All News China Watch Local News

ရန်ကုန်မြို့သို့ တရုတ်ကားနံပါတ်တပ် ယာဉ်များ ဝင်လာမှု လူမှုကွန်ရက်တွင် ဝေဖန်မှုများပြား

ရန်ကုန်မြို့သို့ တရုတ်ကားနံပါတ်တပ် ယာဉ်များ ဝင်လာမှု လူမှုကွန်ရက်တွင် ဝေဖန်မှုများပြား

ရန်ကုန်၊ ဇန်နဝါရီ ၃၀

ရန်ကုန်မြို့သို့ ယနေ့ တရုတ်ကားနံပါတ်တပ် ယာဉ် ၈ စီး ဝင်ရောက်လာမှုကို လူမှုကွန်ရက်များတွင် ဓာတ်ပုံများနှင့်တကွ ဖော်ပြကြပြီး ရန်ကုန်မြို့ခံများအကြား ဝေဖန်မှုများမြင့်တက်လျက်ရှိသည်။

လူမှုကွန်ရက်တွင် ရန်ကုန်မြို့ခံတစ်ဦးက ရန်ကုန်မြို့ တိုးဂိတ်သို့ ကားများ တန်းစီ ဝင်ရောက်လာသည့် ပုံကို စတင် တင်ခဲ့ပြီး ရန်ကုန်-ပြည်လမ်းအတိုင်း ကားများ မောင်းနှင်သွားသည့် ဓာတ်ပုံများကို ယနေ့ ညနေပိုင်းတွင် ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံတွင် ဝူဟန်ဗိုင်းရပ်စ်ပိုးကူးစက်မှု ဖြစ်ပွားနေချိန်ဖြစ်၍ တရုတ်နံပါတ်တပ်ကားများ ဝင်ရောက်လာခြင်း အပေါ် ရန်ကုန်မြို့ခံများက ထိရောက်စွာ စစ်ဆေးသင့်သည်၊ ဗိုင်းရပ်စ်ကူးစက်နိုင်သည်စသည်ဖြင့် အမြင်အမျိုးမျိုးဖြင့် ဝေဖန်နေကြသည်။

အလားတူ အဆိုပါ တရုတ်ကားနံပါတ်တပ်ကားများကို မြင်တွေ့လိုက်ရသော အခြားသော လူမှုကွန်ရက်အကောင့်ပိုင်ရှင်များကလည်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ယင်းကားများကို ဖြတ်သန်းမှုများကို ဓာတ်ပုံရိုက်၍ တင်ပြထားကြသည်။

Wai Yan Kha အကောင့်ပိုင်ရှင်ကလည်း တရုတ်နံပါတ်တပ် ကား ၈ စီးကို ဘီးလင်းတိုးဂိတ်တွင် တန်းစီမြင်တွေ့ရပုံကို ယနေ့ နံနက်ပိုင်းက ဓာတ်ပုံနှင့်တကွ တင်ပြထားသည်ကို တွေ့ရသည်။

Soe San Aung အကောင့်ပိုင်ရှင်ကလည်း တရုတ်ကားနံပါတ်တပ်ကားတစ်စီး လှည်းတန်းကုန်းကျော်တံတားပေါ်ကို ဖြတ်သန်းနေပုံတင်ထားပြီး Nay Chi အကောင့်ပိုင်ရှင်ကလည်း ရွှေတိဂုံဘုရားတောင်ဘက်မုခ်မှာ တန်းစီ ရပ်ထားတဲ့ ကား၈စီးဟူ၍ အမည်တပ်ကာ လူမှုကွန်ရက်တွင် မျှဝေထားသည်။

အဆိုပါကားများသည် ခရီးကြမ်းမောင်းကားများဖြစ်ပြီး မြန်မာနိုင်ငံတွင်းစီမံကိန်းတစ်ခုခုမှ ကားများလား၊ တရုတ်-မြန်မာနယ်စပ်မှ ဝင်ရောက်လာသော ကားများလား၊ အစိုးရ၏ ခွင့်ပြုချက် တစ်ခုခုဖြင့် ဝင်ရောက်လာသော ကားများလား ဆိုသည်ကို ရန်ကုန်ခေတ်သစ် အနေဖြင့် အတည်မပြုနိုင်ပါ။

အမြန်လမ်းရဲတပ်ဖွဲ့ရုံး ဒုတပ်ဖွဲ့စုမှူးရုံး(ရန်ကုန်) သို့ တရုတ်ကားများ ရန်ကုန်တိုးဂိတ်ဖြတ်သန်း၍ ဝင်ရောက်မှုကို သိရှိပါသလား ဟု ဆက်သွယ်မေးမြန်းရာ ပဲခူးဘက်မှ လာသော ကားများဖြစ်ပါက မသိနိုင်ကြောင်း ပြောဆိုသည်။

“ပဲခူးဘက်က တက်လာတာဆိုရင်တော့ မသိနိုင်ဘူး။ ဘယ်လိုခွင့်ပြုချက်နဲ့ သွားလဲ မသိနိုင်ဘူး” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ရန်ကုန်မြို့မှ အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးသို့ ဆက်သွယ်မေးမြန်းရာတွင် ယာဉ်အထောက်အထားပြသနိုင်ပြီး နိုင်ငံကူးလက်မှတ်နှင့် တရားဝင် ဗီဇာပြသနိုင်လျှင် မည်သည့်နိုင်ငံမှ ကားမဆို ရန်ကုန်လမ်းမများပေါ်တွင် မောင်းနှင်ခွင့်ရှိကြောင်း ပြောဆိုသည်။

Photo credit – Soe San Aung , Nay Chi, Wai Yan Kha Facebook

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com