All News Local News

သပိတ်ကျင်းရှိ ဧရာဝတီမြစ်တွင် တရားမဝင် ရွှေခိုးတူးနေမှုများ အရေးမယူဘဲ ဌာနအချင်းချင်း ဘော်လီဘောပုတ်နေ

သပိတ်ကျင်းရှိ ဧရာဝတီမြစ်တွင် တရားမဝင် ရွှေခိုးတူးနေမှုများ အရေးမယူဘဲ ဌာနအချင်းချင်း ဘော်လီဘောပုတ်နေ

ရန်ကုန်၊ ဇန်နဝါရီ ၁၃

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် အတွင်းရှိ ပေသောင်ရွာ အထက်ပိုင်း ဧရာဝတီမြစ်ထဲတွင် ရွှေခိုးယူတူးဖော်မှုပြုလုပ်နေခြင်းများကို သက်ဆိုင်ရာဌာနဆိုင်ရာများသို့ တိုင်ကြားသော်လည်း ဌာနဆိုင်ရာအချင်းချင်း လွှဲချနေပြီး အရေးယူ တားဆီးခြင်းမရှိကြောင်း ဧရာဝတီ ပြည်သူ့ကွန်ရက်မှ ညှိနှိုင်းရေးမှူး ဦးစိုးဟိန်းက ပြောဆိုသည်။

“ကျွန်တော်တို့က ရေအရင်းအမြစ်နဲ့ မြစ်၊ ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကိုသွားတိုင်ရင်လည်း သတ္တုတူးဖော်တာပုံစံလိုမျိုး သတ္တုဦးစီးဌာနကို သွားတိုင်ရင်လည်း ရေအရင်းအမြစ်နဲ့ မြစ်၊ ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဆိုင်တာမျိုး ဌာနတစ်ခုနဲ့ တစ်ခုကြားမှာ လွှဲနေတယ်။ ဒီကြားထဲမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကိုသွားတိုင်ရင်လည်း သူတို့နဲ့မဆိုင်သလိုဖြစ်နေတယ်။ ဌာနဆိုင်ရာတွေကစီမံအုပ်ချုပ်မှုမှာ ရှုပ်ထွေးမှုတွေရှိနေတယ်” ဟု ၎င်းကပြောဆိုသည်။

ဧရာဝတီမြစ်အတွင်း ရွှေခိုးယူတူးဖော်ရေးလုပ်ငန်းများကို ၂ဝဝဝခုနှစ်လောက်တည်းက တပိုင်တနိုင် အသေးစားတူးဖော်မှုများလုပ်ကိုင်နေခြင်းဖြစ်ကာ ယခုနောက်ပိုင်း ၂နှစ်တာကာလအတွင်း စီးပွားဖြစ် ခိုးယူတူးဖော်မှုများဖြင့် လုပ်ငန်းများပိုမိုကြီးထွားလာခြင်းဖြစ်ကြောင်း ဧရာဝတီပြည်သူ့ကွန်ရက်ထံမှ သိရှိရသည်။

“မနှစ်လောက်တည်းကသူတို့ တရားမဝင် တူးနေတာတွေ ကျွန်တော်တို့တွေ့ရှိရတယ်။ ကျွန်တော်တို့ကလည်း ဧရာဝတီနဲ့ ပတ်သက်တာတွေစောင့်ကြည့်တယ်ပေါ့။ ကျွန်တော်တို့က ဒါကြီး ဧရာဝတီနဲ့ ပတ်သက်လို့ ထိန်းသိမ်းရေး လုပ်ငန်းတွေလုပ်နေတာဆိုတော့ အဲတာတွေကို ကျွန်တော်တို့ မနှစ်တည်းက တွေ့တယ်။ တွေ့တော့ မြို့နယ်အဆင့်ကိုတင်ပြတယ်။ တူးဖော်မှုတွေ တရားမဝင်လုပ်ငန်းတွေရှိနေတယ်။ အဲဒါတွေကို တားဆီးပေးပါဆိုပြီးတော့လည်း ပြောရမယ်ဆိုရင် အောက်ခြေမှာတင် သူတို့အချင်းချင်းပြီးနေတာနဲ့ ဒါတွေက မပျောက်ဘဲ ဆက်လက်ကြီးထွားလာတာပေါ့။ အခုဆိုရင် အလုံး၃ဝလောက်ရှိလာပြီ ကျွန်တော်တို့ သက်ဆိုင်ရာတွေကိုလည်း တင်ပြတယ် အရေးယူဆောင်ရွက်မှုပိုင်းတွေမှာ တော်တော်လေးအားနည်းတယ်” ဟု ၎င်းကပြောသည်။

ထို့သို့ မြစ်ချောင်းအတွင်း ရွှေခိုးယူတူးဖော်ရေးလုပ်ငန်းများလုပ်ကိုင်ခြင်းသည် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများထိန်းသိမ်းရေးဥပဒေ အခန်း ၅ ၊ ပုဒ်မ ၁၃အရ မြစ်ချောင်းများအတွင်း တူးဖော်မှုများမပြုလုပ်ရ ဆိုသော ဥပဒေထုတ်ပြန်ထားပြီး ပို့ဆောင်ရေးဝန်ကြီးဌာန ရေအရင်းအမြစ်နှင့် မြစ်၊ ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် သက်ဆိုင်သော ကိစ္စဖြစ်ကြောင်း ဦးစိုးဟိန်းက ဆက်လက်ပြောဆိုသည်။

သပိတ်ကျင်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်က ယင်းနေရာသို့ လွန်ခဲ့သည့် တစ်လကျော်သွားရောက်စဉ်တွင် ရွှေခိုးယူတူးဖော်ရေးလုပ်ငန်းများ မတွေ့ရှိခဲ့ကြောင်း ၎င်းကပြောဆိုသည်။

“ကျွန်တော်တို့ သိသလောက်ကတော့ ဒီမြစ်ကြောင်းတည်းမှာ ရွှေတူးဖော်တဲ့ မော်တော်တွေနဲ့လုပ်တဲ့ ရွှေတူးဖော်ရေး လုပ်ငန်းတွေကို တရားဝင်ပိတ်ထားတယ်။ ကျွန်တော်တို့လည်း အဲဒီဘက်တွေကို မကြာမကြာရောက်ပါတယ်။ ကျွန်တော်တို့ရောက်တဲ့အချိန်တော့ မတွေ့ခဲ့ဘူး။ မရှိသေးဘူး။ အခုနောက်ပိုင်းမရောက်တာတော့ တစ်လလောက်ရှိပြီ သပိတ်ကျင်းအထက်ပေါ့။ ပေသောင်ရွာ သူကသပိတ်ကျင်းမြို့နယ် အရှေ့ဘက်ထဲပေါ့။ သပိတ်ကျင်းမြို့နယ်ထဲကပေါ့” ဟု၎င်းကပြောဆိုသည်။

မြစ်ချောင်းများအတွင်း ရွှေတူးဖော်ရေးလုပ်ငန်းလုပ်ကိုင်ခြင်းကြောင့် ရွှေတူးရာတွင်သုံးသည့် ပြဒါးများ ရေတွင်ပျော်ဝင်မှုမြင့်တက်ကာ သက်ရှိရေနေသတ္တဝါများ အပါအဝင် လူသားများကို ပြဒါး အဆိပ်သင့်နိုင်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့များက ထောက်ပြ ပြောဆိုသည်။

Photo Credit – Soe Hein

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts