Local News Peace political news

၆၈ နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားတက်မည့် ဒေါ်အောင်ဆန်းစုကြည်ကို မကြိုဆိုဟု ကရင်နီလူငယ်များပြောဆို၊ နှစ်ခါ အလိမ်မခံနိုင်ဟုဆို

၆၈ နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားတက်မည့် ဒေါ်အောင်ဆန်းစုကြည်ကို မကြိုဆိုဟု ကရင်နီလူငယ်များပြောဆို၊ နှစ်ခါ အလိမ်မခံနိုင်ဟုဆို

ရန်ကုန်၊ဇန်န်ဝါရီ ၁၃

ဗိုလ်ချုပ်အောင်ဆန်း ကတိပြုခဲ့သော တိုင်းရင်းသားတန်းတူရေးကိစ္စကို လျစ်လျူရှုထားသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကယားပြည်နယ်နေ့အခမ်းအနား လာရောက်တက်မည်ကို မကြိုဆိုကြောင်း ကရင်နီလူငယ်ခေါင်းဆောင် ကိုဒီးဒီကပြောဆိုသည်။

“သူရဲ့ဖခင်တုန်းက ယုံစားမိခဲ့လို့ နှစ်၇၀ တိုင်ဒုက္ခရောက်တယ်။ သူ့သမီးကို ထပ်ပြီးမျှော်လင့်တော့လည်း (၅)နှစ်ရှိလာပြီ။ သူအာဏာရလာပြီ။ ထူးခြားတဲ့အနေအထားမရှိတဲ့အတွက် ကိုယ့်ကိုကိုယ်ပဲ အားကိုးရမယ်ဆိုတဲ့ ခံယူချက်တွေရှိလာတယ်။နောက်တစ်ခုက နှစ်ခေါက်အလိမ်ခံရရင် ကျွန်တော်တို့ ညံဖျင်းတဲ့လူတွေဖြစ်တယ်။ သမိုင်းတရားခံမဖြစ်ချင်တဲ့ အတွက် သူ့ကိုကျွန်တော်တို့ မကြိုဆိုရခြင်းဖြစ်တယ်” ဟု ၎င်းကပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် အစိုးရတာဝန်ယူစဉ် ကယားပြည်နယ်အတွင်းသို့ ငြိမ်းချမ်းရေး စကားဝိုင်း အတွက် လာရောက်ခဲ့သော်လည်း ဒေသခံပြည်သူများက ပြည်နယ်အစိုးရ၏ စီမံခန့်ခွဲမှု အမှားများကို တင်ပြခွင့် မရခဲ့ဘဲ တွေ့ဆုံခွင့်မပေးခဲ့ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

“ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ခုနှစ်မှာ ပြည်နယ်တစ်ခေါက်ရောက်တယ်။ တိုင်းရင်းသားတန်းတူရေးကို ကတိပြုခဲ့လို့ တချို့ကယုံပြီးမှ အားကိုးပြီးမှ လက်ရှိမြန်မာနိုင်ငံလည်းပါခဲ့တယ်ပေါ့နော်။ သူလုပ်ကြံခံရပြီးနောက်ပိုင်း သူ့ကိုရိုသေပါတယ်။ သူ့ဖခင်ပါ အမျိုးသားခေါင်းဆောင်ပါလို့ ခံယူတဲ့အစိုးရကသူရဲ့ကတိတွေ သူရဲ့စကားတွေကိုအကောင်အထည်မဖော်ဘူူးပေါ့။ ဒုတိယမျှော်လင့်ချက်အနေနဲ့ သူသမီးအာဏာရလာတော့ ကျွန်တော်တို့တစ်သက်လုံးအား ပေးထောက်ခံခဲ့ပေမယ့် သူအာဏာရလာတော့ ဒီဟာတွေမေ့ကုန်တာပေါ့။ စကားထဲတောင်ထည့်မပြောဘူး။ ကြေးရုပ်ကိစ္စ အသံမထွက်ဘူး။ ဖခင်တုန်းက ကျွန်တော်တု့ိယုံခဲ့တယ်မှားခဲ့တယ်ပေါ့နော်။ သူ့သမီးကို ကျွန်တော်ထပ်ပြီးမှ မျှော်လင့်ခဲ့တယ်ဆိုတာလည်း ထပ်မှားနေတဲ့ အနေအထားရှိတဲ့အတွက် ကျွန်တော်တို့ နှစ်ခါတော့ အလိမ်မခံချင်လို့ သမိုင်းတရာခံ မဖြစ်ချင်ဘူး” ဟု ကိုဒီးဒီ ကပြောဆိုသည်။

ကရင်နီလူငယ်များသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို တွေ့ဆုံခွင့်တောင်းဆိုထားပြီးတွေ့ဆုံခွင့်ရရှိခဲ့လျှင် ဖဒရယ်ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာ ကိစ္စအပေါ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သဘောထားကို သိရှိရန်မေးမြန်းသွားမည်ဖြစ်ကာ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနှင့် တောင်သူလယ်သမားများအား တပ်မတော်က တရားစွဲထားမှုကိစ္စအပေါ် ပြောဆိုသွားမည်ဖြစ်ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစုထံမှ သိရသည်။

၆၈ ကြိမ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားကို ဇန်နဝါရီလ ၁၅ရက်နေ့တွင် ကန္ဒာဟေဝန်ပန်းခြံရှိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ၂၀၁၇ ခုနှစ်အတွင်း ကယားပြည်နယ်ရောက်ရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည်။ Photo Credit – MSCO

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com