင့်အရေးကော်မရှင်သစ် မျှော်လင့်စရာမရှိဟု ဝေဖန်ခံနေရ

NLD အစိုးရက ဖွဲ့စည်းလိုက်သည့် အငြိမ်းစား အများစုပါဝင်သော လူ့အခွင့်အရေးကော်မရှင်သစ် မျှော်လင့်စရာမရှိဟု ဝေဖန်ခံနေရ

By ရန်ကုန်ခေတ်သစ်

နိုင်ငံတော်သမ္မတက သက်တမ်းကုန်သွားသော မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်အဟောင်းကို ဥပဒေအရ ဖျက်သိမ်းပြီး ကော်မရှင်အသစ် ကို ဇန်နဝါရီလ ၁၄ ရက်နေ့က ဖွဲ့စည်းလိုက်သော်လည်း အဖွဲ့ဝင် ၁၁ ဦးတွင် လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးမျှ မပါရှိဘဲ အစိုးရ အငြိမ်းစား အရာရှိများ၊ တပ်မတော် အငြိမ်းစား အရာရှိများ အများစု ပါဝင်နေသည်။ ထိုအပေါ် အရပ်ဘက် အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပြီး မျှော်လင့်စရာမရှိသော ကော်မရှင်အဖြစ် မှတ်ချက်ပြုကြသည်။ ရန်ကုန်ခေတ်သစ်က လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများကို ဆက်သွယ်မေးမြန်းထားပါသည်။

ကိုမိုးဃ်သွေး (Generation Wave ဥက္ကဌ)

လူကိုပြောင်းရုံနဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် (MNHRC) ဆောင်ရွက်ချက်တွေက တိုးတက်လာမှာ မဟုတ်ဘူး။ ဘာကြောင့်လJဆိုတော့ လက်ရှိ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) နဲ့ပတ်သက်လို့ ကျွန်တော်တို့စပြီးတော့ အကြံပြုရမယ်ဆိုရင် ပထမဆုံးအဆင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) ကိုဖွဲ့စည်းထားတဲ့ ဥပဒေမှာကိုက သူကသမ္မတကနေပြီးတော့မှ ခန့်အပ်ရတာပေါ့။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) အဖွဲ့အစည်းကို ခန့်အပ်ခွင့်ရှိတယ်ဆိုတာ အဲဟာကိုက အားနည်းချက်တစ်ခုဖြစ်တယ်။

ဘာကြောင့်လဲဆိုတော့ နိုင်ငံတော် အစိုးရက အုပ်ချုပ်တဲ့အခါမှာ ဒီအစိုးရကို Check and Balance လုပ်ဖို့အတွက် ကျွန်တော်တို့လွှတ်တော်ထားရတယ်။ တရားစီရင်ရေးထားရတယ်။ အလားတူပဲ အစိုးရအပါအဝင် နိုင်ငံတော် ယန္တရားတွေဖြစ်တဲ့ တရားစီရင်ရေးပဲဖြစ်ဖြစ် တပ်မတော်ပဲဖြစ်ဖြစ် ရဲတပ်ဖွဲ့ပဲဖြစ်ဖြစ် အဲယန္တရားတွေ အဖွဲ့အစည်းတွေကနေ ပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ မလုပ်အောင် လုပ်ရင်လည်း အဲတာတွေကို ထောက်ပြဝေဖန်နိုင်အောင် ရည်ရွယ်ချက်နဲ့ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းတာဖြစ်တယ်။

ဒါကြောင့်မို့လို့ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က လွတ်လပ်ဖို့လိုတယ်။ အမှီအခိုကင်းဖို့လိုတယ်။ အစိုးရကနေ ထိန်းချုပ်ထားတဲ့ အစိုးရကနေ ခန့်အပ်ထားတဲ့ အစိုးရကနေဖြုတ်လို့ရတယ်ဆိုရင် အဲဒါက ဘယ်လိုနည်းနဲ့မှ လွတ်လပ်တော့မှ မဟုတ်တော့ဘူး။ ဒါကအရေးကြီးဆုံးအချက်ဖြစ်တယ်။ တခြားနိုင်ငံတွေမှာဆိုရင်လည်း အဲတာတွေ လူ့အခွင့်အရေးကော်မရှင်ကို အစိုးရတွေက တကယ့် ဒီမိုကရေစီနိုင်ငံတွေမှာဆိုရင် အစိုးရတွေက ဒါကိုထိန်းချုပ်လေ့မရှိဘူး။

ဒီကော်မရှင်ဖွဲ့စည်းခွင့်သည် သမ္မတလက်ထဲမှာပဲ ရှိတဲ့အတွက်ကြောင့် ဒါကလုံးဝလွတ်လပ်မှုမရှိဘူး။ အမှီခိုကင်းမှုမရှိဘူး။ နိုင်ငံတကာစံနှုန်းနဲ့ မကိုက်ညီဘူးပေါ့။ ဒါက ပထမတစ်ချက်ပေါ့။ နောက်တစ်ချက်ကကျတော့ ဒီစာရင်းမှာ ပါဝင်တဲ့သူတွေကို ကျွန်တော်တို့ ကြည့်လိုက်မယ်ဆိုရင် ဒီလူတွေသည် ပထမပြောမယ်ဆိုရင် သူတို့ရဲ့ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ လှုပ်ရှားဆောင်ရွက်မှုတွေ နောက်ခံတွေက ကျွန်တော်တို့ ဘာမှတိတိကျကျမသိရဘူး။စစ်အစိုးရရဲ့ အာဏာရှင် စနစ်ဟောင်းအောက်မှာ အလုပ်လုပ်ပေးခဲ့တဲ့ လူတွေဖြစ်တယ်။ အဲဒီမှာ ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ အလုပ်လုပ်ခဲ့တဲ့ တပ်မတော်ဝန်ထမ်းဟောင်း တစ်ဦးပါနေတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ စစစ (BSI) ရဲ့ညွှန်ချုပ်ဟောင်းပါနေတယ်။

ပြီးခဲ့တဲ့ နှစ်၃ဝလောက် တိုင်းပြည်မှာ ပြီးခဲ့တဲ့ နှစ်၃ဝအတွင်းမှာဆိုရင် စစစ တို့ ရဲတပ်ဖွဲ့တို့ တပ်မတော်တို့ဆိုတာရယ်က တိုင်းပြည်ပေါ်မှာ ဖိနှိပ်ရေး ယန္တရားတွေဖြစ်တယ်။ တကယ်လည်းပဲ နိုင်ငံတကာမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများဆုံးကျူးလွန်တာ ဒီလိုအဖွဲ့တွေဖြစ်တယ်။ သူတို့မှာ လက်နက်ရှိတယ်။ အာဏာရှိတယ်ဆိုတဲ့ အခါကျတော့ လူတွေပေါ်ကိုအဲအဖွဲ့ဝင်တွေက ရည်ရွယ်ချက်ရှိရှိပဲဖြစ်ဖြစ် ရည်ရွယ်ချက်မရှိဘဲဖြစ်ဖြစ် အမြဲတမ်းလူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်လေ့ရှိတယ်။ ဒီလိုအဖွဲ့အစည်းတွေမှာ လုပ်ခဲ့တဲ့သူတွေကို ဒီထဲမှာ( မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်) ပြန်ထည့်ထားတယ်ဆိုကတည်းကိုက ဒါကြီးကအတော်ကြီးကိုမှားယွင်းတဲ့ လုပ်ရပ်တဲ့ဖြစ်တယ်။ နောက်တစ်ခုက အဲမှာဆိုရင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးကလူကို ထည့်ထားတာမျိုးတွေ သာသနာရေးဝန်ကြီးဌာနက အတွင်းဝန်ဟောင်းလား။ ညွှန်ချုပ်ဟောင်းလား။ ဒါမျိုးတွေထည့်ထားတာလည်း ဒါတွေက အဓိပ္ပာယ်မရှိတဲ့ကိစ္စတွေ။ မသက်ဆိုင်ဘူး။

ဒီမိုကရေစီအစိုးရလက်ထက် ကိုယ်တိုင်လူ့အခွင့်အရေးချိုးဖောက်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်မျိုး ပြည်သူကခေါင်းဆောင်နေတဲ့အချိန်မျိုးမှာ ဒါကလုံးဝမဖြစ်သင့်တဲ့ကိစ္စတစ်ခုဖြစ်တယ်ဆိုတော့ ကျွန်တော့်အနေနဲ့ပြောရရင် ရာနှုန်းပြည့်ကွန့်ကွက်ရှုတ်ချတယ်လို့ပြောချင်ပါတယ်။

မသက်သက်အောင် (လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ)

ဒီလိုမျိုး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းဖို့ လူရွေးချယ်လိုက်တာဟာ ပွင့်လင်းမြင်သာမှုမရှိဘူးလို့မြင်တယ်။ နောက်တစ်ခုကကျတော့ အမတို့အကြံဉာဏ်ပေးထားတဲ့ ပွင့်လင်းမြင်သာမှုရှိမှုတွေ အရပ်ဖက်အဖွဲ့အစည်းကသူတွေပါ ရွေးချယ်တဲ့ထဲမှာပါဝင်ဖို့တွေ ပြီးတော့ အမျိုးသမီး ပါဝင်ဖို့နှုန်းထား ဒါတွေနဲ့ပတ်သက်ပြီးတော့ပေါ့။ အမတို့မြင်တာကတော့ အားရမှုမရှိဘူးလို့ပဲပြောချင်ပါတယ်။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က လူ့အခွင့်အရေးချိုးဖောက်တာတွေကို ဖြေရှင်းနိုင်ပါ့မလားဆိုတာကတော့ ပြောဖို့တော့ စောသေးတယ်။

အမတို့ဖြစ်စေချင်ခဲ့တာက အမတို့တိုက်တွန်းခဲ့တဲ့ အခြေအနေမှာတော့ တကယ်ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က ပြည်သူလူထုအမှန်တကယ် အားကိုးယုံကြည်ရတဲ့ သူမျိုးတွေပါစေချင်တယ်။ တကယ့်ကိုလူ့အခွင့်အရေးတွေ နားလည်းပြီးတော့ ပြည်သူလူထုလူ့အခွင့်အရေးကို ကာကွယ်နိုင်တဲ့ ဖော်ထုတ်နိုင်တဲ့ သူမျိုးတွေ ဖြစ်ဖို့လိုတယ်။ အခုလက်ရှိ ကော်မရှင်အသစ် အနေနဲ့ပြောရမယ်ဆိုရင်တော့ သိပ်အရေးကြီးပါတယ်ဆိုတဲ့ Transparency မရှိခဲ့တာအမှန်ပဲ ဆက်လက်ပြီးတော့စောင့်ကြည့်ရမယ်။ ပြည်သူလူထုကိုအားကိုး ယုံကြည်ရတဲ့သူမျိုးတွေ ဖြစ်လားမဖြစ်လားဆိုတာကတော့ စောင့်ကြည့်ရအုန်းမှာပေါ့။ လူ့အခွင့်အရေးကော်မရှင်ထဲမှာ အမတို့ အရင်ကလည်းပြောထားပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်ခဲ့တဲ့ အများဆုံးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တဲ့ သူတွေမဖြစ်သင့်ဘူး။ ပြီးတော့ တပ်မတော်နဲ့ စပ်နွယ်နေတဲ့သူတွေမဖြစ်သင့်ဘူး။

ကော်မရှင်သစ်မှာ ဒီလိုလူမျိုးတွေပဲပြန်ပါနေတာဖြစ်တဲ့အတွက် အရင်လူ့အခွင့်အရေးကော်မရှင်ဟောင်းတွေတုန်းကလည်း အားရကျေနပ်မှုတွေမရှိခဲ့ဘူး။ အဲလိုမရှိခဲ့လို့ ကော်မရှင်အသစ်ဖွဲ့ရင် ဘယ်လိုမျိုးစံနှုန်းတွေနဲ့ ရွေးချယ်သင့်တယ်ဆိုတာ သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ဖူးတယ်။ အရင်တုန်းက လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်ခဲ့တဲ့သူတွေမဖြစ်သင့်ဘူး။ လူ့အခွင့်အရေးချိုးဖောက်မှု ကျုးလွန်ခဲ့တဲ့သူတွေကို ကာကွယ်ပေးနေတဲ့ သူတွေဖြစ်နေတယ်ဆိုရင်တော့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်သည် နိုင်ငံတကာစံနှုန်းနဲ့ ညီဖို့အတွက်လည်း လိုအပ်ချက်တွေရှိမှာဖြစ်သလို လက်ရှိမြန်မာနိုင်ငံနေရာစုံမှာဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဒီလူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ပြည်သူအားကိုးအားထားစရာ ဖြစ်လာဖို့အများကြီးမျှော်လင့်ခဲ့ပေမယ့်လည်း ဒီလိုမျိုးရွေးချယ်ခဲ့တယ်ဆိုတော့ မေးခွန်းထုတ်စရာဖြစ်တာပေါ့။

မောင်ဆောင်းခ (အသံအဖွဲ့)

သူတို့ လူစာရင်းမှာပါတဲ့ သူတော်တော်များများက အစိုးရကအရာရှိဟောင်းတွေ အငြိမ်းစားတွေပဲ ဖြစ်နေတာ တွေ့ရတယ်ပေါ့။ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီးတော့ ရှေ့မှာလုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ သမိုင်းကောင်းကြောင်းတွေလည်း သိပ်မတွေ့ရဘူးပေါ့။ မတွေ့ရတဲ့အခါကျတော့ သူတွေကတကယ် လူ့အခွင့်အရေးချိုးဖော်ခံရမှုတွေက တကယ်ကာကွယ်ပေးနိုင်ပါ့မလား။ တကယ်ရပ်တည် ပြောဆိုနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်ပူပင်မှုမျိုးတော့ ရှိတယ်။ အစိုးရအနေနဲ့ လူ့အခွင့်အရေးကော်မရှင်ကို စဉ်းစားတဲ့နေရာမှာ လူ့အခွင့်အရေးကော်မရှင် ရွေးချယ်ရေးဖြစ်စဉ်မှာ ဒီဖြစ်စဉ်က ပွင့်လင်းမြင်သာမှုမရှိဘူးလို့ သုံးသပ်လို့ရတယ်။ ကျွန်တော်တို့ ဒီဇင်ဘာလတည်းက ဒီရွေးချယ်ရေးကိစ္စတွေမှာ ပွင့်လင်းမြင်သာအောင်ဆောင်ရွက်ပေးဖို့ ကျွန်တော်တို့ သမ္မတဆီ အိတ်ပိတ်ပေးစာတစ်စောင်ပို့ခဲ့တာရှိတယ်။ အဲတာကလည်း အကြောင်းပြန်ကြားမှုလုံးဝမရှိခဲ့ဘူး။

အဆိုးဆုံးကတော့ အရပ်ဖက်အဖွဲ့အစည်းတွေဖက်က ကိုယ်စားလှယ်တစ်ယောက်မှ မပါလာတာပဲ။ လူ့အခွင့်အရေးကော်မရှင် ရွေးချယ်ရေးဘုတ်အဖွဲ့ဆိုတာရှိတယ်။ အဲဒီဘုတ်အဖွဲ့မှာ အရပ်ဖက်အဖွဲ့အစည်းဖက်က ကိုယ်စားလှယ်နှစ်ဦးပါရတယ်။ အဲဒီဘုတ်အဖွဲ့မှာ အရပ်ဖက်အဖွဲ့အစည်းတွေဖက်က နှစ်ဦးက ဘယ်သူတွေပါခဲ့မှန်းလည်း ကျွန်တော်တို့ အရပ်ဖက်အဖွဲ့အစည်း အသိုင်းအဝိုင်းက ဘယ်သူမှမသိရဘူး။ ဘယ်သူမှလည်း မကြားလိုက်ရဘူးပေါ့။ အဲတာတွေ ဘယ်လိုလုပ်သွားလည်းကိစ္စမှာ လက်ရှိအစိုးရရဲ့ လုပ်ကိုင်ဆောင်ရွက်မှုကို မေးခွန်းထုတ်စရာ အနေနဲ့ရှိတယ်လို့ ကျွန်တော်တို့က ပြောလို့ရတယ်။ အဲဒီဘုတ်အဖွဲ့မှာလည်း မပါသလို ရွေးချယ်လိုက်တဲ့သူတွေကို ကြည့်တဲ့အခါမှာ အရပ်ဖက်အဖွဲ့အစည်းကိုယ်စားပြုပြီးတော့ လူထုဘက်ကနေ မားမားမတ်မတ် ရပ်တည်ပြောဆိုနိုင်မယ့်သူတွေ ပါဝင်မလာတာကိုလည်း တေ့ွရတယ်လို့ သုံးသပ်မိတယ်။

လူ့အခွင့်အရေးကော်မရှင်ဥပဒေဆိုတာ လက်ရှိ NLD လွှတ်တော်ကိုယ်စားလှယ်တွေ ပြင်ချင်ရင်ချက်ခြင်းပြင်လို့ရတယ်။ သာမန်ဥပဒေတစ်ရပ်ပဲ လွှတ်တော်မှာဆွေးနွေးပြီးတော့ ၅ဝရာခိုင်နှုန်းကျော်ရင် အတည်ပြုလို့ရတဲ့ ဥပဒေတစ်ခုပဲ ဒါပေမယ့် အဲတာကိုပြင်ဆင်ဖို့ကိုပဲ လွှတ်တော်မှာ ဘယ်သူမှ အာသီတမရှိဘူး။ ပြင်ဖို့ကြိုးစားတာလည်း မတွေ့ရဘူး။ ကျွန်တော်ထင်တယ်။ လက်ရှိအစိုးရသည်ပင်လျှင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုဖော်ထုတ်ဖို့ဆိုတာထက် ဖုံးဖိထားချင်တယ်ဆိုတဲ့ဟာမျိုးကို ပိုသွားတာတွေ့တယ်။

မသဉ္ဇာရွှန်းလဲ့ရည် (လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ)

အရင်က လူ့အခွင့်အရေးကော်မရှင်တွေ ဖွဲ့စည်းခဲ့တဲ့ပုံစံအတိုင်း အစိုးရဝန်ကြီးဌာနတွေ ပြည်ထဲရေးဝန်ကြီးဌာနတွေထဲက ရာထူးကြီးပိုင်းတွေကို ပြန်ပြီးထည့်ထားတယ်။ အခုလည်း ဒီပုံစံပဲလို့မြင်ပါတယ်။ နောက်တစ်ခုက ဥပဒေပေါ့။ ကော်မရှင်ဥပဒေက မပြင်ဆင်ရသေးပါဘူး။ အဲတော့ မပြင်ဆင်ရသေးတဲ့ ဥပဒေမှာ အားနည်းချက်တွေအများကြီးရှိတယ်။ ကျွန်မတို့ဝေဖန်ထောက်ပြသေးတဲ့ဟာတွေက ဒါတွေကိုမပြင်ဆင်ရသေးတဲ့အတွက်ကြောင့်မို့လို့ အခုအသစ်ဖွဲ့လိုက်တဲ့ ကော်မရှင်အဖွဲ့ဝင်တွေကလည်း တကယ့်ကို စိန်ခေါ်မှုတွေအများကြီးနဲ့ သူတို့လုပ်ဆောင်ရမှာကိုမြင်ရတယ်။

အရပ်ဖက်အဖွဲ့အစည်းတွေက စဉ်ဆက်မပြတ် တိုက်တွန်းနှိုးဆော်မှုတွေကို ပုံစံအစုံနဲ့ လွှတ်တော်ကော နိုင်ငံတော်အစိုးရကိုကော ဒီအခွင့်အရေးကိုအရအမိယူပြီးတော့ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးကို လေးစားလိုက်နာကြောင်းပြသဖို့ အခွင့်ကောင်းဖြစ်တယ်လို့ ပြောခဲ့ပေမယ့် ဒီအခွင့်အရေးကိုမယူခဲ့ဘူး။ တကယ်ကိုဆုံးရှုံးသွားတဲ့ အခွင့်အရေးတစ်ခုလို့ပြောလို့ရတယ်။

လက်ရှိမြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ လူ့အခွင့်အရေးမလေးစားဘူးလို့ ပြောနေတဲ့အချိန်ကာလမှာ အခုလိုမျိုးလူ့အခွင့်အရေးချိုးဖောက်ခဲ့တဲ့ ဝန်ကြီးဌာနတွေတည်းက အစိုးရအဖွဲ့ဝင်တွေ ဒီလူတွေပဲပြန်လည်ခန့်အပ်ထားတယ်ဆိုတာ လူ့အခွင့်အရေးပေါ်မှာ လက်ရှိမြန်မာနိုင်ငံအစိုးရရဲ့ သဘောထားကို ဖွင့်လှစ်ပြလိုက်တယ်လို့ပဲပြောရမှာပေါ့။ လူ့အခွင့်အရေးကော်မရှင်တွေ စတင်ဖွဲ့စည်းတဲ့ရည်ရွယ်ချက်ကိုက ဖွဲ့စည်းပုံပြဌာန်းချက်ထဲမှာပါတဲ့ ပြည်သူတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ဖို့စောင့်ရှောက်ဖို့ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပေမယ့် ဦးဆောင်ဖွဲ့စည်းတဲ့သူတွေက သမ္မတ၊ လွှတ်တော်ဖြစ်တယ်ဆိုတော့ အစိုးရက ဦးဆောင်ဖွဲ့စည်းတဲ့ ကော်မရှင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ လွတ်လပ်မျှတမှုကတော့ မေးခွန်းထုတ်စရာအများကြီးရှိတယ်။

ဒါပေမယ့် ဒီကော်မရှင်ကို လွတ်လပ်တရားမျှတပြီးတော့ နိုင်ငံတကာစံနှုန်းနဲ့ညီတဲ့ ကော်မရှင်ဖြစ်အောင်လုပ်လို့ရတယ်။ အဲလိုလုပ်ဖို့အတွက်လည်း ကျွန်မတို့ တိုက်တွန်းနှိုးဆော်မှုတွေနဲ့ လွှတ်တော်က လွှတ်တော်ကပြည်သူက ရွေးချယ်ထားတဲ့အဖွဲ့အစည်းတွေဖြစ်တယ်ပေါ့။ လွှတ်တော်က ဝင်ရောက်ထိန်းညှိတာမျိုးတွေကို လုပ်ဖို့လုပ်ပေမယ့် အခုချိန်ထိကို သမ္မတကခန့်အပ်တယ်။ သမ္မတကပြန်ဖြုတ်ခွင့်ရှိတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ပဲ သွားနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါကျွန်မတို့ဘာမှမျှော်လင့်လို့ရမယ်လို့ မထင်ပါဘူး။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts