All News Local News

ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွယ်ရှိနေသည့် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ကချင်ဘာသာစကားဖြင့် ရေးသားခွင့်မပြုမှုအပေါ် မြစ်ကြီးနားတွင် ဆန္ဒပြ

ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွယ်ရှိနေသည့် ကချင်ပြည်နယ်နေ့အခမ်းအနားကို ကချင်ဘာသာစကားဖြင့် ရေးသားခွင့်မပြုမှုအပေါ် မြစ်ကြီးနားတွင် ဆန္ဒပြ

ရန်ကုန်၊ ဇန်နဝါရီ ၇

၇၂ကြိမ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားစာသားကို ကချင်ဘာသာစကားဖြင့် ရေးသားခွင့်မပြုဘဲ မြန်မာစာဖြင့်သာ ရေးသားအသုံးပြုရမည်ဟု ကချင်ပြည်နယ်အစိုးရ အတွင်းရေးမှူးဦးထွန်းဇော် ပြောကြားချက် အပေါ် သက်ဆိုင်ရာ ကချင်တိုင်းရင်းသားမျိုးနွယ်စုများက ယနေ့ ဇန်နဝါရီလ ၅ရက်နေ့တွင် ကချင်ပြည်နယ် မနောင်ကွင်းတွင် ဆန္ဒပြကြကြောင်း သိရှိရသည်။

ကချင်ပြည်နယ်အစိုးရအတွင်းရေးမှူးဦးထွန်းဇော်က ဒီဇင်ဘာလ ၂၃ရက်နေ့တွင် ကချင်ပြည်နယ်နေ့ အခမ်းအနားစာသားကို မြန်မာစာဖြင့်သာရေးသားမည်ဟု ပြောဆိုခဲ့ကာ နှောင့်ယှက်တားဆီးကန့်ကွက်သူများကို ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ခြင်းအပေါ် ကျေနပ်မှုမရှိသောကြောင့်ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သောဦးစောမ်နော်ကပြောဆိုသည်။

“ကျွန်တော်တို့ ကချင်အမျိုးသားတွေရဲ့ စာပေမသုံးရဆိုပြီးတော့ ဒီဇင်ဘာ ၂၃ရက်နေ့က ကချင်ပြည်နယ်အစိုးရအတွင်းရေးမှူးကနေပြီးတော့ ကချင်ရိုးရာမနောင်ကွင်း မနောင်အိမ်တော်ထဲမှာပေါ့နော်။ ကချင်စာဖြင့်မရေးရ မြန်မာဘာသာနဲ့သာ သုံးစွဲရပါမယ်။ ၇၂ကြိမ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားကို ကချင်စာဖြင့်မရေးဘဲ မြန်မာဘာသာဖြင့်သာရေးသွားမယ်လို့ အကြောင်းကြားထားပါတယ်။ နောက်ပြီးတော့ အဲဒီဟာနဲ့ ပတ်သက်ပြီး နှောင့်ယှက်တားဆီးကန့်ကွက်ရင် ထိရောက်စွာအရေးယူဆောင်ရွက်သွားမယ်လို့ အဲလိုမျိုးပြောသွားတာပေါ့။ ဒီအပေါ်မှာ ကချင်လူထုတွေအနေနဲ့ ခြိမ်းခြောက်မှုဆိုတဲ့သဘောလား။ ကချင်ရိုးရာနဲ့ ပတ်သက်တဲ့ ပျော်ပွဲရွှင်ပွဲ ပွဲလမ်းသဘင်တွေလုပ်မယ်ဆိုရင် ကျွန်တော်တို့သက်ဆိုင်တဲ့ ရိုးရာအချင်းချင်းတွေက ပြေလည်စွာ ညှိနှိုင်းပြီးမှသာ ဆောင်ရွက်ရမယ့် ကိစ္စဖြစ်တယ်။ ကချင်ပြည်နယ်အစိုးရအတွင်းရေးမှူးက ဒီလိုမျိုး အမိန့်လာချသွားတဲ့အပေါ်မှလည်းပဲ နောက်ဒီဟာကိုထပ်ပြီးတော့ မရမကပြန်လုပ်မယ်ဆိုတာကိုလည်းပဲ ကချင်လူထုတွေက မကျေမနပ်ဖြစ်နေလို့ ဒီလိုမျိုး လူထုအုံကြွမှုဖြစ်လာတာပေါ့” ဟု ၎င်းကပြောဆိုသည်။

ထိုဆန္ဒဖော်ထုတ်ပွဲကို ကချင်ပြည်နယ် မနောကွင်းရှေ့တွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာ ကချင်တိုင်းရင်းသားမျိုးနွယ်စုများ အပါအဝင် လူအင်အား ၂ဝဝကျော်က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ယင်းကချင်ပြည်နယ်နေ့ အခမ်းအနားကို ဇန်နဝါရီလ ၁ဝရက်နေ့တွင် မနောကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အခမ်းအနားကိုနိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်မည်ဟု သတင်းများထွက်ပေါ်လျက်သည်။

၂၀၁၉ ခုနှစ်တွင် ကျင်းပခဲ့သော ကချင်ပြည်နယ်နေ့ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခဲ့သည်။

Kachin Youth Movement ၏ ထုတ်ပြန်ချက်တွင်မူ ဇန်နဝါရီလ ၉ရက်နေ့တွင် မြစ်ကြီးနားသို့ ရောက်ရှိလာမည့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဗမာတိုင်းရင်းသူ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်မနောင်ကွင်းအတွင်းတွင် မနောင်ကရရုံဖြင့် နိုင်ငံရေးအကျိုးအမြတ် အထွေအထူးရရှိလာမည်မဟုတ်သော်လည်း ဆိုးကျိုးသည်ကား အလွန်ပင်များလာမည်မှာ မြေကြီးပုတ်ခတ်မလွဲကြောင်း၊ အာဏာဖြင့် ဝင်ရောက်စွက်ဖက်မှုသည်၂၀၁၅ တွင် ကချင်ပြည်သူများ၏ ထောက်ခံမှုဖြင့် အစိုးရဖြစ်လာသောသူများအဖို့ ၂၀၂၀ တွင် လုံးဝစိုးရိမ်စရာဖြစ်လာနိုင်ကြောင်း၊ ကချင်လူမျိုးတို့၏ သမိုင်းတွင်လည်း ‘လူပေါင်းမှားခဲ့ပြီ ‘ ဟူသော အတွေးများဝင်ရောက်လာနိုင်သည်မို့ အစိုးရအဖွဲ့ဝင်များအနေဖြင့် ပြသနာပေါင်းများစွာဖြစ်လာနိုင်သည်ကို သိသိနှင့် မလုပ်ဆောင်ကြရန် အရေးကြီးလှသည်မို့ ဆင်ဆင်ခြင်ခြင် လုပ်ဆောင်ကြရန် အသိပေးအပ်ကြောင်း၊လူငယ်များသည်လည်း အကြောင်းအရာ အဖြစ်အပျက်များအားလုံးကို လေ့လာစောင့်ကြည့်နေကြောင်းနှင့် လိုအပ်ပါက လိုအပ်သလို လှုပ်ရှားမှုများကို ဖော်ဆောင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts