All News Local News Peace

ရခိုင်တွင် ဇန်နဝါရီလ တိုက်ပွဲ ၇၀ ကြိမ် ဖြစ်ခဲ့ပြီး တပ်မတော်သား ၁၀၀ ထက်မနည်းကျဆုံးပြီး AA လည်း အကျအဆုံးရှိဟု ခိုင်သုခ ပြော

ရခိုင်တွင် ဇန်နဝါရီလ တိုက်ပွဲ ၇၀ ကြိမ် ဖြစ်ခဲ့ပြီး တပ်မတော်သား ၁၀၀ ထက်မနည်းကျဆုံးပြီး AA လည်း အကျအဆုံးရှိဟု ခိုင်သုခ ပြော

ရန်ကုန်၊ ဇန်နဝါရီ ၃၀

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရခိုင့်တပ်မတော် (AA) တို့ကြားတိုက်ပွဲများပြင်းထန်လျက်ရှိပြီး ဇန်နဝါရီလအတွင်း တိုက်ပွဲ ၇ဝကျော်နီးပါးဖြစ်ပွားကာ တပ်မတော်သား ၁၀၀ ထက်မနည်းကျဆုံးခဲ့ပြီး AA ဘက်မှလည်း အကျအဆုံးများရှိကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကပြောဆိုသည်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးတို့ကိုရန်ကုန်ခေတ်သစ်မီဒီယာက ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းကိုင်ခြင်းမရှိသောကြောင့် AA ပြောဆိုချက် သတင်းအပေါ် အတည်ပြုနိုင်ခြင်းမရှိပါ။

AAတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက “ ဇန်နဝါရီလ ၂၈ရက်နေ့ထိ ကျွန်တော်တို့ရဲ့ မှတ်တမ်းတွေအရကတော့ ကျွန်တော်တို့ တိုက်ပွဲအကြိမ်ပေါင်းကတော့ ၇ဝ နီးပါလောက် ဖြစ်ခဲ့တာရှိတယ်။ အဲဒီမှာတော့ ရန်သူ့ဘက်က ထိခိုက်ကျဆုံးမှုက တစ်ရာအထက်ရှိသွားပြီ” ဟု ခိုင်သုခကပြောဆိုသည်။

ဇန်နဝါရီလနှောင်းပိုင်းတွင် ရခိုင်ပြည်နယ် မြေပုံမြို့နယ်အတွင်း တပ်မတော်နှင့် AAတို့တိုက်ပွဲပြင်းထန်လျက်ရှိကာ တပ်မတော်သား ၁၄ဦးနှင့် ရခိုင်တပ်မတော်(AA) စစ်သည်တော် ၅ဦး ကျဆုံးမှုရှိကြောင်း ၎င်းက ဆိုသည်။

“ ဇန်နဝါရီလ ၂၈ရက်မှာ အရင်၂၇ရက်နေ့က တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့တဲ့ မြေပုံမြို့နယ် အင်ကြင်းရွာရဲ့ မြောက်ဖက် ၅ကီလိုမီတာအကွာမှာရှိတဲ့ တောင်တန်းမှာ မနက်၈နာရီက စပြီးတော့မှ အပြင်အလှန်ထိုးစစ်တွေနဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့တာရှိတယ်။ လက်နက်ကြီးပစ်ကူလေကြောင်း ပစ်ကူတွေနဲ့ နေပြီးတော့ အပြင်းအထန်ထိုးစစ်ဆင်တာရှိတယ်။ ကျွန်တော်တို့ ရခိုင်တပ်တော်ကလည်း တန်းပြန်ထိုးစစ်တွေနဲ့ အပြင်းအထန်ချေမှုန်းခဲ့တာရှိတယ်။ ညနေ ၃နာရီလောက်မှာ ရဟတ်ယာဉ်နှစ်စီးနဲ့ လာရောက်တိုက်ခိုက်ခဲ့ပြီးတော့ ည၈နာရီလောက်ထိ လက်နက်ကြီးတွေနဲ့ သူတို့နေရာသုံးခုလောက်ကနေပြီးတော့ တောက်လျှောက်ပစ်ခတ်နေတာရှိတယ်။ ဇန်နဝါရီ၂၇ နဲ့ ၂၈ရက် နှစ်ရက်တာ တိုက်ပွဲပြင်းထန်တဲ့အတွင်းမှာ တပ်မ ၆၆ရဲ့ လက်အောက်ခံ ခလရ ၁၄ဘက်ကနေ ၁၈ဦးထပ်မနည်း ကျဆုံးတာရှိတယ်။ ဒဏ်ရာရတဲ့သူတွေ အမြောက်အမြားရှိတယ်။ လက်နက် ခဲယမ်းတွေ စစ်အသုံးအဆောင်ပစ္စည်းတွေလည်း သိမ်းဆည်းရမိထားတာရှိတယ်။ ဒီပြင်းထန်တဲ့ တိုက်ပွဲတွေ အတွင်းမှာ ကျွန်တော်တို့ ရခိုင်တပ်တော်ဖက်ကလည်း စစ်သည်တော် ၅ဦးကျဆုံးခဲ့တာရှိတယ်” ဟု ခိုင်သုခကပြောဆိုသည်။

ထို့ပြင် ပလက်ဝမြို့နယ်တွင်လည်း ဇန်နဝါရီလ ၂၈ရက်နေ့ကလည်း တပ်မတော်နှင့် AAကြားတိုက်ပွဲများပြင်းထန်ခဲ့ပြီး တပ်မတော်ဖက်က ရဟတ်ယာဉ်များ အသုံးပြုကာ တိုက်ခိုက်မှုများရှိပြီး တိုက်ပွဲ အခြေအနေပိုမိုးပြင်းထန်လာနိုင်သည်ဟု ခိုင်သုခ ပြောဆိုသည်။

“ ဇန်နဝါရီလ ၂၈ရက်မှာ နေ့လယ် ၂နာရီ ၄၅မိနစ်ကစပြီး ပလက်ဝမြို့နယ် ပိန္တွဲတစ်ပင်ရွာရဲ့ အနောက်ဖက် ၄ကီလိုမီတာခွဲလောက်အကွာရှိ တောင်တန်းမှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တာရှိတယ်။ အဲဒီမှာ ရဟတ်ယာဉ်နှစ်စီးနဲ့ မိနစ် ၂ဝလောက်လာရောက်တိုက်ခိုက်ခဲ့တာရှိတယ်။ သူူတို့ရဲ့တပ်တွေရှိတဲ့ ပွိုင့် ၈၈၆ တောင်ကုန်းကို လက်နက်ခဲယမ်း တွေ ရိက္ခာတွေကို သူတို့ရဟတ်ယာဉ် နှစ်စီးနဲ့ လာပြီးတော့ချပေးတာရှိတယ်။ အဲဒါကြောင့်မို့လို့ နောက်ရက်တွေမှာလည်းပဲ အဲဒီဒေသတစ်ဝိုက်မှာ ဆက်ပြီးတော့တိုက်ပွဲ ပြင်းထန်လာနိုင်တယ်” ဟု ၎င်းကပြောဆိုသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော် နှင့် AA တို့ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာနေရသော စစ်ရှောင်အရေအတွက် ၁သိန်းကျော်ရှိကာ တိုက်ပွဲများကြောင့် အပြစ်မဲ့အရပ်သားပြည်သူသေဆုံးမှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။

Photo Credit- AA

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts