All News Health

မူဆယ်နှင့်ထိစပ်နေသော တရုတ်ယူနန်တွင် ဝူဟန်ဗိုင်းရပ်စ်လူနာ ၄၄ ဦးအထိ မြင့်တက်လာ၊ တရုတ်နှင့်မြန်မာ နယ်စပ်ဂိတ်များ ဆက်လက်ဖွင့်ထား

မူဆယ်နှင့်ထိစပ်နေသော တရုတ်ယူနန်တွင် ဝူဟန်ဗိုင်းရပ်စ်လူနာ ၄၄ ဦးအထိ မြင့်တက်လာ၊ တရုတ်နှင့်မြန်မာ နယ်စပ်ဂိတ်များ ဆက်လက်ဖွင့်ထား

ရန်ကုန်၊ ဇန်နဝါရီ ၂၉

မြန်မာနိုင်ငံ မူဆယ်မြို့နှင့်ထိစပ်လျက်ရှိသော တရုတ်ယူနန်ပြည်နယ်တွင် ဝူဟန်ဗိုင်းရပ်စ်လူနာ ၄၄ ဦး အထိမြင့်တက်လာသော်လည်း တရုတ်-မြန်မာနယ်စပ်ဂိတ်များ ဆက်လက်ဖွင့်လှစ်ထားဆဲဖြစ်ကြောင်း သိရှိရသည်။

ဇန်နဝါရီလ၂၈ ရက်နေ့က တရုတ်ယူနန်ပြည်နယ်တွင် ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံရသူ လူနာ ၂၆ ဦးရှိခဲ့ရာမှ ယနေ့တွင် ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံလူနာ ၄၄ ဦး ရှိလာခြင်းဖြစ်ကြောင်း တရုတ်သတင်းများက ဖော်ပြသည်။

မူဆယ်နှင့် နယ်စပ်ထိစပ်နေသော ယူနန်ပြည်နယ်တွင် ဗိုင်းရပ်စ်ပိုး ကူးစက်ခံ လူနာ ၄၄ ဦး ထိရှိလာသော်လည်း တရုတ်-မြန်မာနယ်စပ်ဂိတ်များကို ပိတ်ပင်ထားခြင်းမရှိကြောင်း မူဆယ်မြို့ဒေသခံလည်းဖြစ် ကရုဏာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောသည်။

“မူဆယ်ဂိတ်က အဝင်အထွက်တော့ တော်တော်အေးတဲ့ဗျ။ တရုတ်ဘက်ကလည်း လုံးဝပိတ်ခြင်းမရှိဘူး။ ကျွန်တော်တို့ မြန်မာပြည်ဘက်ကလည်း ပိတ်ဖို့ အစီအစဉ်မရှိဘူးဆိုပြီးတော့ ဆုံးဖြတ်ပါတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်ဘက်ကနေပြန်လာတဲ့သူတွေက မြန်မာအလုပ်သမားတွေကို ပိတ်လိုက်ရင် မြန်မာပြည်က သူတွေပဲ ဒုက္ခရောက်မှာလေ။ အဲတာကြောင့်မို့ မြန်မာဘက်ကတော့ ပိတ်ဖို့တော့ အစီအစဉ်မရှိပါဘူး။ ဒါပေမယ့် ကျန်းမာရေးအရတော့ တရုတ်ဘက်မှာကော မြန်မာဘက်မှာကော စစ်ဆေးပါတယ်” ဟု ဦးသောင်းထွန်းက ရှင်းပြသည်။

မူဆယ်မြို့တွင် တရုတ်ဘက်မှဝင်လာသည့် မြန်မာနှစ်ဦး အဖျားရှိ၍ သံသယလူနာအဖြစ် စောင့်ကြည့်မှု ရှိခဲ့သော်လည်း ယခုအခါ အခြေအနေကောင်းမွန်နေပြီဖြစ်ကြောင်း၊ စိုးရိမ်စရာမရှိကြောင်း၊ တရုတ်နိုင်ငံမှ ဝူဟန်ဗိုင်းရပ်စ်ပိုး သတင်းကြောင့် မူဆယ်ဒေသခံများမှာ စိုးရိမ်မှုများ ဆက်လက် မြင့်မားနေဆဲဖြစ်ကြောင်း ဦးသောင်းထွန်းက ဆိုသည်။

” မနေ့ကတော့ အပူများတဲ့အတွက် သံသယ လူနာနှစ်ယောက်တော့ စောင့်ကြည့်နေတာရှိတယ်။ ဒါပေမယ့် အဲနှစ်ယောက်လုံးက အခြေအနေလည်းကောင်းသွားပြီ တစ်ယောက်ကတော့ ဆေးရုံတောင် တက်စရာမလိုဘူးပေါ့။ နောက်တစ်ယောက်ကတော့ ဆေးရုံမှာတော့ စောင့်ရှောက်ပေးနေတာပေါ့။ ဒီနေ့မနက်ထိကတော့ အဖျားမရှိတဲ့အတွက် အားလုံးခွင့်ပြုချက်လည်းရရင် ဆင်းဖို့စီစဉ်နေပါပြီ။ ဒီနေ့တော့ ဂိတ်ပေါက်သုံးပေါက်မှာ ကျန်းမာရေးအတွက်ဆောင်ရွက်နေတဲ့အခါမှာ ဘာမှသံသယဖြစ်စရာလူနာ ခုချိန်ထိတော့ မတွေ့ပါဘူး။ မူဆယ်မြို့အသွားအလာတွေကတော့ ပုံမှန်တော့ ပုံမှန်ပါပဲ။ ဒါပေမယ့် တရုတ်နှစ်သစ်ကူးရော ဒီရောဂါအခြေအနေအရကော အားလုံးကတော့ကြောက်တဲ့အတွက် အသွားအလာတော့ပါးပါတယ်။ ဂိတ်တွေ လူအဝင်အထွက်ကတော့ တော်တော်လေးနည်းနေပါတယ်” ဟု ဦးသောင်းထွန်းက ဆိုသည်။

လက်ရှိတွင် တရုတ်ဝူဟန်ဗိုင်းရပ်စ်ပိုးကြောင့် ၁၃၂ ဦး သေဆုံးခဲ့ပြီး ၆၀၀၀ ကျော်ကူးစက်ခံထားရကာ ၁၁၀ ဦးမှာ ဆေးကုသ၍ ပြန်လည် ကျန်းမာသွားပြီဖြစ်သည်။

Photo Credit – CNN

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com