Local News Peace political news

နိုင်ငံတော်အလံပြောင်းလဲခြင်း၊ တပ်ချုပ်အာဏာနှင့် နိုင်ငံရေးတွင် တပ်ပါဝင်မှု လျှော့ချခြင်းများပါဝင်သော ဖွဲ့စည်းပုံ ပြင်ရေး ဥပဒေကြမ်း NLDအမတ်များ တင်သွင်း

နိုင်ငံတော်အလံပြောင်းလဲခြင်း၊ တပ်ချုပ်အာဏာလျှော့ချခြင်းနှင့် နိုင်ငံရေးတွင် တပ်ပါဝင်မှု လျှော့ချခြင်းများပါဝင်သော ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေကြမ်း NLDအမတ်များ တင်သွင်း

ရန်ကုန်၊ ဇန်နဝါရီ ၂၇

ပြည်ထောင်စုလွှတ်တော် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီက အခြေခံဥပဒေမူကြမ်းတစ်ရပ်ကို တင်သွင်းလိုက်ပြီး ယင်းဥပဒေကြမ်းတွင် နိုင်ငံတော်အလံပြောင်းလဲခြင်း၊ တပ်ချုပ်အာဏာလျှော့ချခြင်းနှင့် နိုင်ငံရေးတွင် တပ်မတော်သားပါဝင်မှုကို လျှော့ချခြင်းအချက်များ ပါဝင်သော အခြေခံဥပဒေ မူကြမ်း တစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်သို့ ယနေ့ တင်သွင်းလိုက်သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဦးဆောင်တင်သွင်းသည့် (၂၀၀၈) ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်းတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၁၄)၊ ပုဒ်မခွဲ (၁၀၉) (ခ)၊ (၁၄၁) (ခ)၊ (၁၆၁) (ဃ) များကို ပြင်ဆင်လိုကြောင်း တင်ပြထားပြီး တပ်မတော်၏ လွှတ်တော် အသီးသီးတွင် ပါဝင်သည့် အချိုးအစားကို လက်ရှိ (၂၅) ရာခိုင်နှုန်းမှ အောက်ပါအတိုင်း အဆင့်ဆင့် လျော့ချရန် အဆိုပြုထားကြောင်း၊(၂၀၂၁-၂၀၂၆) ခုနှစ်အတွင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် (၁၅) ရာခိုင်နှုန်း၊(၂၀၂၆-၂၀၃၁) ခုနှစ်အတွင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် (၁၀) ရာခိုင်နှုန်း၊(၂၀၃၁) နောက်ပိုင်း လွှတ်တော်များတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် (၅) ရာခိုင်နှုန်း လျှော့ချရန် ဖော်ပြထားကြောင်း သိရှိရသည်။

“တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင် တပ်ဖွဲ့အားလုံး၏ အကြီးအကဲဖြစ်သည်” လက်နက်ကိုင်အားလုံးသည် တပ်မတော်၏ ကွပ်ကဲမှု အောက်တွင်ရှိသည်” ဟု ပြဌန်းထားသောဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မခွဲ ( ၂၀) (ဂ) နှင့် ပုဒ်မ (၃၃၈) တို့အား ပယ်ဖျက်ကြောင်း ဥပဒေကြမ်းတွင် ဖော်ပြထားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၁၇) အပိုဒ်ခွဲ (ခ) အား ပယ်ဖျက်လိုကြောင်း အဆိုပြုထား၍ အဆိုပြုချက် အောင်မြင်ပါကပြည်ထောင်စု အဆင့်၊ ပြည်နယ် တိုင်းဒေသကြီး အဆင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်များတွင် တာဝန်ထမ်းဆောင်မည့် ကာကွယ်ရေး၊ လုံခြုံရေး၊ နယ်စပ်အုပ်ချုပ်ရေး ဝန်ကြီးများအား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ယခင်လို ခန့်အပ်ခွင့် ရရှိတော့မည် မဟုတ်ပေ(သို့မဟုတ်)အဆိုပါ နေရာများအား မဖြစ်မနေ ခန့်အပ်ခြင်း တာဝန်ပေးခြင်း ပြုတော့မည် မဟုတ်ကြောင်း မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

“နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံ‌ရေးနှင့် ကင်းရှင်းရမည်” ဟု ပြဌန်းထားသော လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မခွဲ ( ၂၆) (က) အား ပယ်ဖျက်လိုကြောင်း အဆိုပြုထားကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မခွဲ (၄၀) (ခ)၊ (၄၀) (ဂ)၊ ပုဒ်မ (၄၁၇)၊ (၄၁၉)၊ (၄၂၀) အပါအဝင် အရေးပေါ် ကာလဆိုင်ရာ ပြဌန်းချက်များကို ပြင်ဆင်လိုကြောင်း တင်ပြထားပြီး နိုင်ငံတော်တွင် အရေးပေါ် အခြေအနေ ကျရောက်ပါက နိုင်ငံတော် သမ္မတက ဦးဆောင်ကာ အရေးပေါ် အခြေအနေကို ကိုင်တွယ် ဖြေရှင်းမည့်သဘောဖြစ်ကြောင်း ဦးအောင်လှိုင်ဝင်းက ဆက်လက်ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး တားဆီးနေသည့် နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်မည့်ပုဂ္ဂိုလ်၏ ဇနီး၊ ခင်ပွန်း၊ သားသမီး၊ သားမက်၊ ချွေးမ တစ်ဦးဦးသည် နိုင်ငံခြားသား မဖြစ်ရဟုဆိုသော ပုဒ်မခွဲ (၅၉) (စ) အား (ပြင်ဆင်ခြင်း မဟုတ်ဘဲ) လုံးဝ ပယ်ဖျက်ရန် အဆိုပြုထားပြီး အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) တွင် ပါဝင်မည့်သူများကို အဖွဲ့ဝင် ၁၂ ဦးဖြင့် ပြင်ဆင်လိုကြောင်း ၊ အခြေခံ ဥပဒေ ပုဒ်မခွဲ (၂၀၁) (ဇ) အရ ကာလုံကောင်စီတွင် ပါဝင်သော ကာကွယ်ရေး ဝန်ကြီးနေရာတွင် ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌအား အစားထိုး ပါဝင်စေခြင်း၊အခြေခံ ဥပဒေ ပုဒ်မခွဲ (၂၀၁) (ဈ) အရ ကာလုံကောင်စီတွင် ပါဝင်သော နိုင်ငံခြားရေး ဝန်ကြီးနေရာတွင် အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌအား အစားထိုး ပါဝင်စေခြင်း အခြေခံ ဥပဒေ ပုဒ်မခွဲ (၂၀၁) (ဋ) အား ပယ်ဖျက်လိုက်ခြင်းဖြင့် နယ်စပ်ရေးရာ ဝန်ကြီးအား ကာလုံကောင်စီတွင် ပါဝင်ခွင့် မပြုတော့ခြင်း တို့ကို ဖော်ပြထားကြောင်း သိရှိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၂၉၄) အား ပြင်ဆင်ရန် ပြဋ္ဌာန်းထားပြီး “ပြည်ထောင်စု တရားလွှတ်တော်ချုပ်” သည် နိုင်ငံတော်အတွင်းရှိ အရပ်ဖက်နှင့် စစ်ဖက် တရားရုံးများ၏ ထိပ်ဆုံးရှိ အမြင့်ဆုံးတရားရုံးဖြစ်လာမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၄၃၆) အပိုဒ်ခွဲ (က) နှင့် (ခ) အား ပြင်ဆင်ရန် ပြဋ္ဌာန်းထားပြီး ယခု လက်ရှိ ဥပ‌ဒေ ပြဌန်းချက်မှာ ဖွဲ့စည်းပုံအား ပြင်ဆင်လိုပါက ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ (၇၅) ရာခိုင်နှုန်းကျော်က ထောက်ခံမှသာ ပြင်ဆင်နိုင်မည် အစားပြင်ဆင်ချက်မှာ “ရွေးကောက်ခံ” ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ သုံးပုံနှစ်ပုံကျော် (၆၆ ရာခိုင်နှုန်းကျော်) က ပြင်ဆင်ရန် သဘောတူပါက ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်နိုင်မည်ဟု ပြင်ဆင်ပြဋ္ဌာန်းထားသည်။

ပုဒ်မခွဲ (၂၀၄) (ခ) ကို ပြင်ဆင်လိုကြောင်း အဆိုပြုထားပြီး ပြင်ဆင်ချက်မှာ နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) ၏ ထောက်ခံချက်မလိုဘဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်ရန် ပြင်ဆင်ထားသည်။

ဖွဲ့စည်းပုံ ပုဒ်မ ( ၂၃၂)အပိုဒ်ခွဲ (ည) အပိုဒ်ခွဲငယ် (၂) ကို ပြင်ဆင်လိုကြောင်း ဖော်ပြထားပြီး ပြင်ဆင်လိုသည်မှာ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနှင့် နယ်စပ်ရေးရာဝန်ကြီး (၃) ယောက်သည် တပ်မတော်သားများ ဖြစ်ပါက တာဝန်ထမ်းဆောင်သည့် နေ့မှစ၍ တပ်မတော်မှ အငြိမ်းစားယူရမည် ဖြစ်ကြောင်း၊ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ ( ၂၃၂)အပိုဒ်ခွဲ (က) အပိုဒ်ခွဲငယ် (၁) အရ ပြည်ထောင်စု ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရန် အသက် (၄၀) နှစ် ပြည့်ပြီးသူ ဖြစ်ရမည် အစား အသက်ကန့်သတ်ချက်ကို လျော့ချပြီး အသက် (၃၅) နှစ် ပြည့်ပြီးသူဟု ပြင်ဆင်ရန် ဖော်ပြထားသည်

နိုင်ငံတော်အလံကို ပြင်ဆင်ပြောင်းလဲမည်ဖြစ်ပြီး ပုဒ်မ (၄၃၇) အပိုဒ်ခွဲ (က) ပါ နိုင်ငံတော်အလံအား လက်ရှိ သုံးရောင်ခြယ် အလယ်တွင် ကြယ်တစ်လုံးနှင့် အလံအား ကြယ်ဖြူ (၁၄) လုံးပါ အနီနှင့် အပြာခံ အလံအဖြစ် ပြောင်းလဲမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

ထို့ပြင် အရေးကြီးသော အချက်တစ်ခုအနေဖြင့် “နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့” နှင့် “နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ” အဖွဲ့ဝင် တစ်ဦးဦးအား လည်းကောင်း၊ အဖွဲ့၏ လုပ်ဆောင်ချက်များအား လည်းကောင်း၊ ၎င်းတို့ တာဝန်ယူစဉ်ကာလအတွင်း လုပ်ဆောင်ချက်များအား တရားစွဲဆိုခြင်း၊ အရေးယူခြင်း မပြုရဟု ကန့်သတ်ထားသော လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၄၄၅) အား လုံးဝ ပယ်ဖျက်ရန် ပြင်ဆင်ရန် ဖော်ပြထားသည်။

အခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေမူကြမ်းတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောဆန္ဒလုံးဝပါဝင်ခြင်းမရှိဘဲ ပြည်သူလူထုကို နားလည်ပါးရိုက်သည့် ပုံစံဖြစ်နေကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းကပြောဆိုသည်။

“ NLD ပြင်ဆင်ချက်တွေပဲ အတည်ပြုထားတဲ့ ဒီနေ့ တင်သွင်းလာတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်းတွေဟာ ကျွန်တော်တို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနဲ့ တပ်မတော် လွှတ်တော်ကိုယ်စားလှယ်များရဲ့ သဘောထား လုံးဝမပါဝင်ကြောင်း လေးလေးနက်နက်တင်ပြရခြင်းဖြစ်ပါတယ်” ဟု ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက သတင်းမီဒီယာများသို့ ပြောဆိုသည်။

မင်္ဂလာဒုံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက “ဒီဘက်က ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၃၅ဝ လက်မှတ်ထိုးပြီးတော့ တင်ထားတာပဲလေ ။ဒါကအများစုပဲ ကျွန်တော်တို့ဘက်က ပြင်မယ့်ဆန္ဒကို တရားဝင်ထုတ်ပြပြီးပြီ။ ပြင်တာမပြင်ဘူးဆိုတာက ကျွန်တော်တို့နဲ့ မဆိုင်တော့ဘူးပေါ့။ တပ်မတော်က ပြင်ဆင်ရေးကိုကိုင်ထားတာဖြစ်တဲ့အတွက် တပ်မတော်နဲ့ပဲ ဆိုင်တယ်။ ကျွန်တော်တို့နဲ့တော့ မဆိုင်ဘူး။ တပ်မတော်ရဲ့ သဘောထားကိုပဲ ပြင်မယ့်ဟာကို သဘောတူလား။ မတူလားဆိုတာ မေးသင့်တယ်တယ်။ ကျွန်တော်တို့ကတော့ တရားဝင်ထုတ်ပြန်ပြီးပြီပဲလေ။ အဖြေကိုသိရဖို့က ချက်ချင်းတော့ မလွယ်သေးဘူး။ ဒီအချိန်တွင်းမှာတော့ မဖြစ်လောက်ဘူး။ နောက်တစ်ကြိမ်လွှတ်တော်ခေါ်တဲ့အချိန်မှာ ဖြစ်မယ်လို့ထင်တယ်။ ကျွန်တော်မှန်းကြည့်တာပါ။ပြဿနာ သိပ်မရှိလောက်တဲ့ အပိုဒ်တွေကို တပ်မတော်ဘက်က လိုက်လျောပြီးတော့ သူတို့ဘက်ကပြင်ချင်တဲ့ ဆန္ဒမျိုးှရှိပါတယ်ဆိုတဲ့ဟာမျိုးပြမယ်လို့ထင်ပါတယ်။ တချို့သိပ်ပြဿနာမရှိနိုင်တဲ့အပိုဒ်တွေပေါ့။ သို့သော် အရင်ပြောထားတဲ့ပုံစံအရဆိုရင် တပ်မတော်မူဘောင်ကိုတော့ ပြင်ဖို့ကတော့ သိပ်မလွယ်ဘူးပေါ့”ဟု သုံးသပ်ပြောဆိုသည်။

ဓာတ်ပုံ- အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းတွင် ဖော်ပြထားသည့် နိုင်ငံတော်အလံအသစ်။

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts