All News Local News

ရန်ကုန်ဆေးရုံကြီးသို့ ဖျားပြီး အန်သည့် တရုတ်အမျိုးသမီးတစ်ဦး ရောက်ရှိလာခဲ့သော်လည်း ဝူဟန်ကော်ရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် လက္ခဏာမရှိ၍ ယနေ့ ဆေးရုံမှ ပေးဆင်းခဲ့

ရန်ကုန်ဆေးရုံကြီးသို့ ဖျားပြီး အန်သည့် တရုတ်အမျိုးသမီးတစ်ဦး ရောက်ရှိလာခဲ့သော်လည်း ဝူဟန်ကော်ရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် လက္ခဏာမရှိ၍ ယနေ့ ဆေးရုံမှ ပေးဆင်းခဲ့

ရန်ကုန်၊ ဇန်နဝါရီ ၂၄

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဖျားပြီး အန်သည့် အမျိုးသမီးလူနာတစ်ဦး ရောက်ရှိလာခဲ့သော်လည်း လတ်တလော တရုတ်နိုင်ငံတွင်ဖြစ်ပွားနေသည့် ဝူဟန်ကော်ရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် လက္ခဏာများမရှိသဖြင့် ယနေ့ ဆေးရုံမှ ပေးဆင်းလိုက်ပြီဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဒေါ်ခင်ခင်ကြီးက ယနေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုသည်။

“ရန်ကုန်ဆေးရုံကြီးမှာ အခုဟော့နေတဲ့ အဲဒီတရုတ်အမျိုးသမီးက အသက် ၃၀ ဝန်းကျင်ပေါ့။ အဲဒီ တရုတ်အမျိုးသမီးဟာဆိုရင် အဖျားနည်းနည်းရှိတယ်။ ဖျားတယ်။ အန်တယ်။ နောက်တစ်ခုက ဗိုက်နာတယ်။ သူရဲ့ လက္ခဏာက နောက်တစ်ခုက သူက ဝူဟန်မှာ နေခဲ့ခြင်းလည်းမရှိဘူး။ဝူဟန်က နှစ်ပတ်အတွင်း ပြန်လာတာလည်းမရှိဘူး။ ဒီလက္ခဏာတွေက တရုတ်မှာစဖြစ်တဲ့ နမိုးနီးယားလက္ခဏာတွေနဲ့ ကိုက်ညီခြင်းမရှိပါဘူး ။ မရှိတဲ့အတွက်ကြောင့် ဒီနေ့ ဆေးရုံက ပေးဆင်းလိုက်ပါပြီ။အခုအချိန်မှာ သံသယလူနာမရှိသေးကြောင်း ရဲရဲရင့်ရင့်ပြောပါရစေ” ဟု ဒေါက်တာဒေါ်ခင်ခင်ကြီးက ပြောဆိုသည်။

မူလက ရန်ကုန်ဆေးရုံကြီးသို့ ဝူဟန်ကော်ရိုနာဗိုင်းရပ်စ် လက္ခဏာ သံသယ တရုတ်လူနာတစ်ဦး ရောက်ရှိသည်ဆိုသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာသဖြင့် အများပြည်သူ အထိတ်တလန့်ဖြစ်ပေါ်ခဲ့ရသည်။

လတ်တလော တရုတ်နိုင်ငံတွင်ဖြစ်ပွားလျက်ရှိသော ဝူဟန်ကော်ရိုနာဗိုင်းရပ်စ်သည် ကုသရန်ဆေးမရှိသေးဘဲ ၂၆ ဦးသေဆုံးကာ ၈၀၀ ကျော် ကူးစက်ခံနေရပြီး တရုတ်နိုင်ငံအပြင် အခြားနိုင်ငံများသို့လည်း ပျံ့ နှံ့လျက်ရှိသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts