All News Local News Peace

အရပ်သား ၇ ဦး ပစ်သတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကိုယ်တွေ့ကြုံဟု AA ဘက်ရောက်ရှိနေသည့် ထွက်ပြေး နယ်ခြားစောင့်ရဲတပ်သား အောင်နေလင်းပြော

အရပ်သား ၇ ဦး ပစ်သတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကိုယ်တွေ့ကြုံဟု AA ဘက်ရောက်ရှိနေသည့် ထွက်ပြေး နယ်ခြားစောင့်ရဲတပ်သား အောင်နေလင်းပြော

ရန်ကုန်၊ ဇန်နဝါရီ ၁၆

မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တပ်မတော်တို့ ပူးပေါင်း နယ်မြေရှင်းလင်းရေးများတွင် အရပ်သား ၇ ဦးကို ပစ်သတ်မှု အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများ ကိုယ်တိုင်ကြုံတွေ့ခဲ့ရကြောင်း ရဲတပ်ဖွဲ့မှ ထွက်ပြေးပြီး AA ဘက်တွင် ရောက်ရှိနေသော ရဲတပ်သား အောင်နေလင်းက ပြောဆိုကြောင်း AA က ဗီဒီယိုနှင့်တကွသတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ကိုယ်ပိုင်အမှတ် လ၂၇၅၄၅၇ ရဲတပ်သား အောင်နေလင်းသည် ရဲတပ်ဖွဲ့မှ ထွက်ပြေးပြီး AA ဘက်ရောက်ရှိနေကာ ၎င်းနှင့် အမေး၊ အဖြေပုံစံ မေးမြန်းထားသည့် ဗီဒီယိုဖိုင်ကို AA က ဇန်နဝါရီလ ၁၃ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

ရဲတပ်သားအောင်နေလင်းက ၎င်းသည် ရဲတပ်ဖွဲ့သို့ ၂ဝ၁၈ နှစ် တွင် စတင်ဝင်ရောက်ခဲ့ပြီး ပြည်မြို့နယ် ဝက်ထီးကန်မြို့ အမှတ်၂ ရဲလေ့ကျင့်ရေးကျောင်းမှ ကျောင်းဆင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အမှတ်(၈) ရဲတပ်ဖွဲ့ခွဲတွင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်စဉ် ရဲတပ်ဖွဲ့၏ လုပ်ငန်းစဉ်များကို လုပ်ဆောင်ရခြင်းမရှိဘဲ တပ်မတော်နှင့်အတူ နယ်မြေရှင်းလင်းရေး၊ လူ့အခွင့်ရေးချိုးဖောက်မှုများကိုသာ အဓိက လုပ်ဆောင်ရကြောင်း ပြောဆိုသည်။

“စစ်ဆင်ရေးထွက်ခဲ့တဲ့ တစ်လျှောက်မှာ ကျွန်တော်တို့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လူသားချင်းမစာနာမှုတွေ အများကြီးကျွန်တော်တို့ ကြုံတွေ့ရပါတယ်။ အများကြီးကြုံတွေ့ရတဲ့တည်းမှ လူသားမဆန်ဆုံး လူ့အခွင့်အရေးချိုးဖောက်ဆုံးလို့ သတ်မှတ်ထားတဲ့ ဖြစ်စဉ်ကတော့ ၂ဝ၁၉ ဇန်နဝါရီလတည်းမှာ ဖြစ်ပွားခဲ့ပြီးတော့ သမီးလှကျေးရွာမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဲတာကတော့ အမှတ့်၈ ရဲတပ်ဖွဲ့ခွဲ ဒုရဲမှူးကြီး ရဲနိုင်ဦး ဦးဆောင်တဲ့ ရဲတပ်ဖွဲ့အင်အား ၈၅ယောက် ပါဝင်ပြီးတော့ စစ်တပ်ကတော့ (စရခ) ၉ လက်အောက်ခံ တပ်ရင်း (၃၇၄) သူတို့အင်အားကတော့ ၈၄ယောက်ရှိပြီးတော့ ကျွန်တော်တို့ ပူးပေါင်းပြီးတော့မှ သမီးလှကျေးရွာကို ဝင်ရောက်ရှင်းလင်းဖို့ သွားခဲ့တာ ဖြစ်ပါတယ်။ သွားတဲ့အချိန်မှာ ကျွန်တော်တို့ ရွာကို ဝင်ဝင်ချင်းချင်းမှာပဲ ပေါက်ကွဲမှုဖြစ်တယ်ဆိုပြီးတော့ ဒီစစ်တပ်က တပ်ရင်းမှူးက ရွာထဲကိုပစ်ဆိုပြီးတော့ အမိန့်ပေးတဲ့အချိန်မှာ ရွာထဲကို ပစ်လိုက်တယ်။ ပစ်လိုက်တဲ့အချိန်မှာ အပြစ်မဲ့တဲ့ ကလေးတစ်ယောက် သေဆုံးသွားတယ်လို့ သိရပါတယ်။ သိရပြီးတော့မှ ရွာကိုပြန်ပြီးတော့ စစ်ဆေးတယ်” ဟု ရဲတပ်သားအောင်နေလင်းက ပြောဆိုသည်။

ရေခေါင်းချောင်းရွာတွင်လည်း စစ်ဆင်ရေးနှင့်နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ဘိန်းတောဆရာတစ်ယောက်ကိုလည်း မသင်္ကာမှုဖြင့် ရဲစခန်းအပ် ဖမ်းဆီးတရားစွဲဆိုခဲ့ကြောင်း ၎င်းက ဆိုသည်။

“ရေခေါင်းချောင်းရွာကို (၃၇၄) တပ်ရင်းနဲ့ အတူတူသွားပြီးတော့မှ စစ်ဆေးပါတယ်။ စစ်ဆေးတဲ့အခါမှာ ရေခေါင်းချောင်းရွာကိုရောက်တယ်။ ဘုန်းကြီးကျောင်းကိုရောက်တယ်။ ရွာသားတွေကို ဘုန်းကြီးကျောင်းထဲကိုခေါ်တယ်။ ခေါ်ပြီးတော့ စစ်ဆေးတယ်။ နယ်မြေရှင်းလင်းရေးလုပ်တယ်။ လုပ်တဲ့ချိန်မှာ ရွာသားတွေကပြောပါတယ်။ ငါတို့ ထမင်းမစားရသေးဘူး။ ထမင်းမချက်ရသေးဘူး။ ထမင်းလည်း မချက်နဲ့ ထမင်းလည်း မစားနဲ့ အားလုံးပြီးရင်ပြန်လွှတ်မယ်။ ဘယ်အချိန်ပဲနေနေ ဘယ်အချိန်ပဲရောက်ရောက် အားလုံးပြီးတဲ့အချိန်ကို ပြန်လွှတ်ပေးမယ်။ ထမင်းမစားရလည်း ဘာမှမဖြစ်ဘူး။ မင်းတို့ကို ဘာမှမလုပ်ဘူး။ ငါတို့မေးတာကိုပဲဖြေဆိုတဲ့ ရွာသားအားလုံးကိုမေးပါတယ်။ မေးတဲ့ချိန်မှာ ရွာသားအားလုံးထဲက ဘိန်းတောဆရာတစ်ယောက်ကို တွေ့ပါတယ်။ ဘိန်းတောဆရာက သူ့အိမ်မှာ ဆေးပစ္စည်းတွေက အများကြီး မင်းဒီတစ်ရွာတည်းကို ကုတာဟုတ်လားပေါ့။ ဟုတ်ပါတယ်လို့ဖြေတဲ့ချိန်မှာ ဒီဆေးပစ္စည်းနဲ့ ဒီရွာနဲ့ ဆိုရင်မဖြစ်နိုင်ဘူး။ မင်းဖြေတာက မခိုင်လုံဘူးပေါ့။ အဖြေကမတိကျဘူးဆိုပြီးတော့မှ ရသေ့တောင်မြို့နယ် မြို့မရဲစခန်းကို အမှုဖွင့်ပြီးတော့ သူ့ကိုပို့လိုက်တာရှိပါတယ်” ဟု ၎င်းက ရှင်းပြသည်။

နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ကျောက်တန်းရွာတွင် အရပ်သား ၆ ဦး ပစ်သတ်မှုကို ကြုံတွေ့ခဲ့ရကြောင်း ၎င်းက ဆိုသည်။

“ကျောက်တန်းဘက် ဖြစ်စဉ်မှာ ကျွန်တော့်အနေနဲ့ပြောရရင် လူသားမဆန်ဘူး။ လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးနဲ့ အမြင့်ဆုံး လုပ်ရပ်ကို ကျွန်တော်တို့ ကျူးလွန်ခဲ့တယ်လို့ ကိုယ့်ကိုကိုယ် ခံယူရပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အဲမှာဆိုရင် ကျွန်တော်တို့က ၂၁ဝ တပ်မ ၂၂ လက်အောက်ခံ ၂၁ဝ တပ်ရင်းနဲ့ သူတို့ဟာဆိုရင် အင်အား ၆၄ယောက်ရှိပြီးတော့ ကျွန်တော်တို့ရဲဟာ ဆိုရင် အမှတ် ၈ရဲတပ်ဖွဲ့ခွဲ ဒုရဲမှူးကြီး ရဲနိုင်ဦးနဲ့ အင်အား ၈၅ယောက်နဲ့ ကျွန်တော်တို့ ပူးပေါင်းပြီးတော့မှ ကျောက်တန်းရွာကိုဝင်ပြီးတော့ ရှင်းလင်းရေးလုပ်ပါတယ်။ ရှင်းလင်းရေးလုပ်တဲ့ချိန်မှာ ရွာသားတွေကို စာသင်ကျောင်းထဲခေါ်ပြီးတော့ မေးတယ်ပေါ့။ မေးနေတဲ့ချိန်မှာ ကျွန်တော်ကတော့ ကျောင်းခြံစည်းရိုးဘေးမှာ လုံခြုံရေးယူနေတာဖြစ်တယ်။ အဲချိန်မှာ ကျောင်းထဲမှာ တစ်ယောက်တစ်ခွန်းဖြေကျတယ်။ ပြောကြတယ်ပေါ့။ အဲလိုပြောနေတဲ့ချိန်မှာ ရွာသူရွာသားတွေ ဘက်က ပြောတယ်ပေါ့။ ငါတို့ကို မင်းတို့ကိုယ်ထိလက်ရောက် စော်ကားဖို့မလိုဘူး။ မင်းတို့မေးတာကို ငါတို့ဖြေမယ်။ ငါတို့သိတာ မှန်သမျှဖြေမယ်။ ငါတို့ကို ကိုယ်ထိလက်ရောက် လုပ်စရာမလိုဘူးပေါ့။ ကိုယ်ထိလက်ရောက်လုပ်လည်း ဘာဖြစ်တယ်ဆိုပြီးတော့မှ အဲလိုပြောပြီးတော့မှ စစ်တပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အပြစ်မဲ့တဲ့ ရွာသား၆ယောက် သေဆုံးသွားပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

လူ့အခွင့်အရေးချိုးဖောက်မှှုများ၊ လူသားချင်းမစာနာမှုများကြောင့် ရဲတပ်ဖွဲ့မှ ထွက်ပြေးခြင်းဖြစ်သည်ဟု နယ်ခြားစောင့်ရဲတပ်သား အောင်နေလင်းက ပြောဆိုသည်။

“စေတီပြင်ရဲစခန်းကိုရောက်ပြီး ရောက်ပြီးနောက်ပိုင်းမှာလည်း ရောက်ရှိလာတဲ့ စစ်တပ်နဲ့ ပေါင်းပြီးတော့မှ အဲနယ်မြေထဲကရွာတွေကို သွားပြီးတော့ နယ်မြေရှင်းလင်းရေးသွားလုပ်ရတယ်။ လုပ်ရတဲ့အချိန်မှာလည်း လူ့အခွင့်အရေးချိုးဖောက်တာတွေ တွေ့ရတယ်။ လူသားချင်းမစာနာမှုတွေ တွေ့ရတယ်ပေါ့။ထွက်ပြေးလာတာကတော့ ရခိုင်ပြည်နယ်မှာနေတဲ့ ကာလတစ်လျှောက်လုံးမှာ ကျွန်တော်တို့က ရဲဖြစ်တဲ့အတွက် ရဲအလုပ်ကို ရဲမလုပ်ရဘူး။ စစ်တပ်နဲ့ လိုက်ရတယ်။ စစ်တပ်အမိန့်ပေးခြင်းကို ခံရတယ်။ စစ်တပ်ရဲ့ခိုင်းစေမှုကို လိုက်လုပ်ရတယ်။ ရဲအလုပ်ကိုရဲမလုပ်ရဘူး။ နှိပ်စက်တာတွေ ညှင်းပန်းတာတွေ လူ့အခွင့်အရေးချိုးဖောက်တာတွေ အရမ်းအများကြီးတွေ့တဲ့ချိန်မှာ ရဲအလုပ်ကိုရဲမလုပ်ရတော့ဘူး။ စစ်တပ်ကခိုင်းတာကိုပဲလုပ်ရတဲ့အတွက်ကြောင့် ဘယ်လိုမှ စိတ်မပါတော့လို့ ရဲတပ်ဖွဲ့ကြီးကို စိတ်နာပြီးတော့ ထွက်ပြေးလာရခြင်းဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

နယ်ခြားစောင့်ရဲတပ်သား အောင်နေလင်းဆိုသူသည် ရဲတပ်ဖွဲ့တွင် အမှန်တကယ်ရှိ၊ မရှိ၊ ၎င်းပြောဆိုနေသော အကြောင်းအရာများသည် မှန်ကန်မှု ရှိ၊ မရှိ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲမှူးကြီးကြည်လင်းကို ဆက်သွယ်မေးမြန်းရာ ရဲမှူးကြီးကြည်လင်းက ၎င်းအနေဖြင့် အခြားနေရာသို့ နယ်ပြောင်းရွှေ့ သွားပြီဖြစ်၍ မဖြေဆိုနိုင်ကြောင်း ပြောဆိုသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦး နှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းသော်လည်း အဆက်အသွယ်မရရှိပေ။

ရဲတပ်သားအောင်နေလင်း၏ ပြောဆိုချက်များသည် မှန်ကန်ခြင်း ရှိ၊ မရှိ၊ ရဲတပ်သားအောင်နေလင်းသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခြင်းရှိ၊ မရှိ ရန်ကုန်ခေတ်သစ်အနေဖြင့် မည်သည့်အာဏာပိုင်အဖွဲ့အစည်းထံမှ အတည်ပြုချက် ရယူနိုင်ခြင်းမရှိသေးပါ။

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts