Local News Peace political news

ရခိုင်မြောက်ပိုင်းတွင် ARSA တိုက်ခိုက်မှုကာလ လုံခြုံရေးတပ်များက ကျေးရွာသား ၅၀၀ နှင့် ၆၀၀ အကြား သတ်ဖြတ်ခဲ့

ရခိုင်မြောက်ပိုင်းတွင် ARSA တိုက်ခိုက်မှုကာလ လုံခြုံရေးတပ်များက ကျေးရွာသား ၅၀၀ နှင့် ၆၀၀ အကြား သတ်ဖြတ်ခဲ့

ရန်ကုန်၊ ဇန်နဝါရီ ၂၁

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၇ ခုနှစ် သြဂုတ်လ ARSA အဖွဲ့၏ တိုက်ခိုက်မှုကို တပ်မတော်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက တန်ပြန်တိုက်ခိုက်စဉ် ကျေးရွာသား ၅၀၀ နှင့် ၆၀၀ ကြား သတ်ဖြတ်ခံခဲ့ရကြောင်း မျက်မြင်သက်သေ တစ်ဦး၏ ခန့်မှန်းချက်ကို ကိုးကား၍ အစိုးရ၏ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် ICOE ၏ အစီရင်ခံစာ အကျဉ်းချုပ်တွင် ဖော်ပြထားသည်။

အကြမ်းဖက်မှုများ အဆိုးဝါးဆုံး ဖြစ်ပွားခဲ့သော နေရာ ၁၃ ခုရှိပြီး ယင်းနေရာများတွင် ရဲတပ်ဖွဲ့၊ တပ်မတော်နှင့် အစိုးရအာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ ထပ်မံ လုပ်ဆောင်ရမည်ဖြစ်ကြောင်း အကြံပြု တိုက်တွန်းထားသည်။

အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများအနေဖြင့် မင်းကြီး(တူလာတိုလီ)၊ ချွတ်ပြင်၊ မောင်နုနှင့် ဂူတာပြင် ကျေးရွာများတွင် ဖြစ်ပွားခဲ့ပြီး အင်အားအလွန်အကျွံသုံးစွဲမှုများ၊ အိုးအိမ်များကို မီးရှို့ဖျက်ဆီးမှုများရှိခဲ့ကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များက ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဒေသခံ အရပ်သား အမြောက်အမြားကို မတော်တဆသော်လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း သတ်ဖြတ်ခဲ့ကြောင်း ဖော်ပြထားသည်။

၂၀၁၇ ခုနှစ် သြဂုတ်လတွင် ရသေ့တောင်မြို့နယ်၊ ချွတ်ပြင်ကျေးရွာတွင် ARSA နှင့် ကျေးရွာသား အနည်းဆုံး လူဦးရေ ၁၀၀ ခန့် သတ်ဖြတ်ခံခဲ့ရကြောင်း၊ ဘူးသီးတောင်မြို့နယ်၊ မောင်နုကျေးရွာတွင် လူဦးရေ ၁၀၀ နှင့် ၂၀၀ အကြား သာမန်ကျေးရွာသူ ကျေးရွာသား အသတ်ခံရခဲ့ကြောင်း၊ ဂူတာပြင်ကျေးရွာတွင်မူ ARSA နှင့် တပ်မတော်တို့ ပြန်အလှန်ပစ်ခတ်မှုအတွင်း အသတ်ခံရ ၁၉ ဦး ရှိခဲ့ကြောင်း၊အလယ်သံကျော်၊ မြင်းလွတ်၊ အင်းဒင်နှင့် ချိန်ခါလီ၊ ကိုးတန်ကောက် ကျေးရွာ ၄ ရွာ သေဆုံးသူ အများအပြားရှိခဲ့ကြောင်း၊ ကျောက်ပန်းတု၊ မောင်တောမြို့ပေါ်ရှိ ရပ်ကွက် ၃ ၊ ၄ ၊ ၅ ရပ်ကွ့များတွင် အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ပြီး သေဆုံးမှုများ ရှိခဲ့ကြောင်း အစီရင်ခံစာ အကျဉ်းချုပ်တွင် ဖော်ပြထားသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျူးလွန်သော အိုးအိမ်ဖျက်ဆီးသည့် မီးရှို့မှုများလည်းရှိခဲ့ပြီး အဆိုးရွားဆုံးမီးရှို့မှုအဖြစ် မင်းကြီး(တူလာတိုလီ) ကျေးရွာတွင် မည်သည့်အဆောက်အဦးမှ မကျန်တော့ကြောင်း၊ ချွတ်ပြင်ကျေးရွာတွင် အိမ်အများအပြား မီးရှို့ခံရပြီး ဂူတာပြင်ကျေးရွာတွင် အိမ်အလုံး ၃၀၀ လုံး၊ မော်တူလာနှင့် အင်းဒင်ကျေးရွာတို့တွင် ကျေးရွာ ရွာတစ်ဝက်ခန့်ရှိ နေအိမ်များ မီးရှို့ခံရကြောင်း ဖော်ပြထားသည်။

ICOE အနေဖြင့် လူ့အဖွဲ့အစည်းတစ်ခုအား ပစ်မှတ်ထား တိုက်ခိုက်ရန် ထုတ်ပြန်သည့် မည်သည့် အမိန့်၊ အာဏာ ညွှန်ကြားချက် လမ်းညွှန်ချက် မတွေ့ရသော်လည်း အင်အားအလွန်အကျွန်သုံး စွဲမှုများ တွေ့ရှိရကြောင်း ၊အစိုးရ၏ သတင်းအချက်အလက်အရ ARSA တိုက်ခိုက်ရေးသမား ၃၇၆ ဦး၊ တပ်မတော်သား ၂ ဦး၊ ရဲတပ်သား ၁၁ ဦး၊ အစိုးရ ဝန်ထမ်း ၂ ဦးနှင့် ဒေသခံ ၁၃၃ ဦး သေဆုံးပြီး ဒေသခံ ၁၈၁ ဦးပျောက်ဆုံးခဲ့သည်ဟု ဖော်ပြထားသည်။

Photo Credit – Reuters

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts