Local News political news

မတ်လကုန်အထိ ကျောင်းဖွင့်ဖို့ ညွှန်ကြားတဲ့ ပညာရေးဝန်ကြီးနဲ့ ဆရာ၊ဆရာမများအဖွဲ့ချုပ် ထိပ်တိုက်တွေ့တော့မလား

မတ်လကုန်အထိ ကျောင်းဖွင့်ဖို့ ညွှန်ကြားတဲ့ ပညာရေးဝန်ကြီးနဲ့ ဆရာ၊ဆရာမများအဖွဲ့ချုပ် ထိပ်တိုက်တွေ့တော့မလား

ရန်ကုန်၊ ဇန်နဝါရီ ၆

ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာကျောင်းများ၏ ပညာသင်ကာလကို မတ်လကုန်အထိ သတ်မှတ်ခြင်းကို ပြင်ဆင်ခြင်းမပြုပါက ၂၀၂၀ ရွေးကောက်ပွဲတွင် မဲရုံစောင့်ကြပ်ရေးတာဝန်များကို ဥပဒေနှင့်အညီငြင်းပယ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများအဖွဲ့ချုပ်က ဇန်နဝါရီ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

“အဓိက ရည်ရွယ်ချက်ကတော့ ဆွေးနွေးညိုနှိုင်းအဖြေရှာချင်တာပါပဲ၊ အောက်ခြေက ဆရာ/ဆရာမတွေရဲ သဘောထားကို အသိအမှတ်မပြုဘဲနဲ့ လုပ်တယ်၊ ဘယ်သူတွေဆီက သဘောထားတွေနဲ့ ကောက်ချက်ချလဲမသိဘူး။ သူတို့အပေါ်မှာ မူတည်ပါတယ်၊ ကျွန်တော်တို့ ပြောထားတာကတော့ ပြန်လည်သုံး သပ်အဖြရှာခြင်းမပြုပါ အဲဒါပထမတစ်ချက် မလုပ်ဘူးဆိုရင်တော့ ဒီဘက်လမ်းကြောင်း တွေ ရောက်သွားနိုင်တယ်ပေ့ါဗျာ၊ အဖြေရှာလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ ဒီလမ်းကြောင်းကို မသွားချင်ပါဘူး၊ ကျွန်တော်တို့ ဆရာ/ဆရာမတွေရဲ့ အသံကို သူတို့ဘယ်တော့မှ နားမထောင်ဘူး၊လစ်လျူရှုတယ်၊ သူတို့ လုပ်ချင်ဟာတွေပဲ အတင်းလုပ်ခိုင်းတယ် ”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ရာမများအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင် ကပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများအဖွဲ့ချုပ်အနေဖြင့် ပထမကြေညာချက်ထုတ် ပြီးနောက် ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့တွင် ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက “ကျောင်းကို မတ်လ ၃၁ ရက်နေ့အထိ ဖွင့်ပေးလိုက်ရင်၊ နံပါတ်တစ်အနေနဲ့ နိုင်ငံရဲ့ စီးပွားရေးပေါ့၊ နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် မိဘတွေသည် အလုပ်ကို ကြိုးစားပြီး လုပ်နိုင်ဖို့လိုပါတယ်၊သူ့ရဲ့ကလေးကို ကျောင်းအစောကြီးပိတ်မယ်ဆိုရင် ကလေးတွေကို ထိန်းဖို့အတွက် အလုပ်တစ်ဖက်နဲ့ဆိုတော့ ခက်ပါတယ်၊ ဒါကြောင့်မို့ မိဘတွေကို အလုပ်ထဲမှာအောင်မြင်အောင် အာရုံစူးစိုက်မှုအပြည့်နဲ့ လုပ်စေချင်လို့ဖြစ်ပါတယ် ”ဟု ပြောဆိုသည်။

ပညာရေးဝန်ကြီး၏ ပြောဆိုမှုသည် ကျိုးကြောင်းဆီလျော်သည့် အဖြေမဟုတ် သည့်အတွက် ထပ်မံကန့်ကွက်ခြင်းဖြစ်ကြောင်း၊ အကြောင်းပြချက် (၇)ချက်ဖြင့် ရှင်းပြခဲ့သော်လည်း ဆရာ/ဆရာမများ၏ သဘောထားမပါဘဲ မရသည်ကို သိရှိစေရန် ထပ်မံ၍ ကြေညာချက်ထုတ်ပြန်ခြင်းဖြစ်သည်ဟု ဒေါက်တာဇော်မျိုးလှိုင်က ပြောသည်။

လက်ရှိအချိန်တွင် အခြေခံပညာ စာမေးပွဲများနှင့် စပ်လျင်း၍ ကြုံတွေ့ရမည့် ပြဿနာများ နှင့် ဖြေရှင်းနိုင်မည့် နည်းလမ်းများဆိုသည့် ညွန်ကြားစာတစ်စောင်ကို အခြေခံပညာ ဆရာ/ဆရာမများထံသို့ ဇန်နဝါရီ ၄ ရက်နေ့ ညပိုင်း အခြေခံပညာကျောင်းများသို့ ဖြန့် ဝေခဲ့ပြီး ဇန်နဝါရီ ၆ ရက်နေ့ မတိုင်မီပြန်လည် ပေးပို့ရန်ဟု ဖော်ပြထားသည်။

Grade 5 နှင့် Grade 9 စာမေးပွဲများ၊ တက္ကသိုလ်ဝင်စာမေးပွဲများ နှင့် ကျောင်းတွင်းစစ် စာမေးပွဲများအတွက် စိန်ခေါ်မှုများ(သို့)ပြဿနာများ၊ ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ဖြေဆိုပြီး ပို့ပေးရန် အခြေခံပညာဦးစီးဌာနက ဇန်နဝါရီလ ၃ ရက်နေ့ တွင် ထုတ်ပြန်ထားပြီး အဆိုပါစစ်တမ်းနှင့် ပတ်သက်၍ တိုင်းနှင့်ပြည်နယ်များ ပညာရေးမှူးများနှင့် ဇန်နဝါရီလ ၉ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးထံမှ သိရသည်။

“အခြေခံပညာက ထုတ်တာပါ၊ (၉)ရက်နေ့မှာ တိုင်းနဲ့ပြည်နယ်က ပညာရေးမှူးတွေခေါ် ထားပါတယ်၊ စာရင်းတွေကောက်နေတာပါ ” ဟု မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံး မှ ညွန်ကြားရေးမှူး(ပညာ) ဦးစိုးလွင်က ပြောသည်။

အဆိုပါ အခြေခံပညာ စာမေးပွဲများနှင့် စပ်လျင်း၍ ကြုံတွေ့ရမည့် ပြဿနာများ နှင့် ဖြေရှင်းနိုင်မည့် နည်းလမ်းများဆိုင်ရာ စစ်တမ်းများကောက်ခံနေခြင်းသည် မူလကတည်းက စနစ်တကျသုံးသပ်ထားခြင်းမရှိသည်ကို ပေါ်လွင်စေပြီး ဝန်ကြီးအနေဖြင့် ကျောင်းတက်ကာလ ပြောင်းလဲမည့်အပေါ် အာရုံစိုက်လုပ်ဆောင်ထားခြင်းမရှိဆိုသည့် အဖြေပေါ်စေကြောင်း ဒေါက်တာဇော်မျိုးလှိုင်က သုံးသပ်ပြောဆိုသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် ဆရာ/ဆရာမများ နှင့် ကျောင်းသား/ကျောင်းသူများ၏ အခက်အခဲများကို လစ်လျူရှုကာ စာသင်ကာလ တိုးမြှင့်ခြင်းသည် ဒီမိုကရေစီစနစ်ဆန့် ကျင်ကာ အစိုးရပုံရိပ်ကိုလည်း ကျဆင်းစေကြောင်း၊ ပြန်လည် ဆွေးနွေးသုံးသပ် အဖြေရှာခြင်းမပြုပါက သက်ဆိုင်သည့်အလုပ် လုပ်ကိုင်သွားမည်ဖြစ်သော်လည်း မိမိတို့၏ မူလတာဝန်နှင့် မသက်ဆိုင်သော ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံစောင့်ကြည့်ရသည့်တာဝန်များကို ဥပဒေနှင့်အညီ ပြင်းထန်စွာ ငြင်းပယ် တုံ့ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

“ပညာ‌‌ရေးဝန်ကြီးတာဝန်ယူထားတဲ့အဆင့်မြင့်ဆုံး တာဝန်ရှိသူသည် စာသင်ကာလ ပညာရေးမူဝါဒပိုင်းဆိုင်ရာကိုသာပြောရမည့်အစား မိဘများစီးပွားရေး အဆင်ပြေစေရန် အလုပ်ပိုလုပ်လို့ရအောင်လို့ စာသင်ကာလတိုးတယ်ဆိုတာ ကျွန်တော်လို ကျေးလက်တော ရွာမှာတာဝန်ထမ်းဆောင်နေတဲ့ ဆရာတစ်ဦးအတွက် ရယ်စရာဖြစ်နေတယ်။ မတ်လအထိကျောင်းမတက်ခဲ့လို့များနိုင်ငံဆင်းရဲနေသလား လို့ပြန်မေးချင်တယ်။ ပြင်ဆင်မှုမပြုဘူးဆိုရင်တော့ မူလတာဝန်များနဲ့လုံးဝ မသက်ဆိုင်သောအပိုတာဝန်များကို ဥပဒေနှင့်အညီငြင်းပယ်ခြင်းအားဖြင့် ရင်ဆိုင်သွားမှာပါ”ဟု ပျော်ဘွယ်မြို့နယ်မှ အလယ်တန်းပြဆရာ ဦးဝင်းမင်းထွန်း ကပြောသည်။

လက်ရှိရေးဆွဲထားသော သင်ရိုးသစ်သင်ခန်းစာများသည် သီတင်း ၃၆ ပတ်စာ ဖေဖော်ဝါရီလကုန်အထိ ရေးဆွဲထားပြီး မတ်လကုန်အထိ စာသင်ကာလ တိုးမြှင့်ခြင်း သည် ကျောင်းသား/ကျောင်းသူများ၏ ပညာရေးအခြေနေ တိုးတက်လာမည် မဟုတ်ကြောင်း ဆရာ၊ ဆရာမက သုံးသပ်ပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts