All News interview

“ထားဝယ်စီးပွားရေးဇုန် ကနဦးစက်မှုဇုန်စီမံကိန်း ယခုနှစ်အတွင်း စတင်နိုင်ရန် အီတာလျံ-ထိုင်းကုမ္ပဏီကို မြန်မာအစိုးရ အစွမ်းကုန်လိုက်လျောထား”

“ထားဝယ်စီးပွားရေးဇုန် ကနဦးစက်မှုဇုန်စီမံကိန်း ယခုနှစ်အတွင်း စတင်နိုင်ရန် အီတာလျံ-ထိုင်းကုမ္ပဏီကို မြန်မာအစိုးရ အစွမ်းကုန်လိုက်လျောထား”

By အောင်သက်ဝိုင်း/ရန်ကုန်ခေတ်သစ်

ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၊ ရုံးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေလင်းနှင့်ဆက်သွယ်မေးမြန်းချက်

နှစ်အတော်ကြာ ရပ်ဆိုင်းလျက်ရှိသော ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို ပြန်လည်စတင်နိုင်ရန် NLD အစိုးရက ကနဦး ခြေလှမ်းအဖြစ် အီတာလျံထိုင်းနှင့် မြေငှားစာချုပ်ကို ပြင်ဆင်ချုပ်ဆိုရန် ပြင်ဆင်နေပြီး ယခုနှစ်အတွင်း စီမံကိန်း စတင်နိုင်ရန် ကြိုးပမ်းနေသည်။ ရန်ကုန်ခေတ်သစ်က ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၊ ရုံးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေလင်းနှင့်ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီက ဇန်နဝါရီလ ၉ ရက်နေ့က စီမံကိန်း စတော့မယ်လို့ ကြေညာချက်ထုတ်တဲ့အပေါ် ရှင်းပြပေးပါ။

ဖြေ။ ။ ထားဝယ်အထူးစီးပွားရေးဇုန်မှာ နှစ်ပိုင်းရှိတယ်။ တစ်ပိုင်းကတော့ ကနဦးစီမံကိန်းရယ်၊ နောက်တစ်ပိုင်းကတော့ ပင်မ စီမံကိန်းရယ်။ မြေဧရိယာအနေနဲ့ ကြည့်မယ်ဆိုရင် ကနဦးစီမံကိန်းက ၂၇ စတုန်းရန်းကီလိုမီတာ၊ ပင်မစီမံကိန်းက ၁၉၇ စတုရန်း ကီလိုမီတာပါ။ ကနဦးစီမံကိန်း ကို ၂၀၁၅ မှာ အီတာလျံ-ထိုင်းနဲ့ ချုပ်တယ်။ ၂၇ စတုရန်း ကီလိုမီတာအတွက် ။ ပင်မစီမံကိန်းကတော သက်သက်သီးခြားရှိတာပေါ့။ ကနဦးစီမံကိန်းရဲ့ Developer က အီတာလျံ-ထိုင်းပါပဲ။ အဲဒီမှာ စီမံကိန်း ၉ ခု၊ စာချုပ် ၈ ခု အီတာလျံထိုင်းနဲ့ ကျနော်တို့ Concession Agreement ချုပ်ခဲ့ပါတယ်။

၂၀၁၅ သြဂုတ်မှာ စာချုပ် ၇ ခုနဲ့ ၂၀၁၆ မတ်လ ၂၉ ရက်နေ့မှာ စာချုပ် ၁ ခု စုစုပေါင်း ၈ ခုချုပ်ခဲ့ပါတယ်။ အဲဒီစာချုပ်တွေရဲ့ စီမံကိန်းတွေကို မြေပြင်မှာ အကောင်အထည်ဖော်ဖို့အတွက် နှစ်ဦးနှစ်ဖက် ဖြည့်ဆည်းရမယ့် အချက်တွေပါတယ်။ မြန်မာဘက်ကလည်း ကျနော်တို့တာဝန်ယူပြီးတဲ့ နောက်ပိုင်းမှာ တောက်လျှောက် ဖြည့်ဆည်းတယ်။ နောက်ဆုံးကျန်နေတဲ့ အချက်က ဘာလဲဆိုတော့ မြေငှားစာချုပ်အတည်ပြုဖို့။ မြေငှားစာချုပ်အတည်ပြုဖို့အတွက် အဓိက ကနဦးစက်မှုဇုန်စီမံကိန်း ၂၇ စတုရန်းကီလိုမီတာအတွက် Template ပေါ့။ အခု အဲဒါလုပ်နေတယ်။ အီတာလျံထိုင်းနဲ့ မြေငှားစာချုပ်ကို အကြိမ်ကြိမ်ဆွေးနွေးတယ်။ ၂ နှစ်လောက်ကြာတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ် ၁၄ ရက်နေ့မှာ သူတင်ပြတဲ့ပုံနဲ့ ကျနော်တို့လက်ခံနိုင်တဲ့ပုံကို နှစ်ခုကို ညှိပြီးတော့ နောက်ဆုံးညှိနှိုင်းထားတဲ့ Form ဆိုပြီး သူ့ကို သဘောတူညီချက်ကို ပို့ပါတယ်။ ဒါပေမယ့် ကျနော်တို့ အချိန်သတ်မှတ်ချက်ထည့်ပေးလိုက်တယ်။ ရက်ပေါင်း ၆၀ အချိန်သတ်မှတ်ပေးလိုက်တယ်။ ရက်ပေါင်း ၆၀ အတွင်းမှာ အချိန်ကာလသတ်မှတ်ပြီးတော့ ပေးရမယ့် နှစ်စဉ်ကြေးတွေလည်း ပေးပါဆိုပြီး အီတာလျံထိုင်းကို အကြောင်းကြားလိုက်တယ်။

အဲဒီမှာ နှစ်စဉ်ကြေး ၄ ပုံ ၁ ပုံလောက်တော့ ပေးတယ်။ ကျန်တဲ့ဟာတွေတော့ မပေးဘူး ပေါ့။ အကြောင်းပြချက်က ဒီဟာလည်း သူတို့ လုပ်လို့မရသေးဘူးပေါ့။ အချို့အချက်လေးတွေ ဖြေလျှော့ပေးပါဆိုပြီး ထပ်ပြီးတော့ တင်ပြတယ်။ တင်ပြတော့ ကော်မတီနဲ့ အထက်အဆင့်ဆင့်တွေ တင်ပြပြီးတော့ တိုင်ပင်ဆောင်ရွက်ကြတယ်ပေါ့။ အဲဒါနဲ့ နောက်ဆုံး မြန်မာနိုင်ငံရဲ့ ကိုယ်ကျိုးစီးပွားကိုလည်း မထိခိုက်ဘူး၊ စီမံကိန်းလုပ်ငန်းကို မထိခိုက်တဲ့ Win Win Situation ဖြစ်အောင်လို့ မြေငှားစာချုပ်ကို နောက်ဆုံး ဖြေလျှော့တယ်ပေါ့။ ဖြေေလျှော့ပြီးတော့ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၇ မှာ အီတာလျံထိုင်းကို ပို့လိုက်တယ်။

ဒါကတော့ ကျနော်တို့ရဲ့ Notice of Determination Agreement တစ်ခုနဲ့ ပို့လိုက်တာပေါ့။ ဒါ ကျနော်တို့ မြန်မာဘက်က နောက်ဆုံး Form ပဲ ပို့လိုက်ပြီ။ ဒါလည်း သူတို့ကို အများကြီးလိုက်လျောထားတယ်။ နောက်ဆုံး ရက်ပေါင်း ၁၂၀ ထပ်ပြီး ပေးထားတယ်။ အဲဒီ ရက်ပေါင်း ၁၂၀ က မတ်လ ၂၇ ရက်နေ့မှာ ပြည့်မှာ။ အဲဒီမတိုင်ခင်မှာ ကျနော်တို့ မြေငှားစာချုပ်ကို သဘောတူညီလက်မှတ်ထိုးရမယ်။ အရင် ရှင်းလင်းစရာရှိတာတွေ ရှင်းရမယ်။ အကြွေးတွေ ပေးရမယ်။ အဲဒါတွေ အားလုံးရှင်းလင်းပေးပြီး မြေငှားစာချုပ်ကို သဘောတူညီလက်ခံပြီဆိုတာနဲ့ ကျနော်တို့က သူ့ကို Notice to proceed ထုတ်ပေးပြီး စီမံကိန်းစပါဆိုပြီးတော့ လုပ်မှာပါ။

မေး။ ။ ဒါဆို ဒီဘက်က လိုက်လျောနိုင်သမျှ လိုက်လျောပြီး စီမံကိန်း စဖို့ လမ်းဖွင့်ပေးတာပေါ့။

ဖြေ။ ။ အဲဒီလိုတော့မဟုတ်ဘူးဆရာ။ မြေငှားစာချုပ်ကို စညှိတာ ၂ နှစ်ကျော်ကြာတယ်။ သဘောတူညီမှု အများစုကို ရခဲ့ပြီးသားပေါ့။ ပြောရရင်တော့ စီမံကိန်းက ဒေသခံတွေကလည်း တအားလုပ်ချင်နေကြပြီ။ သူကလည်း ဒီမြေငှားစာချုပ်ကို ၂၀၁၆ အောက်တိုဘာမှာ စာချုပ်ပုံစံ ပို့တယ်။ ကျနော်တို့ဘက်ကစ ပို့တာ။ အဲဒီမှာ သူက ဟိုဟာလျှော့ပေးပါ။ ဒီဟာလျှော့ပေးပါနဲ့ ။ ကျနော်တို့ကလည်း နိုင်ငံတော်က ချမှတ်ထားတဲ့ မူနဲ့ ဥပဒေ၊ နည်းဥပဒေတွေနဲ့ ကိုက်၊ မကိုက်ကြည့်တယ်။ အကျိုးစီးပွားတွေ ထိခိုက်နိုင်လား ကြည့်တယ်။ တောက်လျှောက် အစည်းအဝေး ပေါင်းများစွာ ဆွေးနွေးခဲ့တယ်။ နောက်ဆုံးမှာ ကျနော်တို့ ၂၀၁၉ သြဂုတ်မှာ သူနဲ့ ဆွေးနွေးပြီးတော့ ရပြီ၊ သူ့ကိုလည်း အသိပေးတယ်။ သြဂုတ်မှာ နောက်ဆုံး ဆွေးနွေးမယ်။ အဲဒီမတိုင်ခင်မှာ တောင်းဆိုစရာရှိတာတွေကို တောင်းဆို။ ကျနော်တို့ရဲ့ Principle က ဘာလဲဆိုတာ ချပြပြီးသား ။ နောက်ဆုံး မြေငှားစာချုပ်ပို့လိုက်တယ်။

အဲဒီပို့တဲ့အချိန်အထိ Final ။ ဒါပေမယ့် သူ့ကို ထပ်ပြီးတော့ လျှော့ပေးတယ်။ သူမလုပ်နိုင်ဘူးဆိုတဲ့ ပုံစံဖြစ်နေမှာစိုးလို့။ ကျနော်တို့ဘက်က အကောင်းဆုံးလိုက်လျောတယ်။ နိုင်ငံရဲ့ အကျိုးစီးပွားကိုတော့ မထိခိုက်ဘူးပေါ့။ လိုက်လျောပြီးတော့ ၂၀၁၉ နိုဝင်ဘာ ၂၇ မှာ နောက်ဆုံး Final Form ပို့လိုက်တယ် ။ ပို့လိုက်တဲ့အထဲမှာ အကြောင်းအရင်းတစ်ခု ထည့်ထားတယ်။ ဒီစီမံကိန်းက နိုင်ငံရဲ့ အကျိုးစီးပွား၊ ပြည်သူလူထုရဲ့ အကျိုးစီးပွားပဲဖြစ်တဲ့အတွက်ကြောင့် အချို့သော အချက်တွေကို ပြင်ဆင်တယ်ဆိုတာကို ထည့်ပေးလိုက်တယ်။

မေး။ ။ ကနဦး စက်မှုဇုန်စီမံကိန်း ၂၇ စတုရန်းကီလိုမီတာအတွက် ပထမခြေလှမ်းဆိုတော့ ပင်မစီမံကိန်းအတွက်ကရော ဘယ်သူတွေ ရင်းနှီးမြှုပ်နှံဖို့ရှိလဲ။

ဖြေ။ ။ ကျနော်တို့က ကနဦးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့အချိန်မှာ အခြားသော စီမံကိန်းတွေကို ဆောင်ရွက်နိုင်ဖို့ ဆောင်ရွက်လျက်ရှိတယ်။ ပင်မစီမံကိန်းနယ်မြေထဲမှာ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်လိုတဲ့သူတွေကို ကျနော်တို့ လက်ခံပြီး တွေ့နေပြီ။ တော်တော်များများကို လက်ခံပြီး တွေ့နေပြီ။ မြေပြင်မှာ ကွင်းဆင်း လေ့လာနေတဲ့သူတွေလည်းရှိနေပြီ။ စိတ်ဝင်စားတဲ့ နိုင်ငံတော်တော်များများ ရှိပါတယ်။ စင်ကာပူ၊ ထိုင်း၊ တရုတ် တော်တော်များများလည်း မြေပြင်မှာ လာပြီးလေ့လာပါတယ်။ ဥရောပနိုင်ငံတွေရောပေါ့။

မေး။ ။ အဲဒီမှာ မေးစရာရှိတာက မြေသိမ်းထားတဲ့ကိစ္စတွေပါ။ လျှော်ကြေးပေးဖို့။ ဒေသခံတွေအတွက် ဘယ်လို ဆောင်ရွက်ပေးမလဲဆိုတာတွေကရော။

ဖြေ။ ။ ကျနော်တို့က ပြောရရင် ဒီမြေသိမ်းတဲ့ကိစ္စ တွေ ဘာတွေနဲ့ပတ်သက်လို့ ဘာမှ မလုပ်ထားသေးဘူး။ ဟိုးအရင်ကတည်းက အတိုင်းပဲ။ ဒီအတိုင်းထားထားတယ်။ လက်ရှိ အစိုးရမတိုင်ခင်မှာ သူ့နည်းသူ့ဟန်နဲ့ လျှော်ထားတာတွေရှိတယ်။ ကျနော်တို့က လုံး၀ မထိဘူး။ စီမံကိန်းစပြီဆိုတာနဲ့ EMP တွေ နောက်တစ်ခါ Consultant ခေါ်ရမယ်။ Consultant စာချုပ်ချုပ်ထားပြီးသားရှိတယ်။ ERM ပေါ့ ။ အဲဒါနဲ့အတူ World Bank ရဲ့ Guide Line အတိုင်း လိုက်နာပြီး ဆောင်ရွက်ရမယ်ဆိုတာ Concession Agreement ထဲမှာ ပါပြီးသား။ အဲဒါကို ထပ်ပြီး လိုက်နာရမယ်ဆိုတာ ဒေသခံတွေ စိတ်မပူဖို့ ဒီဟာကို Highlight လုပ်တာပါ။

မေး။ ။ စီမံကိန်းက ဘယ်တော့လောက် စနို်င်မလဲ။

ဖြေ။ ။ တကယ်လို့ မြေငှားစာချုပ်ကို လက်ခံမယ်ဆိုရင် လက်ခံမယ်လို့လည်း ယုံကြည်တယ်။ ဒီစီမံကိန်းက Notice to proceed ထုတ်တာနဲ့ ရက်ပေါင်း ၉၀ အတွင်းမှာ Conversation plan လုပ်တာနဲ့ဆိုရင် ကျနော်ထင်တယ် နောက်ထပ် ၆ လအတွင်းမှာ စနိုင်မယ်လို့ ယူဆတယ်။

မေး။ ။ အီတာလျံထိုင်းက လက်မခံတာမျိုးရော ရှိနိုင်လား။

ဖြေ။ ။ ခုနက ကျနော်ပြောသလို မြန်မာဘက်က အီတာလျံထိုင်းကို အစွမ်းကုန် လိုက်လျှောပေးထားတာ။ လက်မခံဘူးဆိုရင်တော့ ကျနေ်ာတို့ကတော့ စီမံကိန်းအောင်မြင်ရေးအတွက် အခြားသော နည်း နဲ့ ညှိနှိုင်းရမှာပေါ့။

မေး။ ။ ထိုင်းအစိုးရက ကားလမ်းဖောက်ပေးဖို့ ချေးငွေထုတ်ပေးဖို့ရှိတဲ့ကိစ္စကရော..။

ဖြေ။ ။ ဒီမှာလာလုပ်မယ့် ဆောက်လုပ်ရေးတွေ၊ Developer တွေအတွက် ဒီဟာက Green Zone ကြီးဖြစ်နေတော့ ဘယ်Infrastructure ရရ သူတို့အတွက်က အကျိုးရှိတာပဲ။ တကယ်တော့ ကျနော်တို့ Concession Agreement ၈ ထဲမှာ Two lane road and Initial industrial estate ဆိုတာ တစ်ခုအပါအဝင်ပဲ။ အဲဒီစာချုပ်ထဲမှာပဲ Clause တစ်ခုရှိခဲ့တယ်။ အရင်ကတည်းက ထိုင်းအစိုးရနဲ့လည်း သဘောတူထားတယ်။ Public Financing များရှိခဲ့တယ်ဆိုရင် အဲဒါနဲ့သွားဖို့။ မြန်မာအစိုးရကနေ တာဝန်ယူပြီးတော့ ဆောင်ရွက်ပေးဖို့ဆိုတာရှိပါတယ်။ ထိုင်းအစိုးရက ချေးငွေပေးဖို့ ကမ်းလှမ်းထားတာက အသက်ဝင်ဆဲရှိတယ်။ တည်ဆောက်လိုတဲ့ ဆန္ဒရှိရင် ဆက်ပြီး ကမ်းလှမ်းပါဆိုတော့ နောက်ဆုံးပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ ထိုင်းနိုင်ငံက ငှားရမ်းထားတဲ့ နီဒါ Consultant ကနေ Technical Report တစ်ခုကို အပြီးသတ်တင်ပြီးသွားပြီ။ Report တင်ပြီး ပမာဏာတွေစေစ်ပြီးသွားတာနဲ့ တပြိုင်နက်တည်းက Loan Agreement ကို သွားတော့မှာပေါ့။ နှစ်လယ်လောက်ဆိုရင်တော့ ရုပ်လုံးပေါ်မှာပါ။

မေး။ ။ ကနေဦး စီမံကိန်း ၈ ခုက ဘာတွေလဲ။

ဖြေ။ ။ ကနဦးအနေနဲ့ စီမံကိန်း ၉ ခု၊ စာချုပ်အနေနဲ့ ၈ ခုရှိပါတယ်။ Two lane road and initial industrial estate, နောက်တစ်ခါ Temporary power plant, Boil-Off Gas (BOG) and temporary power plant , Initial phase power plant, Telecommunication landline , small water reservoir, initial phase township, LNG Terminal အဲဒါ က စီမံကိန်း ၉ ခု ၊ စာချုပ် ၈ ခုပါ။

မေး။ ။ ပင်မစီမံကိန်းကို စိတ်ဝင်စားနေတဲ့ အထဲမှာ ဂျပန်ရောပါလား။

ဖြေ။ ။ ပင်မစီမံကိန်းကို အကောင်အထည်ဖော်ဖို့ လေ့လာဖို့ MoU ထိုးထားတဲ့အထဲမှာ မြန်မာ၊ ဂျပန်၊ ထိုင်း ၃ နိုင်ငံတော့ရှိပါတယ်။ ဂျပန်လည်းပါတယ်။ အကြံဉာဏ်ပေးဖို့ ထားဝယ်SEZ Development ကုမ္ပဏီဆိုပြီး ဖွဲ့ထားတဲ့ ကုမ္ပဏီတစ်ခုလည်းရှိတယ်။ အဲဒီကုမ္ပဏီမှာ ထိုင်းနိုင်ငံက နီဒါ၊ မြန်မာက SERD ၊ ဂျပန်က ဂျေပစ်ပေါ့။ အဲဒီမှာ တစ်နိုင်ငံလျှင် ၃ ဦးဆီ ဖွဲ့ထားတဲ့ BOD လည်း အဲဒီ Mechanism မှာ ပါဝင်ပါတယ်။ ဂျပန်က လတ်တလော စိတ်ဝင်စားမှုရှိတယ်။ ဒါကြောင့်မို့လို့ ရှေ့မှာလာပြီး လေ့လာတယ်။ JICA ကလည်း လေ့လာတယ်။

Photo Credit – earthrights international

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts