All News Election Local News

တိုင်းပြည်နှင့်တပ်မတော်ကို အင်အားချိနဲ့စေရန် ကြိုးပမ်းနေသဖြင့် ဘာသာ၊ သာသနာနှင့် တပ်မတော် ကာကွယ်သူများကို မဲပေးရန် ဦးသိန်းစိန် ပြောဆို

တိုင်းပြည်နှင့်တပ်မတော်ကို အင်အားချိနဲ့စေရန် ကြိုးပမ်းနေသဖြင့် ဘာသာ၊ သာသနာနှင့် တပ်မတော်ကို ကာကွယ်သူများကို ရွေးချယ်မဲပေးရန် ဦးသိန်းစိန် ပြောဆို

ရန်ကုန်၊ ဇန်နဝါရီ ၅

သမ္မတဟောင်း ဦးသိန်းစိန်က တပ်မတော်ကို အင်အားချိနဲ့စေရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းနေမှုများ၊ လူမျိုးဘာသာကို ဝါးမြိုရန် ကြိုးပမ်းနေမှုများ ရှိနေသဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဘာသာ၊ သာသနာနှင့် တပ်မတော်ကို ကာကွယ်စောင့်ရှောက်လိုသူများကို မဲပေး ရွေးချယ်ကြရန်တိုက်တွန်းပြောဆိုလိုက်သည်။

ယနေ့ နေပြည်တော်တွင် ကျင်းပသော သမ္မတဟောင်း ဦးသိန်းစိန်ကို ကန်တော့ပွဲ အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

“ကိုလိုနီ လက်သစ်ဝါဒကြောင့် ကျနော်တို့ နိုင်ငံဟာ ဒီမိုကရေစီအရေး လူ့အခွင့်အရေး တွေကို အကြောင်းပြပြီးတော့ တိုင်းတစ်ပါးသားတွေရဲ့ ဝါးမြိုမှုကို ခံရဖို့အတွက် ပြောရမယ်ဆိုရင် သားရဲတွင်းရဲ့ နှုတ်ခမ်းဝကို မသိမသာနဲ့ ကျနော်တို့ ရောက်ရှိနေကြပြီဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ပိုင်နက် နယ်မြေကို ဖဲ့ပြီးတော့ ယူဖို့ ကျနော်တို့ လူမျိုး ကျနော်တို့ အများစု ကိုးကွယ်တဲ့ ဘာသာ လူမျိုးဘာသာကို ဝါးမြိုဖို့ နောက်တစ်ခါ တိုင်းပြည်ကို ကာကွယ်ပေးနေတဲ့ တပ်မတော်ကို အင်အားချိနဲ့အောင် လုပ်ဆောင်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားဆောင်ရွက်နေတာ အားလုံးလည်း အသိပဲဖြစ်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် ဘာသာသနာနှင့် တပ်မတော်ကို ကာကွယ်စောင့်ရှောက်သူများကို ရွေးချယ်ကြရန်လည်း ၎င်းက တိုက်တွန်းပြောဆိုသည်။

“ကျနော်တို့ ရွေးချယ်ပေးလိုက်တဲ့သူတွေဟာ ကိုယ်ကျင့်တရားကောင်းဖို့ လိုတယ်။ ထိုက်သင့်တဲ့ ပညာအရည်အချင်းရှိဖို့လိုတယ်။ ကိုယ့်တိုင်းပြည်အကျိုး ကိုယ့်နိုင်ငံရဲ့ အကျိုး ကိုယ့်ဒေသရဲ့ အကျိုးကို အမှန်တကယ် သယ်ပိုးဆောင်ရွက်တဲ့သူဖြစ်ဖို့လိုပါတယ်။ ဒီအရည်အချင်းတွေအပြင်ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ကိုယ်အများစု ကိုးကွယ်တဲ့ ဘာသာ သာသနာနဲ့ တပ်မတော်ကိုလည်း စောင့်ရှောက်လိုစိတ်ရှိတဲ့သူတွေလည်းဖြစ်ဖို့လိုပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ် ဧပြီလမှ ၂၀၁၆ ခုနှစ် မတ်လကုန်အထိ အစိုးရ ခေါင်းဆောင် သမ္မတအဖြစ် ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု၍ ရွေးချယ်ခံကာ တာဝန်ထမ်းဆောင်ခဲ့သည်။

Photo Credit – USDP

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts