All News Local News

မြဝတီမြို့ ရွှေမြစန္ဒီအိမ်ရာ မဖျက်သိမ်းရေး ဆန္ဒထုတ်ဖော်ခဲ့သော ဒေါ်နော်အုန်းလှအပါအဝင် ၄ဦးကို ငြိမ်းစုစီ ဥပဒေဖြင့် တရားစွဲဆိုထားမှု စွဲချက်တင်၊ မတင် ယနေ့ အမိန့်ချမည်

မြဝတီမြို့ ရွှေမြစန္ဒီအိမ်ရာ မဖျက်သိမ်းရေး ဆန္ဒထုတ်ဖော်ခဲ့သော ဒေါ်နော်အုန်းလှအပါအဝင် ၄ဦးကို ငြိမ်းစုစီ ဥပဒေဖြင့် တရားစွဲဆိုထားမှု စွဲချက်တင်၊ မတင် ယနေ့ အမိန့်ချမည်

ရန်ကုန် ဇန်နဝါရီ ၁၄

ကရင်ပြည်နယ် မြဝတီမြို့ မဲကနယ်ကျေးရွာ ကုန်သွယ်ရေးဇုန်အနောက်ဖက်ရှိ ရွှေမြစန္ဒီအိမ်ရာ မဖျက်သိမ်းရေးဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်ခဲ့သော နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှအပါအဝင် ၄ဦးကို ငြိမ်းစုစီ ဥပဒေဖြင့် တရားစွဲဆိုထားမှုကို ဇန်နဝါရီလ ၁၄ရက်နေ့တွင် မြဝတီမြို့နယ်တရားရုံးက စွဲချက်တင်၊ မတင် အမိန့်ချမှတ်သွားမည်ဖြစ်ကြောင်းသိရသည်။

ထိုဆန္ဒဖော်ထုတ်ပွဲကို ၂၀၁၉ခုနှစ် ဧပြီလအတွင်း မြဝတီမြို့တွင် လူအင်အား ၃ထောင်ကျော်ဖြင့် ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့ထံမှ သိရှိရသည်။

“ဒီဟာနဲ့ပတ်သက်လို့ ကျမ မပါဘူး။ ဘာဖြစ်လို့ဒီလိုမျိုးစွဲတာလည်းဆိုတော့ အပေါ်ကခိုင်းတာပါပြောတယ်။ အထက်လူကြီးက ခိုင်းတာဆိုရင် ပြည်နယ်အစိုးရပဲပေါ့။ စွဲချက်အမိန့်ချတယ်ဆိုတော့ အန်တီတို့က ဘာဖြစ်လို့စွဲချက်အမိန့်လဲလို့မေးတော့ လျှောက်ပြောတာပေါ့။ သူတို့က မကျေနပ်ရင် ခရိုင်တက်လို့ပြောတယ်။ အန်တီကတော့ ဆန္ဒပြမယ်ပြောခဲ့လိုက်တယ်”ဟု ဒေါ်အုန်းလှကပြောသည်။

ဒေါ်နော်အုန်းလှ အပါအဝင် ဆန္ဒပြပွဲဦးဆောင်သူဦးသန်းလှိုင် ဦးမောင်ဦး ဒေါ်စန္ဒာမြင့် တို့၄ဦးကို မြဝတီမြို့နယ် ရဲတပ်ဖွဲ့မှူးက တရားလိုပြုလုပ်ကာ ၂၀၁၉ ခုနှစ် ဧပြီလတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ကရင်ပြည်နယ် ၊ မြဝတီမြို့နယ် ၊ မဲကနယ်ကျေးရွာ ၊ ကုန်သွယ်ရေးဇုန်အနောက်ဘက်ရှိ ရွှေမြစန္ဒီ အိမ်ရာ ကွက် ရှိ လူနေအိမ် ၃၀၀၀ ကျော်ခန့်ကို ၂၀၁၉ ခုနှစ် ဧပြီလ ၂၈ ရက်နေ့ ညပိုင်းတွင် အာဏာပိုင်များက ဖျက်ဆီးခဲ့သဖြင့် ဒေသခံများ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြသည်။

ရွှေမြစန္ဒီ အိမ်ရာသည် ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းက စတင်ပြီး ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် ( DKBA ) အပစ်ရပ် အဖွဲ့ ၊ ဗိုလ်မှူးညီညီ က မြဝတီမြို့တွင် နေထိုင်သည့် ဝန်ထမ်း ၊ စစ်မှုထမ်ဟောင်းများ ၊ ဒေသခံပြည်သူ ကျေးရွာသားများကို တန်ဖိုးနည်းအိမ်ယာဟုဆိုကာ မြေကွက်တစ်ကွက်လျှင် ကျပ်ငွေ တစ်သိန်း မှ ငါးသိန်းခွဲ ဈေးနှုန်းဖြင့် ခြံကွက်ဖော်ကာ ရောင်းချထားခဲ့ခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက်နေ့က အဆိုပါအိမ်ရာမှ အိမ်ကွက်ပေါင်း ၃၂၀၉ ကွက်မှ လူနေထိုင်ခြင်း မရှိသည့် မြေကွက် ၇၅၇ ကို ဘူဒိုဇာ စက်ယန္တရားများဖြင့် ဖျက်သိမ်းရှင်းလင်းခဲ့ပြီး ၂၀၁၉ ခုနှစ် ဧပြီလတွင် လူနေထိုင်နေသည့် အိမ်ယာ ၁၀၀၇ လုံး လာရောက်ဖျက်ဆီးခဲ့ဖြစ်သည်။

မြေဧက ၂၅၇ ဒသမ ၁၃ မြေနေရာတွင် မိသားစု လူဦးရေ ၃၀၀၀ ကျော် ကျုးကျော်အခြေကျနေထိုင်လျှက်ရှိပြီး သာသနိက ဆိုင်ရာ ဘုရားစေတီများ ၊ ကွန်ကရစ်လမ်းမများ ပြုလုပ်ကာ အခိုင်အမာနေထိုင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ တရားမဝင် မြေယာကျူးကျော် အကွက်ရိုက်ရောင်းချခြင်းကို ဦးဆောင်နေသည့် DKBA မှ ဗိုလ်မှူးညီညီကို ဖမ်းဆီးထားပြီး စစ်ဆေးချက်များအရ အဂတိလိုက်စားမှုများနှင့် ပတ်သက်ဆက်နွယ်သူ အစိုးရ ဝန်ထမ်းများကို စစ်ဆေးအရေးယူခဲ့ကြောင်း ကရင်ပြည်နယ်အစိုးရထံမှ သိရှိရသည်။

Photo credit- Naw Ohn Hla Facebook

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com