All News Local News

အမေရိကန်နှင့်အီရန် တင်းမာမှု နောက်ဆက်တွဲ အခေါက်ရွှေ ၁ ကျပ်သား ၃ သောင်းနီးပါး ရုတ်တရက် ခုန်တက်

အမေရိကန်နှင့်အီရန် တင်းမာမှု နောက်ဆက်တွဲ အခေါက်ရွှေ ၁ ကျပ်သား ၃ သောင်းနီးပါး ရုတ်တရက် ခုန်တက်

ရန်ကုန်၊ ဇန်နဝါရီ ၆

အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား စစ်မက်ဖြစ်ပွားမည့် အခြေအနေများရှိနေပြီး တင်းမာမှုများ မြင့်တက်လာသည့်အတွက် ကမ္ဘာ့ရွှေဈေး ထိုးတက်နေရာ ပြည်တွင်းရွှေဈေးနှုန်းမှာလည်း ဆက်တိုက်ဆိုသလိုမြင့်တက်လာလျက်ရှိနေသည်။

ယနေ့ ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၅၇၆ ဒေါ်လာရှိပြီး မြန်မာ့ရွှေဈေးနှုန်းမှာလည်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၁၂၂၈၀၀၀ ကျပ်ဈေးပေါက်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ဇန်နဝါရီလ ၁ ရက်နေ့က ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၅၁၇ ပေါက်ဈေးရှိခဲ့ပြီး မြန်မာ့ရွှေဈေးမှာမူ အခေါက်ရွှေတစ်ကျပ်သားလျှင် ၁၁၉၂၀၀၀ ကျပ်သာ ဈေးပေါက်ခဲ့သည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်ကမူ “ကမ္ဘာ့ရေးရာမှာ အမေရိကန်နဲ့ အီရန် စစ်ဖြစ်မယ့် အရိပ်အရောင်တွေ ရှိတွေရှိနေတာ့ ရေနံဈေးတွေ မြင့်တက်တယ်။ ရွှေဈေးတွေလည်း လိုက်တက်တယ်။ အဲဒါကြောင့် ပြည်တွင်းရွှေလည်း လိုက်တက်တယ်။ ကမ္ဘာ့ရွှေဈေးတက်လို့ မြန်မာ့ရွှေလည်း လိုက်တက်တာပါ။ ကမ္ဘာမှာ မတည်မငြိမ်အခြေအနေတွေ မြင်နေရတော့ ရွှေဈေး ထပ်ပြီး တက်ဦးမယ့် အခြေအနေရှိပါတယ်” ဟု သုံးသပ်ပြောဆိုသည်။

ဇန်နဝါရီလ ၆ ရက်နေ့ အမေရိကန်ဒေါ်လာနှင့်မြန်မာငွေ လဲလှယ်နှုန်းထားတွင် မြန်မာငွေတန်ဖိုးမာနေပြီး အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေကျပ် ၁၄၇၅ ကျပ်ဝန်းကျင်ဈေးပေါက်လျက်ရှိသည်။

ရွှေဈေးကွက်အတွင်းလည်း ရွှေဝယ်ယူသူထက် ရွှေပြန်လည်ရောင်းချသူများပြားပြီး ရွှေဈေးကွက်ကျွမ်းကျင်သူ ကုန်သည်တချို့ကမူ အမှန်တကယ် အမေရိကန်နှင့် အီရန် စစ်ပွဲ ဖြစ်ပွားပါက ရွှေဈေးနှုန်း ၁၃ သိန်းကျော်အထိ မြင့်တက်လာနိုင်သည်ဟု ခန့်မှန်းပြောဆိုသည်။

Photo Credit – YGMA

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts