All News Local News Peace

မနက်ဖြန် ကျင်းပမည့် JICM အစည်းအဝေးသို့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတပ်ချုပ် တက်မည်

မနက်ဖြန် ကျင်းပမည့် JICM အစည်းအဝေးသို့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတပ်ချုပ် တက်မည်

ရန်ကုန်၊ ဇန်နဝါရီ ၇

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ် အကောက်အထည်ဖော်မှုဆိုင်ရာ ၈ ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို မနက်ဖြန် ဇန်နဝါရီ်လ ၈ရက်နေ့ နေပြည်တော်တွင် ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ တက်ရောက်မည်ဖြစ်ကြောင်း ABSDF ဒုဥက္ကဌ ရဲဘော်မျိုးဝင်းကပြောဆိုသည်။

“မနက်ဖြန်တွေ့ဆုံမယ့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုတိယကာကွယ်ရေးဦးစီးချုပ်တို့ တက်ရောက်မယ်” ဟု ၎င်းကပြောဆိုသည်။

နေပြည်တော်တွင် နှစ်ရက်ကြာပြုလုပ်ကျင်းပခဲ့သော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (NCA-S EAO)၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကျင်းပပြုလုပ် ပြီးစီးသွားပြီးဖြစ်သည်။

“JICM အစည်းအဝေးကျင်းပပြီးနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ ရှေ့ဆက်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်အဆင့်ဆင့်နဲ့ အစီအစဉ်များကိုလည်း ဒီနေ့အစည်းအဝေးမှာ ဆုံးဖြတ်နိုင်ခဲ့ပါတယ်။ နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေရဲ့ ညှိနှိုင်းမှုရလဒ်များအပေါ်မူူတည်လို့ နှစ်ဖက်ညှိနှိုင်းထားတဲ့လုပ်ငန်းစဉ် အဆင့်ဆင့်အတိုင်း ဆောင်ရွက်ပြီး ၂ဝ၂ဝ နှစ်လယ်လောက်မှာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ကျင်းပသွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အားလုံးပါဝင်နိုင်ရေးအတွက် အစိုးရနဲ့ ညှိနှိုင်းပြီး နည်းလမ်းပေါင်းစုံ ရှာဖွေဖော်ထုတ်ဖို့ သဘောထားချမှတ်နိုင်ခဲ့ပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆောင်ရွက်ရာမှာ မိမိတို့လက်ရှိ NCA-S EAO ၁ဝဖွဲ့တည်းနဲ့ ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်မှာ မဟုတ်ဘူးဆိုတာကိုသတိချပ်ဖို့လိုပါတယ်” ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)၏ ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးယွက်စစ်က ပြောဆိုသည်။

ထိုသို့ နှစ်ရက်ကြာကျင်းပပြုလုပ်ခဲ့သော PPST အစည်းအဝေးပွဲတွင် JICM အစည်းအဝေးအတွက် ဆွေးနွေးမည့်အကြောင်းအရာများကို သဘောထားချမှတ်နိုင်ခဲ့ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

ရပ်ဆိုင်းနေသည့် ၂၁ ရာစုပင်လုံငြိမ်းချမ်းရေး ညီလာခံကို ၂၀၂၀ ခုနှစ် နှစ်လယ်ပိုင်းတွင်လည်း ကျင်းပရန် ရည်ရွယ်ထားကြောင်း သိရှိရသည်။

NCA စာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင်၁ဝဖွဲ့မှာ ABSDF(မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး)၊ CNF (ချင်းအမျိုးသားတပ်ဦး)၊ KNU (ကရင်အမျိုးသားအစည်းအရုံး)၊ DKBA(ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်)၊ KUN/KNLA(ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်)၊ RCSS (ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ)၊ NMSP(မွန်ပြည်သစ်ပါတီ)၊ ALP(ရခိုင်ပြည်လွတ်မြောက်ရေးပါတီ)၊ LDU (လားဟူဒီမိုကရက်တစ်အစည်းအရုံး)နှင့် PNLO (ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်) တို့က လက်မှတ်ရေးထိုးထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts