All News Editorial Peace political news

ICJ ကြားဖြတ်အမိန့်သည် စစ်တပ်ကို အရပ်သားလက်အောက် ထည့်သွင်းနိုင်မည့် တွန်းအားဖြစ်၍ ကြိုဆိုသည်

အယ်ဒီတာ့အာဘော်

ICJ ကြားဖြတ်အမိန့်သည် စစ်တပ်ကို အရပ်သားလက်အောက် ထည့်သွင်းနိုင်မည့် တွန်းအားဖြစ်၍ ကြိုဆိုသည်

အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ က မြန်မာနိုင်ငံအစိုးရအနေဖြင့် ရိုဟင်ဂျာများနှင့်လူနည်းစုများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုများ မဖြေစ်ပေါ်စေရန် ကြားဖြတ်အမိန့် တစ်ရပ်အဖြစ် အချက် ၄ ချက် လိုက်နာရန် အမိန့်တစ်ရပ် ထုတ်ပြန်လိုက်သည်။

(၁) လူမျိုးတုန်းသတ်ဖြတ်မှုတားဆီးရေးဆိုင်ရာနိုင်ငံတကာသဘောတူညီချက် အပိုဒ်(၂)အရ ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်စေနိုင်သည့် အရာအားလုံးကို မြန်မာ အစိုးရက ရပ်တန့်အောင် ဆောင်ရွက်ရန်

(၂) မြန်မာစစ်တပ်၊ပြည်သူ့စစ်နှင့် တခြား လက်နက်ကိုင်တပ်ဖွဲများက ဂျီနိုဆိုက် ထပ်မကျုးလွန်နိုင်စေရေး မြန်မာအစိုးရက ထိရောက်စွာ ဟန့်တားရန်

(၃) ဂျီနိုဆိုက်သက်သေများကို ဖျက်ဆီးမှုများမရှိစေရန် မြန်မာအစိုးရက ဆောင်ရွက်ရန်

(၄) ယခု အမိန့်ချမှတ်သည့်နေ့မှစ၍ ၄ လအတွင်း ဆောင်ရွက်မှုများအားလုံးကို အစီရင်ခံစာတင်ပြရန်နှင့် နောက်ဆုံးအမိန့်မချမှတ်မီ ၆ လတိုင်း အစီရင်ခံစာ တရားရုံးသို့ တင်သွင်းရန်တို့ဖြစ်သည်။

အကြမ်းဖျဉ်းအားဖြင့် ကြည့်လျှင် အဆိုပါ အချက် ၄ ချက်သည် အစိုးရအနေဖြင့် မဖြစ်မနေ ချက်ချင်းလုပ်ဆောင်ရန် တွန်းအားပေးခြင်းဖြစ်ပြီး ယင်းတွန်းအားများသည် မြန်မာနိုင်ငံတွင် စစ်တပ်၏ အနိုင်ကျင့် ဗိုလ်ကျစိုးမိုးမှုများကြောင့် ပျောက်ကွယ်နေသော လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့ကြမှုများအတွက် အမှန်တရားကို ဖော်ထုတ်ရန် မြန်မာအစိုးရကို တာဝန်ပေးအပ်လိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်တပ်သည် အရပ်သား နိုင်ငံတော်သမ္မတ၏ ထိန်းချုပ်မှု အောက်တွင် မရှိသော သီးခြားအဖွဲ့အစည်းအဖြစ် ရပ်တည်လျက်ရှိသည်။ အရပ်သားသမ္မတသည် တပ်မတော်ကို ဘာလုပ်ပါ၊ ဘာမလုပ်ပါနှင့် ဟု ညွှန်ကြားပိုင်ခွင့်မရှိပေ။ အခြေခံဥပဒေအရ တပ်မတော်သည် လွတ်လပ်စွာ ရပ်တည်နေသော အဖွဲ့အစည်းကြီးပင်ဖြစ်သည်။

၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၂၀ (ခ) တပ်မတော်သည် တပ်ပိုင်းဆိုင်ရာ ကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ စီရင်ဆောင်ရွက်ပိုင်ခွင့်ရှိသည်၊ ပုဒ်မ ၂၀ (ဂ) တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲဖြစ်သည်၊ ပုဒ်မ ၃၃၈ နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှု အောက်တွင် ရှိရမည် ၊ ပုဒ်မ ၃၄၃ စစ်ဘက်တရားစီရင်ရာတွင် (က) တပ်မတော်သားများအတွက် အဖွဲ့ဖြင့်ဖြစ်စေ၊ တစ်ဦးတည်းဖြစ်စေ ဥပဒေနှင့်အညီ စီရင်နိုင်သည် (ခ) တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်သည် ဆိုသော ဥပဒေပြဋ္ဌာန်းချက်များစွာက တပ်မတော်သည် အရပ်သား သမ္မတ၏ အမိန့်ကို နာခံရန်မလိုဘဲ မိမိသဘောအတိုင်း လုပ်ကိုင်ဆောင်ရွက်နိုင်ကြောင်း ပြဋ္ဌာန်းထားခြင်းဖြစ်သည်။

ICJ ၏ ကြားဖြတ်အမိန့် ၄ ချက်တွင် မြန်မာအစိုးရအနေဖြင့် လူမျိုးတုန်းသတ်ဖြတ်မှုများ မဖြစ်ပေါ်စေရေး ဆောင်ရွက်ရန်၊ တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များအားလုံးက ထပ်မံ ကျူးလွန်ခြင်းမဖြစ်စေရန် ကာကွယ်တားဆီးရန် ဟု အချက်များ ပါဝင်ရာ အခြေခံဥပဒေက မပေးအပ်ထားသည့် အခွင့်အာဏာများကို ICJ က ပေးအပ်လိုက်ခြင်း ဖြစ်သည်။

ICJ က ပေးအပ်ချက်အရ အစိုးရအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသူနိုင်ငံသားများ၏ အကျိုးစီးပွားအတွက် တပ်မတော် အပါအဝင် လက်နက်ကိုင်အဖွဲ့အားလုံး လိုက်နာရမည့် ညွှန်ကြားချက်များ၊ ဥပဒေမဲ့ သတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်အပေါ် စစ်ရာဇတ်ဝတ်မှုများ မကျူးလွန်ရန် အမိန့်များကို ထုတ်ပြန်ရမည်ဖြစ်ရာ အစိုးရ၏ အာဏာကို လက်နက်ကိုင်အဖွဲ့အစည်းမှ မည်သူမဆို လိုက်နာရန်လည်း တာဝန်ရှိလာသည်။ အစိုးရ၏ ညွှန်ကြားချက် တားဆီးမှုကို မလိုက်နာသော အဖွဲ့အစည်းသည် ICJ ၏ အမိန့်ကို ဖီဆန်ခြင်းလည်းဖြစ်သည်။

ICJ ၏ အမိန့်အရ အစိုးရ၏ ညွှန်ကြားမှုကို မလိုက်နာသော အဖွဲ့အစည်းမှ လူပုဂ္ဂိုလ်များသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ICC တွင် ဆက်လက်၍ အမှုရင်ဆိုင်ရပေလိမ့်မည်။ ထို့ကြောင့် ICJ ၏ ကြားဖြတ်အစီအမံသည် အစိုးရ လက်နက်ကိုင်များအပေါ် သြဇာလွှမ်းမိုးမှုကို ကြီးမားစေသည်။ အထူးသဖြင့် တပ်မတော်အနေဖြင့် အစိုးရက ထုတ်ပြန်သော အမိန့်၊ ညွှန်ကြားချက်များကို မဖြစ်မနေ လိုက်နာရန်လည်း တာဝန်ရှိလာမည်ဖြစ်သည်။

အရပ်ဘက်နှင့်စစ်ဘက် ဆက်ဆံရေး မပြေလည်မှုကြောင့် ဒီမိုကရေစီ အပြောင်းအလဲနှင့် ငြိမ်းချမ်းရေး ခရီးမတွင်မှုကိုလည်း ICJ ၏ အမိန့်က များစွာ ကောင်းကျိုးဖြစ်ပေါ်စေမည်။ ICJ အမိန့်ကြောင့် စစ်ဘက်သည် အရပ်ဘက်၏ စကားကို မဖြစ်မနေ နားထောင်ရန် လိုအပ်လာမည်ဖြစ်သည်။

ပြည်တွင်းတရားစီရင်ရေးစနစ်ဖြင့် အရေးမယူနိုင်သော လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ICJ ကဲ့သို့သော နိုင်ငံတကာတရားရုံးက အရေးယူ စီမံလာနိုင်ခြင်းကလည်း မြန်မာနိုင်ငံတွင်းတွင် လက်နက်ကိုင်ထားသူအားလုံးအဖို့ လက်နက်ရှိလျှင် လုပ်ချင်ရာ လုပ်နိုင်သည်ဆိုသော စိတ်ကူးနှင့် အတွေးကိုလည်း ပယ်ဖျက်နိုင်ပြီး ကျူးလွန်ခံရသူများ အတွက် အမှန်တရားနှင့် တရားမျှတမှုများ သယ်ဆောင်လာခြင်းလည်းဖြစ်သည်။

လတ်တလော ICJ က ချမှတ်လိုက်သော ကြားဖြတ်အမိန့် ၄ ချက်သည် လူထုရွေးချယ်တင်မြှောက်ထားသော အစိုးရအတွက် လက်နက်ကိုင် Institution များကို ထိန်းချုပ်နိုင်မည့် ချည်နှောင်ကြိုးတစ်ခု၊ တွန်းအားတစ်ခုဖြစ်၍ ကြိုဆိုပါကြောင်းနှင့် ပြည်သူများအနေဖြင့်လည်း ကြိုဆိုရမည်ဖြစ်ပါကြောင်း ရန်ကုန်ခေတ်သစ်က မီးမောင်းထိုးပြလိုက်ပါသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts