All News interview

“ပါတီအင်အားများတိုင်း လွှတ်တော်ဘက် စွက်ဖက်တဲ့ သဘောမျိုး။ အတွင်းရေးမှူးတာဝန်က ထုတ်ပြီး အဖွဲ့ဝင်အဖြစ် ပြန်ထားမလား ဆိုတာကလည်း မသိသေးဘူး”

“ပါတီအင်အားများတိုင်း လွှတ်တော်ဘက် စွက်ဖက်တဲ့ သဘောမျိုး။ အတွင်းရေးမှူးတာဝန်က ထုတ်ပြီး အဖွဲ့ဝင်အဖြစ် ပြန်ထားမလား ဆိုတာကလည်း မသိသေးဘူး”

ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးကျော်ဇေယျနှင့်ဆက်သွယ်မေးမြန်းချက်

By ရန်ကုန်ခေတ်သစ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီက ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကို ပါတီဝင်အဖြစ်မှ ရပ်စဲပြီးနောက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီအတွင်းရေးမှူး ရာထူးကပါ ဖယ်ရှားလိုက်ရာ ယင်းအခြေအနေနှင့်ပတ်သက်ပြီး ဦးကျော်ဇေယျကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ဆရာ့ကို ကော်မတီရေးရာ တာဝန်ကရပ်စဲတာက အတည်ဖြစ်သွားပြီလား။ ဒီအပေါ်ကို ဘာများပြောချင်တာရှိလဲ။

ဖြေ။ ။ အခုဟာက အတည်ဖြစ်သွားတာပေါ့။ ဒါကလွှတ်တော် ဥက္ကဌ လုပ်ပိုင်ခွင့်ပေါ့။ ကျွန်တော်အစတည်းက ကျွန်တော်မီဒီယာတွေမှာပြောပါတယ်။ ကျွန်တော့်ကို အတွင်းရေးမှူး တာဝန်က ရပ်စဲကောင်းရပ်စဲနိုင်တယ်လို့ ပြောထားပါတယ်။ အဲတာကို သတင်းကြားလို့ ကျွန်တော့် ကော်မတီကလည်း ကန့်ကွက်တယ်ပေါ့။ ကျွန်တော်ကိုပဲ တာဝန်ပြန်ပေးပြီးတော့ တခြားသူလက်မခံနိုင်ဘူးလို့ သူတို့လည်း စာတွေဘာတွေတင်တာတွေရှိပါတယ်။ ဒေါ်စန္ဒာမင်းကတော့ ထကန့်ကွက်ပါတယ်။

ကန့်ကွက်တာက ပါတီ(NLD)ကကြောက်နေရတာဗျာ။ ကန့်ကွက်တာက လျှို့ဝှက်မှမဟုတ်တာ မတ်တတ်ရပ်ဆိုတော့ ရပ်ဖို့ကျတော့လည်း ဝန်လေးတာပေါ့။ ပါတီ(NLD)ရဲ့မူဆိုတော့ ပါတီအင်အားများတိုင်း လွှတ်တော်ဘက်လည်း စွက်ဖက်တဲ့ သဘောမျိုးပေါ့။ အဲတာကြောင့် ပါတီက ထုတ်ရင်လည်း လွှတ်တော်ထဲရေးရာကော်မတီလည်း အတွင်းရေးမှူး ထွက်ရတယ်ဆိုတဲ့သဘောမျိုးပဲ။ ကျွန်တော်ဘာ အပြစ်မှမရှိဘူး။ ကော်မတီတစ်ဖွဲ့လုံးထောက်ခံတာတောင် မရဘူးပေါ့။ နောက်တစ်ခုကတော့ ဒေါ်စန္ဒာမင်း ပိုစိတ်တိုတာက ဦးကျော်ဇေယျကို အတွင်းရေးမှူးတာဝန် မပေးချင်ရင်တောင် ကော်မတီမှာ အဖွဲ့ဝင် ကျွန်တော့်အပြင် ၁ဝယောက်လောက်ရှိတယ်။ ဒီထဲက တစ်ယောက်ကို တာဝန်ပေးသင့်တယ်။ အပြင်လူသက်သက် ထည့်တာကကြီးက မကောင်းဘူး။ အဲတာကြီးကိုလည်း ကန့်ကွက်တာပေါ့။

မေး။ ။ ဒါနဲ့ ပတ်သက်ပြီး ဘာဆက်လုပ်ဖို့ရှိလဲ။

ဖြေ။ ။ ကျွန်တော်ကတော့ ဘာမှဆက်မလုပ်ပါဘူး။ လွှတ်တော်သက်တမ်းကလည်း ကုန်ခံနီးပြီးဗျာ။ ဒီအတွင်းရေးမှူးနေရာကလည်း လုပ်လာတာ ၄နှစ်လောက်ရှိပြီ။ ၂ဝ၂ဝ ရွေးကောက်ပွဲ မတိုင်ခင် လွှတ်တော် သက်တမ်းကလည်း ကုန်တော့မှာဆိုတော့ ဘာမှပြောစရာမလိုပါဘူး။ ပေးတဲ့တာဝန်ပဲ ကျွန်တော်အဖွဲ့ဝင်ပဲဖြစ်မလားတော့မသိဘူး။ အဖွဲ့ဝင်ဆိုရင်လည်း အဖွဲ့ဝင်ပေါ့။ ကျွန်တော်ဆက်လုပ်မှာပေါ့။ ဒီလောက်ပါပဲ ကျွန်တော်ဘာမှ လုပ်စရာမရှိပါဘူး။

မေး။ ။ ဘာတာဝန်မှ ဆက်လက်မပေးဘဲ ထုတ်လိုက်တဲ့ သဘောလား။ ဘယ်လိုမျိုးလဲ။

ဖြေ။ ။ ကျွန်တော်ရဲ့တာဝန်ပေါ့။ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ အတွင်းရေးမှူး တာဝန်ပေါ့။ အဲတာကို တာမွေမဲဆန္ဒနယ်က ဦးလှသိန်းကို တာဝန်ပေးတယ်ဆိုပြီး အစီအစဉ်ထဲမှာထည့်ထားတာပေါ့။ အတွင်းရေးမှူးတာဝန်က ထုတ်ပြီး အဖွဲ့ဝင်အဖြစ် ပြန်ထားမလား ဆိုတာကလည်း ကျွန်တော်မသိသေးဘူး။ ကျွန်တော်ကိုထုတ်ပယ်တဲ့ကိစ္စ အစီအစဉ်ကို နောက်ဆုံးမှာမှထည့်ထားတာ နောက်ဆုံးပိတ်မှာ စာရင်းစစ်ချုပ် အစီရင်ခံစာနဲ့လည်း အစိုးရနဲ့လည်း စကားတွေအဆင်မပြေဘူးပေါ့ဗျာ။

စာရင်းစစ်ချုပ်ကလည်း တင်းခံတယ်။ သူမှန်တယ်ဖြစ်နေတော့ အဲတာနဲ့ဆုံးဖြတ်ချက် မှတ်တမ်းတင်အပြီးကို လွှတ်တော်ဥက္ကဌနဲ့ သူလည်းစိတ်တိုနေတာပေါ့ဗျာ။ ဒေါ်စန္ဒာမင်းကလည်း ထကန့်ကွက်တော့ စိတ်တိုသွားတယ်။ စိတ်တိုသွားတော့ ကျွန်တော်လည်း အဲကိစ္စထမေးမလို့ ကျွန်တော်လုပ်ငန်းတာဝန်က ဘာလဲဆိုတာ ထမေးမို့ ထမေးချိန်တောင် မရလိုက်ဘူး။ မနက်ဖြန်လောက်မှသိမှာပေါ့။

မေး။ ။ ဒေါ်စန္ဒာမင်းတို့ ကန့်ကွက်တာကကော ဘာထူးလဲ။ အဲလိုကန့်ကွက်လို့ လွှတ်တော်မှာ ဆုံးဖြတ်ချက်ယူလိုက်တာလား။

ဖြေ။ ။ ဒေါ်စန္ဒာမင်းက ထကန့်ကွက်တော့ လွှတ်တော်ဥက္ကဌက အဲဒါဆိုရင် တခြားကန့်ကွက်မယ့်သူတွေ မတ်တတ်ရပ်ဆိုတော့ မတ်တတ်ရပ်ဖို့ကျတော့ နည်းနည်းဝန်လေးကျတာပေါ့ဗျာ။ အမှန်တော့ လျှို့ဝှက်ဆန္ဒမဲဆိုရင်တော့ မဆိုးဘူးပေါ့ဗျာ။ လျှို့ဝှက်ဆန္ဒမဲဆိုရင် စက်ခလုတ်နဲ့ လုပ်ရမှာ စက်ခလုတ်နဲ့ မလုပ်ဘဲနဲ့ အဓိကကတော့ ဥက္ကဌရဲ့ လမ်းညွန်ချက်ကို ကန့်ကွက်သူရှိရင် မတ်တတ်ရပ်ဆိုတော့ မကောင်းဘူးပေါ့ဗျာ။ ဘယ်သူကထရပ်တော့မှာလည်း ဒီလောက် ပါတီကစောင့်ကြည့်နေတာကို..။

မေး။ ။ ဒီလိုမျိုး လုပ်ဆောင်တာ ဥပဒေနဲ့ညီရဲ့လား။

ဖြေ။ ။ ဥပဒေနဲ့တော့ ညီညွတ်မှုမရှိဘူးပေါ့။ ဒါကတော့ လွှတ်တော်ဥက္ကဌရဲ့ လုပ်ပိုင်ခွင့်ပဲ။ ဒါကတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်များကြားမှာ ဒါတွေက တိတိကျကျပြဌာန်းမထားဘူးဗျ။ ဒီရေးရာကော်မတီတွေ တာဝန်ပေးအပ်တာတွေ ဘာတွေကတော့ ဒါကတော့ လွှတ်တော်ဥက္ကဌရဲ့ လုပ်ပိုင်ခွင့်ပဲလို့ပဲ သဘောထားရမှာပေါ့။

Photo Credit – ဦးကျော်ဇေယျဖေ့ဘုတ်စ်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com